“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, September 29, 2010

ဒီမိုကရေစီ နှင့် မြန်မာပြည်

အချို့လူတွေက ပြောကြတယ် မြန်မာလူမျိုးတွေ စည်းကမ်းမရှိတော့ဘူးတဲ့ ။ အဲဒီလို လူမျိုးတွေကို ပြန်မေးလိုက်ချင်ပါသေးတယ် ။
ဘာကိုများကြည့်ပြီး ပြောကြတာလဲ လို့ ။ မြန်မာလူမျိုးတွေ နိုင်ငံတကာမှာ သွားရောက် အလုပ်လုပ်ကိုင်နေကြတာ ဘယ်နိုင်ငံကမှ
မြန်မာလူမျိုးတွေ စည်းကမ်းမရှိပါဘူးလို့ မပြောပါဘူး ။ အမှိုက်ပုံးမထားပေးဘဲနဲ့ စည်းကမ်းမဲ့ အမှိုက်ပစ်တယ်လို့ ပြောတာ တရားမျှတမှု ရှိရဲ့လား ။
တကယ်ဆို အမှိုက်ပစ်ရမည့် နေရာတွေမှာ အမှိုက်ပုံးတွေ ထားပေးမယ် ။ အဲဒီအမှိုက်ပုံးကိုလည်း ပုံမှန် သိမ်းဆည်းမယ် ။ အဲဒီလို လုပ်ထားပေးတာတောင်
စည်းကမ်းမဲ့ အမှိုက်ပစ်ရင် သတ်မှတ်တဲ့ ဒဏ်ငွေ ပေးဆောင်ရမယ် ။ အဲဒီ ဥပဒေဆိုတာကလည်း တနိုင်ငံလုံးမှာ ရှိတဲ့ လူအားလုံးလိုက်နာ့ရမည့် ဥပဒေဘဲဖြစ်ရမယ် ။ ဒီလို အဘက်ဘက်က ပြည့်စုံအောင် မဖြည့်စည်းပေးပါဘဲနဲ့တော့ မြန်မာတွေ စည်းကမ်းမရှိလို့ ဒီမိုကရေစီ နဲ့ မထိုက်တန်ဘူးဆိုတဲ့ စကားလုံးတွေ နဲ့ပြောနေတာ ဘယ်သူတွေလဲ ။ ဘာကြောင့်ဒီလိုမျိုးတွေ ပြောနေကြတာလည်း အရှင်းလေးပါဘဲ ။ သူတို့တွေ အာဏာမြဲစေဖို့အတွက် ပြည်သူလူထုကို ဒီမိုကရေစီနဲ့ မထိုက်တန်ပါဘူးလို့ပြော အာဏာရှင်စနစ်ကို ကျင့်သုံးချင်တဲ့လူတွေရဲ့စကားပါ ။

အချို့က ပြောကြပြန်သေးတယ် ။ ၀န်ထမ်းမှန်သမျှ သူခိုး နဲ့ ဒါးမြ ၊ သူတောင်းစား တွေ ဖြစ်ကုန်ပြီတဲ့ ။ ဒီမိုကရေစီ ရရင်တောင်သူတို့ အကျင့်တွေကို ပြောင်းလဲဖို့ မလွယ်ဘူးတဲ့ ။ သေချာစဉ်းစားကြည့် ၊ ဘာကြောင့် ၀န်းထမ်းတွေ အခုလို ဖြစ်ကုန်ရတာလဲ့ ။ရတဲ့ လစာက အခြေခံစား ၀တ်နေရေး အတွက် မလောက်ငတော့ ရရာ နည်းလမ်းတွေ သုံးပြီး ကြံဖန်လာကြတယ် ။ အဲဒါတွေကို အရေးယူမယ့်လူလည်း မရှိဘူး ။ အားပေးမယ့် လူတွေက တော့တပြုံကြီး ။ ဘာဖြစ်လို့လဲ ခေါင်းဆောင်တွေလေ ၊ သူတို့ကိုယ်တိုင်ကိုက တိုင်းပြည်ဘဏ္ဍာ ခိုးဆိုးလုယက်နေမှတော့ ဘယ်သူကို သွားအရေးယူလို့ရမှာလဲ ။ သူခိုးကြီးတွေက သူခိုးလေးတွေကို မြှောက်ပေးတာ သဘာဝလေ ။ လုံလောက်တဲ့ စားနပ်ရိက္ခာပေး ၊ အဲဒါကို မှ လဘ်စားရင် ထိုက်သင့်တဲ့ အပြစ်ပေး အရေးယူရင် ဘယ်သူမှ မဟုတ်တာလုပ်လို့ မရပါဘူး ။ မြန်မာပြည် ဒီမိုကရေစီ နိုင်ငံရောက်အောင် သာ အရင် ချီတက်ပါ ။ အမှန်တရားကို လက်ကိုင်ထားပြီး ပြည်သူလူထု အကျိုးစီးပွားကို ရှေးရှုမဲ့ ပုဂ္ဂိုလ်တွေ က လုပ်ဆောင်ပြသွားပါလိမ့်မယ် ။ အုပ်ချုပ်ရေး အာဏာဆိုတာ ပြည်သူလူထု လက်ထဲကို အပ်နှင်းထားတဲ့ ဒီမိုကရေစီ စနစ်မှာ ပြည်သူလူထုက အဓိကပါ ။ ကျွန်တော်တို့လိုလားတောင့်တ နေတဲ့ အုပ်ချုပ်ရေးကို ကျွန်တော်တို့ ကိုယ်တိုင်ဘဲ ဖန်တီးကြရမှာ ။

အချို့ကပြောကြတယ် ။ မြန်မာလူငယ်တွေ က ပျင်းကုန်ကြပြီတဲ့ ။ အလကား လမ်းပေါ်မှာ အချိန်ဖြုန်းနေကြတယ်တဲ့ ။
ဒါတွေကြားတော့ မနေနိုင်ဘူး ။ ကိုယ့်ဟာကိုဘဲ လိုက်ပြီး သုတေသန လုပ်ကြည့်တယ် ။ အဲဒီလူငယ်တွေကို လိုက်မေးကြည့်လိုက်တယ် ။ တော်တော်များများက ဘွဲ့ရပြီးသားတွေ ။ သူတို့တတွေ အရမ်း အလုပ်လုပ်ချင်ကြတယ် ။ ပြည်တွင်းမှာ အလုပ်မရှိတော့ ပြည်ပကို ထွက်ခွာဖို့ ကြိုးစားနေကြတယ် ။ အဲဒီအခါကြတော့ ဘာပြောကြပြန်လည်း ဆိုတော့ နိုင်ငံခြားကို အထင်ကြီးလွန်း နေတယ်တဲ့ ။
နောက်ထပ်တစ်ခုရှိပါသေးတယ် ၊ လုပ်ချင်ရင် မြန်မာပြည်မှာ အလုပ်မရှားပါဘူး တဲ့ ။ ကောက်စိုက်ပျိုးနှုတ် ၊ တံငါသည် အလုပ်တွေ
ပေါမှပေါတဲ့ ။ ပြည်ပထွက်ပြီး လုပ်စရာ မလိုပါဘူးတဲ့ ၊ ပြည်ပရောက် မြန်မာတွေတောင် ပြန်လာကြဖို့ ဖိတ်ခေါ်နေသေးတယ် ။ ဘယ့်နှယ်ဗျာ အဆင့်အတန်းမှီမှီ အလုပ်အကိုင် အခွင့်အလမ်းတွေ လိုချင်လို့ ပညာသင်ထားပါတယ်ဆိုနေမှ ဒီအလုပ်တွေ လာလုပ်ခိုင်းနေတယ် ။ ဘယ်လို အတွေးအခေါ် ပိုင်ရှင်ကြီးလည်း မသိပါဘူး ။ အဲဒါ မြန်မာပြည်က ၀န်ကြီးချုပ်ရဲ့ စကားတဲ့ ။ ဘယ်လောက်များ အတွေးအခေါ် အောက်တန်းကျလဲ သေချာ စဉ်းစားကြည့်ပါဗျာ ။ အဲဒီလိုလူမျိုးတွေ အုပ်ချုပ်နေမှတော့ ဘယ်လို လုပ်ပြီး တိုင်းပြည်တိုးတက်မှာလဲ ။
ဒို့တိုင်းပြည် နိုင်ငံခြားငွေတွေ သူတို့ ရှာပေးနေတယ် ဆိုပြီး ပြောလာတဲ့ သူတွေလည်းရှိတယ် ။ ထုတ်ကုန်ဆိုတာ နတ္တိ ၊ တိုင်းပြည် သယံဇတ ကို လက်ညိုးထိုး ၊ မတန်တဆ ဈေးနဲ့ ရောင်းတာတော့ ဈေးသည်တွေ တောင် သူတို့ထက်တော့ ပိုနားလည်ပါအုံးမယ်ဗျာ ။
လူငယ်တွေ အတွက် အလုပ်အကိုင် အခွင့်လမ်းတွေတော့ မဖန်တီးပေးထားဘဲနဲ့ လုပ်စရာမရှိတော့ လူငယ်သဘာဝ
ပျော်ချင်ပါးချင်ကြတာ သူတို့ အပြစ်လား ။ အလုပ်အကိုင်တွေ ဖန်တီးမပေးနိုင်တဲ့ လူတွေရဲ့ အပြစ်လား ။ သေသေချာချာ စဉ်းစားကြလိုပါတယ် ။
ကိုယ့်နိုင်ငံက အမှားကို ကောက်စားနေတဲ့ အိမ်နီးချင်းနိုင်ငံတွေ အတွက်ကတော့ သဘောတွေကျပြီး သြဘာတွေ ပေးနေတာ အဟုတ်မှတ်နေကြတုန်းပါဘဲ ။

အချို့ကလည်း ပြောကြပြန်သေးတယ် ၊ မြန်မာလူငယ်တွေက မြန်မာ့ယဉ်ကျေးမှု အမွေကို မထိန်းသိမ်းနိုင်ကြဘူးတဲ့ ။ အဲဒါနဲ့ ဟုတ်မဟုတ် လိုက်ပြီး သူတို့သားသမီးတွေကို လေ့လာကြည့်တယ် ။ ဟုတ်တာဘဲ ။ သူတို့သားသမီးတွေ ၀တ်တာစားတာကို ပြန်ပြောနေကြတာပါလားလို့ အဲဒီအခါကျမှ သိလာရတယ် ။ တက်တော့ နိုက်ကလပ် ၊ ၀တ်တော့စကတ် ၊ သောက်ထားတာက နိုင်ငံခြားဖြစ် အရက် ၊ ကျော်မကောင်းကြားမကောင်းတွေ ဖြစ်ပြန်ဆို လိုက်ကြည့်လိုက် ။ တော်သလင်းဇတ် တွေတောင်ပါသေးတယ် ။ အဲဒီလို သုံးဖြုန်းနိုင်တာ မြန်မာပြည်မှာ ဘယ်သူတွေ ရှိလို့တုန်း ။
သူတို့တွေ ဖွင့်ထားတဲ့ ကုမ္မဏီမှာ အလုပ်လုပ်သွား လျှောက်ကြည့်ပါအုံး ။ ရုပ်မလှရင် အလုပ်မရ ၊ စာရေးမအလုပ်ဘဲဗျာ ရုပ်လှစရာလိုလို့လား ။
ဘယ်ဈေးဝယ်သူမှ အရောင်းစာရေးလှလို့ ဈေးဝယ်တာ မရှိပါဘူး ။ ကုန်ပစ္စည်း ရဲ့ အရေအသွေးနဲ့ ဈေးနှုန်းပေါ်မှာ မူတည်ပြီး ၀ယ်ကြတာ မဟုတ်ဘူးလား ။ သြော် လူသာအိုလာကြလို့ တဏှာတွေ ပြိုရမယ့်အစား တဏှာတွေ ပျိုနေပုံက မော်ဒယ်တွေတောင် ကိုယ်တိုင်ရွေးသတဲ့ ။
သူတို့အသိုင်းအ၀ိုင်းလေး ကြည့်ပြီး ပြောနေကြတော့ လည်း ဟုတ်သလိုလို ဖြစ်နေတာပေါ့ ။ အမျိုးသား ဇတ်ရုံလို နေရာမျိုးမှာတောင် စင်သွင်းပြီး လုပ်စားနေကြတာလည်း သူတို့ အသိုင်းအ၀ိုင်းပါဘဲ ။

တကယ်စာရွက်ပေါ်က ဇယားတွေမှာတော့ မြန်မာနိုင်ငံရဲ့ ချမ်းသာ ကြွယ်ဝနေပုံက ပြောပြလို့ မကုန်စရာပါဘဲ ။ ပညာရှင်အမည်ခံထားတဲ့ လူတွေကလည်း ကြံကြံဖန်ဖန် နည်းပညာပေးတယ် ။ နိုင်ငံတကာမှာ လျှပ်စစ်ကို နည်း အမျိုးမျိုးနဲ့ ထုတ်နေကြတဲ့ အချိန်မှာ မြန်မာပြည်က နွားနဲ့လှည့်ပြီး လျှပ်စစ်ထုတ်မလို့တဲ့ ။ အဲဒီလို အတွေးအခေါ်ကို မြှောက်စားပေးလိုက်ပုံက ဆုတံဆိပ်တွေတောင် ပေးဖို့ ကြံစည်နေပြန်သတဲ့ ။
ဒီကြားထဲ ရူးကြောင်ကြောင်နဲ့အပ်တစ်ချောင်းတောင် မထုတ်နိုင်သေးနဲ့ လူတွေက နူးကလီးလက်နက် ထုတ်လုပ်အုံးမလို့တဲ့ ။ သေချာ ပြန်စမ်းစစ်ကြည့်ကြပါအုံး ။ နာဂစ် မုန်တိုင်း တိုက်ခိုက်မှာကို နိုင်ငံတကာက လူတွေ သိသလို မြန်မာပြည်က မိုးလေ၀သ ပညာရှင်တွေ မသိဘူးလို့ ထင်နေကြရင် မှားမယ် ။ ဘယ်သူသေသေ ငတေမှာရင် ပြီးရော ဆိုတဲ့ စိတ်ဓါတ်တွေက ပြည်သူလူထု အသက်ပေါင်းများစွာ ကို သတ်ပစ်လိုက်ကြတယ် ။ အဲဒီလို ပညာရှင် အမည်ခံ ကိုယ်ကျိုးရှာတဲ့ လူတွေ ရှိနေသမျှလည်း တိုင်းပြည်က ပျက်စီးသထက် ပျက်စီးလာအုံးမှာပါဘဲ ။ တကယ်တော့ သူတို့တွေက လက်နက် မသုံးဘဲ လူတွေကို အလွယ်ဆုံနည်းလမ်း နဲ့ သတ်ပြလိုက်တာ မမေ့စေချင်ဘူးဗျာ ။ မုန်တိုင်းတိုက်လို့ မသေတဲ့လူတွေကို စားနပရိက္ခာ ဖြတ်ပြီး ထပ်သတ်ကြလို့ သေကြတာ နည်းတယ်မှတ်လို့လား ။ သိန်းပေါင်း သောင်းနဲ့ချီပြီး တန်တဲ့ အိမ်တွေ အရောင်းအ၀ယ် အကြောင်းတွေ ရေးသူများသလောက် လှိုင်သာယာမှာ ကြမ်းခင်းမကောင်းလို့ ရေထဲပြုတ်ကျ သေရတဲ့ တကယ့်အဖြစ်မှန်တွေကို ကျတော့ ဘယ်သူမှ အရေးမလုပ်ကြဘူး ။ အိမ်လို့ပြောလို့သာ ယုံရတာပါ ၊ စလေ ဦးပုည တောင် နှိုင်းစရာ စကားလုံးရှာရမလို့ ငိုသွားလောက်တယ် ။ အဲဒီလောက် ဆင်းရဲတဲ့လူတွေ ရှိတဲ့ ရှိတယ်ဆိုတာ ပြောရင် ယုံကြမှာ မဟုတ်ဘူး ။ ကိုကျော်သူက သက်သေ အထောက်အထားနဲ့ သေချာကို ပြသွားတာပါ ။ တကယ်ပါဗျာ ။ ကျွန်တော်တို့ တိုင်းပြည်ကြီး အဘက်ဘက်က ယိုယွင်းပျက်စီးနေပါပြီ ။ ငတ်လို့မသေပါဘူးလို့ ကြွေးကြော်ခဲ့တဲ့ ကျွန်တော်တို့ နိုင်ငံမှာ ငတ်လို့ သေတဲ့လူတွေ များလာပါပြီ ။ ဒီလူတွေ ဒီအတိုင်းဆက်သွားကြရင်တော့ တကယ့်ကို မတွေးဝံ့စရာပါဗျာ ။

အခု ကျင်းပမည့် ရွေးကောက်ပွဲဆိုတာ ကို တကယ့်ကို ကျွန်တော့်တို့ တိုင်းပြည်နဲ့လူမျိုးအတွက် ဘာအကျိုးကျေးဇူးမှ မရှိပါဘူး ။ အရေခွံလဲပွဲ သက်သက်ပါ ။ ပြည်သူလူထု အားလုံးလည်း သိပြီးသားပါ ။ ဒီရွေးကောက်ပွဲကို ၀င်ပြိုင်တဲ့လူတွေ အားလုံးကို လိုက်မေးကြည့် ၊ ဒီရွေးကောက်ပွဲက တရားမျှတမှု မရှိဘူးဆိုတာ သူတို့အားလုံးသိတယ် ။ တရားမျှတမှု မရှိတဲ့ ဥပဒေကို လက်ခံလိုက်တဲ့လူတွေ ဆိုတာ သူတို့ကိုယ်တိုင် မတရားမှုတွေကို မြတ်နိုးခုံမင်လို့ပါဘဲ ။ အဲဒီလို မတရားမှု ကို မြတ်နိုးတဲ့ သူတွေဟာ သူတို့ ကိုယ်ကျိုးစီးပွား အတွက် တိုင်းပြည်နဲ့ လူမျိုးကို ကောင်းကောင်းဒုက္ခပေးကြလိမ့်မယ်ဆိုတာ မမေ့ကြပါနဲ့။ ဒီလောက် ရှင်းနေတဲ့ အရေခွံလဲပွဲကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD က လက်မခံတာ အပြစ်လား ။ တိုင်းပြည် အကျိုးအတွက် အမှန်တကယ် လုပ်ဆောင်တဲ့လူတွေဆိုရင် အားပေးရမယ် ၊ ပြည်သူလူထု ဆန္ဒနဲ့ ဆန့်ကျင်ပြီး ငါကောင်းစားရေး ၀ါဒသမားတွေ ၊ အာဏာရှင် အလိုကျ ကပြအသုံးတော်ခံတဲ့လူတွေကို ရှုံ့ချတာ အပြစ်လား ။
တိုင်းပြည်နဲ့လူမျိုး အကျိုးကို အမြဲရှေးရှုတဲ့ ခေါင်းဆောင်ဆိုတာ ပြည်သူလူထု အကျိုးများမည့် ကိစ္စတွေမှာ စိတ်အားထက်သန်သလောက်
ပြည်သူလူထု ဒုက္ခရောက်မယ့် ကိစ္စတွေကြရင် ရဲရဲဝင့်ဝင့် အမှန်တရား ကို လက်ကိုင်ထားပြီး စဉ်းစားဆုံးဖြတ်လေ့ရှိတယ် ။

မြန်မာတွေ လူငယ်တွေ ညံ့တယ်လို့ပြောနေကြတဲ့ လူတွေကို တစ်ခုလောက် နှိုင်းယှဉ်ပြချင်ပါသေးတယ် ။ နအဖ က နိုင်ငံခြားရေး ၀န်ကြီးတဲ့ မိန့်ခွန်းပြောတာလေးကို ကြည့်ဖူးကြလား ။ စားလုံးပေါင်းမှား မှာဆိုးလို့ စာရွက်ကို အသဲအသန်ကြည့်ပြီး ပြောနေတဲ့ အချိန်မှာ ၂၁ နှစ်အရွယ်ကောင်မလေးက သူ့ရင်ထဲက အမှန်တရားကို အများရှေ့မှာ ကမ္ဘာသိအောင် ပြောသွားတာ နှိုင်းယှဉ်ကြည့်စေချင်တယ်ဗျာ ။ ကျွန်တော်တို့ မျိုးဆက်သစ်တွေတကယ် မညံ့ပါဘူး ဆိုတာ သက်သေ ပြရမယ့် အချိန်ကိုလည်း ရောက်လာပါပြီ ။ လူငယ်တွေကို နိုင်ငံရေး နဲ့ ဝေးသထက်ဝေး အောင်
အာဏာရှင်တွေ ယုတ်မာစွာ ကြံစည်ကြပေမယ့် ကျွန်တော်တို့တွေ ရင်ဘတ်ထဲမှာ ဒီမိုကရေစီ စနစ်ကို ချစ်မြတ်နိုးတဲ့ စိတ်တွေရှင်သန်နေဆဲ ပါဘဲဆိုတတာကို လက်တွေ့ကျကျ သရုပ်ဖော်ပြ ကြရအောင်လား ။ ဒို့ ဘိုးဘွားတွေ နယ်ချဲ့ လက်အောက် က လွတ်မြောက် အောင် ရုန်းထွက် ပြခဲ့ပြီးပြီ ။ ဒို့ခေတ်မှာတော့ အာဏာရှင်စနစ်ဆိုးအောက် က ရုန်းထွက်ပြကြဖို့ အမြန်ဆုံးလုပ်ဆောင်ကြရမယ် ။ ဒီမိုကရေစီ နဲ့ မထိုက်တန်ပါဘူးလို့ ပြောနေကြတဲ့ လူတွေကို ဒီမိုကရေစီ နိုင်ငံရဲ့ အနှစ်သာရကို ပြကြဖိုက ငါတို့တွေ ကြိုးစားလုပ်ဆောင်ကြဖို့ အတွက် သမိုင်းဝင်မည့် ဒီတိုက်ပွဲမှာ ဒို့လူငယ်တွေ အစွမ်းကို ပြကြပါရင်းနဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီးဆီသို့ တွဲလက်တွေ ညီညာစွာ နဲ့ ချီတက်ကြပါစို့ .......။
Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */