“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, September 18, 2010

အမေရိကန်နှင့် ပြည်ပတွင် အရှုံးနှင့် ရင်ဆိုင်နေရသော စစ်အစိုးရ၀ါဒဖြန့်သရုပ်ဆောင်ပါဝင်သည့် ဖျော်ဖြေပွဲများ

မိုးမခအထောက်တော် ၀၀၂
စက်တင်ဘာ ၁၈၊ ၂၀၁၀

သြဂုတ်လဆန်းကတည်းက အမေရိကန်ပြည်တနှံ့ လှည့်လည်ဖျော်ဖြေခဲ့တဲ့ မြန်မာပြည်က အဆိုတော်၊ သရုပ်ဆောင်နဲ့ ဂီတသမားတွေရဲ့ စတိတ်ရှိုးပွဲတွေ အတော်များများ ကန့်ကွက် ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်နေခဲ့ရပါတယ်။ စစ်အစိုးရရဲ့ လုပ်ကြံဝါဒဖြန့်ကားဖြစ်တဲ့ “အရုဏ်ဦးမှာဖူးသည့်ကြာ” ဇာတ်ကားမှာပါဝင်တဲ့ သရုပ်ဆောင်တဦး အဲသည် စတိတ်ရှိုးအစီအစဉ်ထဲမှာ လိုက်ပါလာတဲ့အတွက် ပြည်ပရောက် မြန်မာတွေက သူနဲ့ အပေါင်းအပါတွေကို စစ်အစိုးရအလိုတော်ရိတွေ၊ လက်ပါးစေတွေအဖြစ် ကန့်ကွက် ရှုတ်ချ ဆန္ဒပြကြတာ ဖြစ်ပါတယ်။

ယမန်နေ့က အမေရိကန်အခြေစိုက် ဘားမားတူဒေးမီဒီယာရဲ့ သတင်းထဲမှာ စတိတ်ရှိုးပွဲထဲက ဧည့်သည်အဆိုတော်တဦး (ရေဗက္ကာဝင်း) စက်တင်ဘာ ၁၄ မှာ မြန်မာပြည်ကို ကောက်ခါငင်ကာ ပြန်သွားပြီလို့ ရေးသားထားပါတယ်။ စစ်အစိုးရရဲ့ ၀ါဒဖြန့်သရုပ်ဆောင်အမျိုးသမီး (၀ိုင်းစုခိုင်သိန်း) ကတော့ ခုချိန်ထိ ဆက်လက်ဖျော်ဖြေဖို့ စိတ်မလျော့သေးတဲ့အပြင် ပွဲစီစဉ်သူတွေကလည်း ပွဲတွေ မဖြစ်ဖြစ်အောင် လိုက်လံစီစဉ်နေတယ်လို့ ကြားသိနေရပါတယ်။

ဘားမားတူဒေးသတင်းမှာ ရေးသားထားတာက ပထမဦးဆုံး နယူးယောက်မှာ ပြုလုပ်တဲ့ ပွဲကလွဲရင် ကျန်တဲ့ ပွဲတွေ မှန်သမျှ အရှုံးနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများရဲ့ ဆန့်ကျင် ကန့်ကွက်မှုတွေနဲ့ ရင်ဆိုင်နေရတာကြောင့် အချို့ပွဲတွေဖြစ်တဲ့ ဖို့ဝိန်းပွဲ၊ ယူတီကာပွဲနဲ့ အိုရီဂွန်ပွဲတို့တွေ ဖျက်သိမ်းခဲ့ရပါတယ်။ နယူးယောက်က ပွဲကိုတော့ အဲသည်ဒေသခံတွေကြား သိကျွမ်းသူအချို့က ပွဲသွင်းခဲ့ကြတာကြောင့်ရယ်၊ ဖျော်ဖြေရေး ခရီးစဉ် စစချင်း ဖြစ်နေတာကြောင့်ရယ်ကြောင့် ဆန္ဒြုပပွဲနဲ့ မကြုံရတာလို့ တချို့ က ထင်မြင်ချက်ပေးပါတယ်။ နောက်တပွဲလာမယ်ဆိုရင်တော့ ဆန္ဒပြပွဲနဲ့ ကြုံကြရလိမ့်မယ်လို့ မိတ်ဆွေတဦးက မှတ်ချက်ပေးပါတယ်။

လာမယ့် စက်တင်ဘာ ၁၉၊ ၈၈ အရေးအခင်းမှာ အာဇာနည်ကျောင်းသူ မ၀င်းမော်ဦး ကျဆုံးတဲ့ နှစ်ပတ်လည်နေ့မှာလည်း ကော်လိုရာ ဒိုပြည်နယ်၊ အော်ရိုရာမှာ အဆိုပါ စတိတ်ရှိုး ကျင်းပဖို့ ရှိပါတယ်။ အော်ရိုရာမှာ မြန်မာပြည်နယ်စပ်က နိုင်ငံရေးလှုပ်ရှားသူတွေ၊ နိုင်ငံရေးဒုက္ခသည်တွေ၊ မိသားစုတွေ အများစု နေထိုင်ကြတာဖြစ်ပြီး ယခင်က မြန်မာ့ဒီမိုကရေစီရေး တက်ကြွခဲ့သူတွေလို့ဆိုသူများက အဆိုပါ စတိတ်ရှိုးကို သွင်းတာ ဖြစ်ပါတယ်။

“ဒီလောက် လူပြောသူပြောများပြီး၊ အပြောအဆိုခံနေရာတဲ့ စတိတ်ရှိုးကို သွားလည်း မသွားဘူး။ ဆန္ဒလည်း မပြဘူး ...” လို့ မိုးမခက ဆက်သွယ်မေးမြန်းတဲ့ မိတ်ဆွေတဦးက ပြန်ပြောပါတယ်။ သဘောကတော့ ကော်လိုရာဒို၊ အော်ရိုရာက စတိတ်ရှိုးကို ကန့်ကွက် ဆန္ဒပြသူ မရှိဘဲ ကျင်းပဖြစ်မယ် ဆိုတဲ့ သဘောဖြစ်ပါတယ်။

“ဒီ အဖြစ်အပျက်တွေက ဘာကို ပြသတာလဲ ဆိုတော့ - စစ်အစိုးရဲ့ လုပ်ကြံဖန်တီးထားတဲ့ ၂၀၁၀ ရွေးကောက်ပွဲတွေ ဘာတွေ ပြောမ နေနဲ့ဦး၊ စစ်အစိုးရဲ့ လုပ်ကြံဖန်တီးတဲ့ ၀ါဒဖြန့်ကားရိုက်တဲ့ အနုပညာရှင်တွေကိုတောင် ပြည်သူတွေက လက်မခံဘူး ဆိုတာကို ထင်ထင် ရှားရှား ပြနေတာ ဖြစ်ပါတယ်။ စစ်အစိုးရနဲ့ အပေါင်းအပါတွေ၊ အလိုတော်ရိတွေအပေါ် မိမိတို့ သဘောထားကို ထုတ်ဖော်ပြသကြတာ ဖြစ်တယ် ...” လို့ နယူးယောက်က မိုးမခမိတ်ဆွေ သတင်းသမားတဦးက ပြောပါတယ်။

လာမယ့် စက်တင်ဘာ ၂၅ မှာတော့ ဆန်ဖရန်စစ္စကိုမှာ တကြော့ပြန်ပြီး စတိတ်ရှိုးအဖွဲ့ လာရောက် ဖျော်ဖြေဦးမယ်လို့ ကြေညာထား ပါတယ်။ စစ်အစိုးဝါဒဖြန့်သရုပ်ဆောင်က ပထမပွဲမှာကတည်းက မိမိတို့ နောက်တခါပြန်လာဦးမယ်။ လာရောက်အားပေးကြပါဦးလို့ ပြောသွားခဲ့ပြီး ဖြစ်ပါတယ်။ ပထမပွဲမှာ မြန်မာ့အရေးလှုပ်ရှားတက်ကြွသူများက ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး ဖြစ်လို့ ဒုတိယပွဲမှာလည်း ဆန့်ကျင်ကန့်ကွက်မှုတွေနဲ့ ကြုံကြရလိမ့်မယ်လို့ သိရပါတယ်။

“ပထမအကြိမ်ပွဲသွင်းတော့ ဥက္ကလန်က နိုင်ငံရေးဒုက္ခသည်တွေ၊ မြန်မာအရေးလှုပ်ရှားတဲ့သူ ဆိုသူတွေက ၀ိုင်းလုပ်ကြတယ်။ ဈေးရောင်းတာတွေ လုပ်ကြတယ်။ အခု ဒုတိယအကြိမ် ပွဲသွင်းတာကတော့ ဆန်ဖရန်၊ ဒေးလီးစီးတီးနဲ့ ဖရီးမောင့်က လုပ်ငန်းရှင်တွေ၊ မြန်မာမိသားစုတွေ လို့ ဆိုတယ်။ မြန်မာဆိုင် ၂ ခု ဖြစ်တဲ့ Little Yangon နဲ့Ledu Restaurant တို့က လက်မှတ်ရောင်းတယ်။ နောက် လက်မှတ်လိုက်ရောင်းနေတဲ့ လူငယ်တွေကိုလည်း ထုတ်ဖော် ကြေငြာထားတယ်။ သဘောကတော့ မြန်မာ့အရေးလှုပ်ရှားသူတွေ ဘာပြောပြော သူတို့ကတော့ ဂရုစိုက်နေမှာ မဟုတ်ဘူးပေါ့။ နောက်ပြီးတော့ မြို့ခံအဆိုတော် “နေရီ” ဆိုတာနဲ့တောင် အားဖြည့်ထားသေးတယ်။” လို့ ကြော်ငြာကိုတွေ့ခဲ့ရသူက မိုးမခကို ပြောပြပါတယ်။

အခုလိုမျိုး စစ်အစိုးရရဲ့ ၀ါဒဖြန့်သရုပ်ဆောင်တွေ အနုပညာရှင်တွေနဲ့ ပြည်ပမှာ ဖျော်ဖြေပွဲတွေ စီစဉ်လာတာဟာ အမေရိကန်တင်မ ဟုတ် ဘဲ ဗြိတိန်၊ ဂျပန်နဲ့ သြစတြေးလျတို့မှာလည်း အစီအစဉ်တွေ ရှိတာကို တွေ့ကြပါတယ်။ သြဂုတ်လဆန်းမှာ စစ်အစိုးရရဲ့ မြန်မာ အသင်းက ကြီးမှူးတဲ့ ဖျော်ဖြေပွဲကို လာတဲ့ ၀ါဒဖြန့်သရုပ်ဆောင်ကို လန်ဒန်ရောက် မြန်မာလူငယ်တွေက အကြီးအကျယ် ကန့်ကွက် ရှုတ်ချခဲ့ပြီး ဖြစ်ပါတယ်။

စက်တင်ဘာ ၂၀ မှာ ကျင်းပမယ့် ဂျပန်က မြန်မာတွေရဲ့ ရန်ပုံငွေပွဲမှာ ခန့်စည်သူနဲ့ အရိုင်းတို့ မပါဝင်တော့ဘူး။ (အရုဏ်ဦး …) ကား မရိုက်တဲ့ အနုပညာသည်တွေနဲ့ ဖျော်ဖြေမှာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပေမယ့် (အရုဏ်ဦး … ) ထဲကလူရွှင်တော်ကုသိုလ်ကိုတော့ ဆက်လက် ထည့်သွင်းထားတာ တွေ့ရပါတယ်။ စုံစမ်းကြည့်တဲ့အခါကျတော့ ကုသိုလ်က “တကယ်တမ်းကားထဲမှာ မပါဘူး ပြောတယ်၊ သူရောက်လာတဲ့အခါ ရှင်းပြမယ်” လို့ ပြောတယ်လို့ အတည်မပြုနိုင်တဲ့ အီးမေးပြန်ကြားချက်တခု ဂျပန်အသိုင်းအ၀ိုင်းတခုကနေ လက်ခံရရှိခဲ့ပါတယ်။ အခုအချိန်အထိကတော့ ဂျပန်က မြန်မာမိသားစုတွေဟာ လူရွှင်တော်ကုသိုလ်နဲ့ ပတ်သက်ပြီးတော့ ဘာမှ ထုတ်ဖော်ဖြေရှင်းခြင်း မရှိသေးဘူး လို့ ဆိုပါတယ်။

“ဒီလိုမျိုး အလွတ်သဘော ပြောတယ်လို့ ဆိုရင် အဲသည်သရုပ်ဆောင်တွေ မြန်မာပြည်ပြန်သွားတဲ့အခါ သူတို့ ဘယ်လို ပြန်ဖြေရှင်းမလဲ။ ဟိုမှာလည်း ကျနော်တို့ ကျမတို့ အဆင်ပြေသလို ကြည့်ပြောလာခဲ့တယ်လို့ ပြောမှာလား။ ပြည်ပက ဖျော်ဖြေပွဲတွေမှာ ရန်ပုံငွေပွဲတွေ၊ စီးပွားရေးပွဲတွေထဲမှာ စစ်အစိုးရကို ဆန့်ကျင်နေတဲ့ အတိုက်အခံတွေနဲ့ တွေ့ဆုံခဲ့တယ်။ ဖျော်ဖြေခဲ့တယ် ဒါမှမဟုတ် ရင်ဆိုင်ခဲ့ကြရတယ် လို့ကော သူတို့တတွေ အမှန်အတိုင်း ၀န်ခံကြရမှာလား”

လို့ ဂျပန်က မြန်မာတဦးက မေးခွန်းထုတ်ထားပါတယ်။

သြစတြေးလျက အောက်တိုဘာ ၁၆ ပါ့သ်မြို့မှာ တပွဲ၊ အောက်တိုဘာ ၂၃ ဆစ်ဒနီမှာ တပွဲ ကျင်းပမယ်လို့ ရက်ချိတ်ထားတာကိုတွေ့ရ တဲ့ဆီမှာ - ဆစ်ဒနီကတော့ ခန့်စည်သူကော၊ အရိုင်းကော မပါဘူးတာကို သူတို့ပိုစတာတွေမှာ အထင်အရှား တွေ့ရပေမယ့် ပါသ့်က ပိုစတာမှာတော့ဖြင့် ခန့်စည်သူကော၊ အရိုင်း ကောနဲ့ ကြော်ငြာထားဆဲ ဖြစ်ပါတယ်။ ပါ့သ်က မိုးမခမိတ်ဆွေတဦးအဆိုကတော့ အရိုင်း ကိုယ်စား အခြားလူရွှင်တော်တယောက်ကို ဖိတ်ကြားထားတယ်လို့ သိရပါတယ်။ ခန့်စည်သူကတော့ ပွဲမကရပေမယ့် ဗီဇာရထားပြီးမို့လို့ ဈေးဝယ် အလည်တော့ လာရောက်မယ်လို့ ဆိုတယ်လို့ သိရပါတယ်။

စစ်အစိုးရနဲ့ အပေါင်းအပါတွေကို ဒီမိုကရေစီနိုင်ငံအတော်များများက စီးပွားရေး၊ နိုင်ငံရေးနဲ့ ငွေကြေးစီးဆင်းမှုတို့အပေါ် ပိတ်ဆို့အရေး ယူမှုတွေ ပြုလုပ်ထားချိန်မှာ စစ်အစိုးရရဲ့ ၀ါဒဖြန့်ကားကို ရိုက်ကူးကြသူတွေအပေါ်ကို ပြည်ပရောက် မြန်မာ့အရေးလှုပ်ရှားတက်ကြွသူ တွေက သူတို့နည်း သူတို့ဟန်နဲ့ ကန့်ကွက်တာ၊ ဆန္ဒပြရှုတ်ချတာတွေကို ပြုလုပ်လာကြပါတယ်။ ဒီမိုကရေစီနိုင်ငံတွေ ဖြစ်တဲ့ အားလျော် စွာ ဆန့်ကျင်တာ ထောက်ခံတာတွေကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိတာမို့ စစ်အစိုးရရဲ့ ၀ါဒဖြန့်အနုပညာရှင်တွေဖက်က ကာကွယ် ပေးသူတွေ၊ အားပေး ထောက်ခံသူတွေကိုလည်း ပေါ်ပေါ်တင်တင်ကို မြင်ရတွေ့ကြရပါတယ်။

“ဒါက ဒီမိုကရေစီ ရေမြေသဘာဝမှာ ကျနော်တို့ မြန်မာတွေ လွတ်လပ်စွာ ကွဲလွဲကြတာဖြစ်တယ်။ ပြီင်္းတော့ ပြည်တွင်းက အသံပိတ် ဖိနှိပ်ခံနေရသူတွေ ကိုယ်စား ကျနော်တို့က စစ်အစိုးရနဲ့ အပေါင်းအပါတွေကို ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသတာ ဖြစ်တယ်။ အနုပညာရှင်တွေ၊ လုပ်ငန်းရှင်တွေ၊ ကိုယ်ကျိုးပဲ ကြည့်ချင်သူတွေကိုလည်း ဒါက အနည်းဆုံးတော့ သင်ခန်းစာတခုပါ။ စစ်အစိုးရ အရိပ်အာဝါသအောက်မှာ သူတို့တတွေ လုပ်ချင်တာလုပ်၊ အခွင့်အရေးတွေ ယူ၊ ဆင်ခြေတွေပေး၊ ဒါပေမယ့် နောက်ဆိုရင် စဉ်းစားပါ။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ဆန္ဒပေးမယ့် ပြည်သူတွေ၊ ပရိသတ်တွေ ရှိပါတယ် ဆိုတာ”

လို့ မိုးမခမိတ်ဆွေ တဦးက ထင်မြင်ချက်ကို ပေးပါတယ်။

“ဒီလိုမျိုး ကန့်ကွက်ပွဲတွေ၊ ဆန့်ကျင်ပွဲတွေနဲ့ ပတ်သက်ပြီး အမျိုးမျိုး ပြောကြတယ်၊ ရှုပ်ထွေးအောင်လည်း လုပ်ကြတယ်။ ပထမ ပြည် တွင်း က မိတ်ဆွေတွေကို အရင်ဆုံး မေးကြည့်လိုက်ပါ။ သူတို့ဘယ်လိုသဘောထားသလဲ။ နောက်တခုကတော့ ဒီလို အချိန်အခါမျိုးနဲ့ တိုက်ဆိုင်ပြီး ရည်ရွယ်ချက်ရှိရှိနဲ့ ဒီမိုကရေစီရေး အမျိုးသားရေးကို ချိုးနှိမ်ဖို့ ပေါ်ထွက်လာတဲ့ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ကန့်ကွက်ကြ တာဖြစ်တယ်။ သဘောထား ထုတ်ပြတာ ဖြစ်တယ်။ ဒါကို နမူနာထားပြီး လုပ်ကြတာ။ ဒီကားထဲက သရုပ်ဆောင်တွေ၊ အနုပညာ သမား တွေ၊ ဒါတွေကို အကျိုးဆောင်နေသူတွေ၊ ကာကွယ်နေသူတွေကို အခြေအနေ အချိန်အခါနဲ့ အတိုင်းအတာတခု အတွင်းမှာ ဆန့်ကျင်တဲ့ လှုပ်ရှားမှုတခုအဖြစ် ဆောင်ရွက်နေကြတာဖြစ်တယ်လို့ မြင်စေချင်တယ်။

ကျနော်တို့တတွေဆီမှာက အမျိုးသားစိတ်ဓာတ်တွေ ပိန်ရှုံ့ခြင်းနဲ့ အမျိုးသားစိတ်ဓာတ် ဖောင်းပွခြင်းပဲ ရှိတယ်။ ပိန်ရှုံ့လိုက်ပြန်ပြီ ဆိုရင် လည်း ဘာဆိုဘာမှ လှုပ်ရှားမှု မရှိတော့ဘူး။ လှုပ်ရှားသူတွေကိုလည်း ပိတ်ကြ၊ တားကြမယ်။ အဲ ... ပိန်ရှုံ့ခြင်းက ကျော်ပြီးတော့ ထွန်းကား လာပြန်ပြီဆိုရင်လည်း အလွန်တရာကို ဖောင်းပွကြပြန်တော့တာပဲ။ ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်၊ ဇက်တွေ ဖြတ်ပစ်တို့၊ အမျိုးဖြုတ်ပစ်တို့ အလွန်ဖောင်းပွကြပြန်တယ်။ အခုကိစ္စမှာလည်း အရမ်းလည်း မပိန်ရှုံ့ကြပါနဲ့၊ အရမ်းလည်း ဖောင်းပွတာတွေ ပေါက်ကွဲတာတွေ မလုပ်ကြပါနဲ့လို့ ပြောချင်တယ် ...”

ဟု ၎င်းက ပြောသွားပါတယ်။
http://moemaka.com/index.php?option=com_content&task=view&id=7185&Itemid=1

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */