ခိုင်စု | တနင်္လာနေ့၊ ဧပြီလ ၂၆ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၁၈ မိနစ် (ကျော်သူနှင့် ဆက်သွယ်မေးမြန်းချက်)
နယူးဒေလီ (မဇ္ဈိမ)။ ။ နာရေးကူညီမှုအသင်းကို ၂ဝဝ၁ ခုနှစ်ကတည်းက တည်ထောင်ခဲ့သူ ရုပ်ရှင်မင်းသား ဦးကျော်သူကို ပြည်တွင်း ပြည်ပရောက် မြန်မာများက အွန်လိုင်းမှတဆင့် ပြည်သူ့ဂုဏ်ရည်ဆုပေး ရွေးချယ်လိုက်ကြသည်။
အမေရိကန်နိုင်ငံ မြို့ပေါင်း ၁၄ မြို့မှ မြန်မာမိသားစုများက မြန်မာပြည်တွင်းရှိ လူမှုရေးလုပ်ငန်းများတွင် တက်ကြွစွာ လုပ်ကိုင်နေသူများ အား ပြည်ပရောက် မြန်မာများ၏ ဆန္ဒမဲများဖြင့် ဧပြီ ၂၄ ရက်နေ့က ရွေးချယ်ချီးမြှင့်သည့်ဆုဖြစ်သည်။
ဆုရတဲ့အပေါ် ခံစားချက် ပြောပြပေးပါ။
“ပြည်တွင်းက လူမှုရေးသမားတွေကို ပြည်ပမှာရောက်နေတဲ့ မြန်မာလူမျိုးတွေက အခုလို အသိအမှတ်ပြု အား ပေးလို့ ဝမ်းသာပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။ ကျနော် ဆုရတဲ့အကြောင်း မူဆယ်နာရေးကူညီမှု အသင်းက ဖုန်းဆက်ပြီး ဝမ်းသာ ကြောင်းပြောလို့ သိရပေမယ့် သိပ်မယုံခဲ့သေးဘူး။ အိမ်ပြန်လို့ အီးမေးလ် ဖွင့်ကြည့်တော့မှ တကယ်ရတာကို သိရတာ။ ညနေလောက်ကျမှ ဖုန်းဆက်ပြီး အကြောင်းကြားတယ်”
ဘာကြောင့်ချီးမြှင့်ခံရတယ်လို့ ယူဆလဲရှင့်။
“ကျနော်ကတော့ ကိုယ့်အလုပ် ကိုယ်လုပ်၊ ကိုယ်တာဝန်ကျေအောင် လုပ်တာပဲ။ ကိုယ့်သီလ ကိုယ်လုံအောင် နေပြီးတော့မှ လုပ်တဲ့အတွက် ချီးမြှင့်ခံရတယ်လို့ ထင်ပါတယ်။ ဆုရတဲ့အတွက် ကျနော့်စိတ်ကိုလည်း အားဖြစ်စေပါတယ်။ ထက်မြက်တဲ့ အားဆေးတခွက် သောက်လိုက်ရသလိုပါပဲ။ လူမှုရေးအလုပ်ကို ပိုပြီး ဇောက်ချပြီး လုပ်ဖို့ ဖြစ်စေပါတယ်”
ပြည်သူ့ဂုဏ်ရည်ဆုနဲ့ ရုပ်ရှင်အကယ်ဒမီဆုအပေါ် ဘယ်လိုများ ခွဲခြားပြီး မြင်မိလဲ။
“အကယ်ဒမီဆုနဲ့ ပြည်သူ့ဂုဏ်ရည်ဆုက မိုးနဲ့ မြေလို ကွာပါတယ်။ အကယ်ဒမီဆုက ကိုယ့်အတ္တအတွက် လုပ်လို့ ရတဲ့ ဆု၊ အခု ပြည်သူ့ဂုဏ်ရည်ဆုက ပရဟိတလုပ်ငန်းအတွက် ရတဲ့ ဆုပါ”
ပြည်သူ့ဂုဏ်ရည်ဆု မဲပေးရွေးချယ်တဲ့ စနစ်ကိုရော ဘယ်လိုမြင်လဲ။
“အင်မတန်ကောင်းတဲ့ စနစ်ပါ။ ကမ္ဘာမှာလည်း ဒီလိုစနစ်ကို ကျင့်သုံးတာပါ။ မြန်မာပြည်တခုထဲမှာ မရှိတာပါ။ ဥပမာ - ကျနော်တို့ အကယ်ဒမီပေးပွဲပေါ့၊ အော်စကာဆုပေးတဲ့ စနစ်အတိုင်း ကျင့်သုံးသင့်တယ်။ အကယ်ဒမီ ပေးတဲ့အခါမှာ ပေးချင်တဲ့လူကို ကောက်ပေးတာပေါ့။ အခုက ၂၄ ဦးထဲက ပရိသတ်ကို မဲပေးခိုင်းပြီး ဆန်ကာတင် ၅ ဦး ရွေးခိုင်းတယ်။ အဲဒီထဲက တဦးကို မဲပေးရွေးတာပေါ့လေ”
ဒီဆုရတဲ့အတွက် ဘယ်သူတွေကို ကျေးဇူးတင်စကား ပြောချင်လဲ။
“ကျနော် ဒီလူမှုရေးလုပ်ငန်း လုပ်ဖြစ်ခဲ့တာ ကျနော့်ဇနီး ရွှေဇီးကွက်က လုပ်ချင်လို့ ရုပ်ရှင်မင်းသား ဘဝက ဒီဘက်ကို ပြောင်းလာတာ။ ကျနော် ဘာသာရေးနဲ့ လူမှုရေးတွေ လုပ်ဖြစ်လာအောင် ကျနော့်သား ပြည်သိမ်းကျော်နဲ့ ကျနော့်သမီး မြင့်မိုရ်ကျော်သူတို့ကြောင့် စိတ်ဝင်စားလာပြီး လုပ်ဖြစ်သွားတာ။ ဒါကြောင့် သူတို့ကို ကျေးဇူးတင်ပါတယ်။ ကျနော့်ကို မဲပေးရွေးချယ်ကြတဲ့ ပြည်သူတွေ၊ ဆုပေးနိုင်အောင် စီစဉ်ကြတဲ့ ပြည်ပရောက် မြန်မာလူမျိုးတွေ အားလုံးကို ကျေးဇူးတင်ပါတယ်”
ဦးကျော်သူ လုပ်ကိုင်နေတဲ့ လူမှုရေး လုပ်ငန်းတွေကိုလည်း တဆက်ထဲ မေးလိုပါတယ်။ ပြောပြပေးပါအုံး။
“၇ ရက်သားသမီး ဆင်းရဲချမ်းသာမရွေး အခမဲ့ ကူညီလိုက်ပါဆောင်ရွက်နေတဲ့ နာရေးကူညီမှုအသင်း။ ဆရာတော် သံဃာတော်တွေ ပျံလွန်တော်မူရင်လည်း ဆောင်ရွက်ပေးတယ်။ နောက်ပြီး ဆင်းရဲနွမ်းပါးတဲ့ ၇ ရက် သားသမီးတွေ ဆေးဝါးကုသနိုင်တဲ့ သုခ ကုသိုလ်ဖြစ်ဆေးခန်း ဖွင့်ထားပါတယ်။ နောက်ပြီး ကလေးတွေအတွက် နွေရာသီ အင်္ဂလိပ်စာ သင်တန်းတွေလည်း ဖွင့်ပေးပါတယ်။ နောက်ပြီး လူငယ်တွေ ဘဝတက်လမ်းအတွက် စာပေတွေ လေ့လာနိုင်ဖို့ သုခအလင်း စာကြည့်တိုက် ဖွင့်ထားပါတယ်”
ကျော်ကြားတဲ့ ရုပ်ရှင်မင်းသားအဖြစ်ကနေ လူမှုရေးလုပ်ငန်းဘက် လှည့်လာတာလဲ။
“ကျနော် ရုပ်ရှင်မင်းသား လုပ်နေစဉ်မှာ လူပေါင်းစုံနဲ့ ဆက်ဆံရတဲ့အတွက် စိတ်ညစ်လာတယ်။ အဲဒီအခါမှာ ဘဘ ဦးသုခဆီ သွားပြီး စိတ်ညစ်တဲ့အကြောင်း သွားပြောတယ်။ အဲဒိအခါမှာ ဘဘက 'မောင်ကျော်သူ .. မင်းကို ဘဘ မေးချင်တယ်။ ပြင်သစ်ဝန်ကြီးချုပ်နာမည် သိလားဆိုတော့ ကျနော်က မသိပါဘူး။ အီတလီ ဝန်ကြီချုပ်နာမည် သိလားဆိုတော့ မသိပါဘူ။ ဒါဆို ချာလီချက်ပလင်ကို သိလားဆိုတော့ သိတယ်ဆိုတော့ .. ဒါ အဖြေပဲ' တဲ့။ 'နိုင်ငံကျော် သရုပ်ဆောင်တယောက်က အများအတွက် အကျိုးရှိတဲ့လုပ်ငန်း လုပ်ရင် ပိုပြီး လူသိတယ်။ အောင်မြင်တယ်' လို့ ပြောခဲ့တယ်။ အဲဒီကတည်းက အနုပညာရှင်အဖြစ် အောင်မြင်နေတဲ့ ကျနော့်နာမည်ကို ခုတုံးလုပ်ပြီး လူမှုရေးလုပ်ငန်းကို ဇောက်ချလုပ်နေတာ ဖြစ်ပါတယ်”
“ကျနော့်မိဘတွေက ရုပ်ရှင်လုပ်ငန်း လုပ်ပါတယ်။ ဒါရိုက်တာတွေနဲ့လည်း သိနေတော့ အိမ်ထောင်ကျပြီးနောက် 'ချစ်ကြိုးလေး တမျှင်' ကားနဲ့ အောင်မြင်လာတာ။ ကျနော် ရုပ်ရှင်ရိုက်လာတာ နှစ်အစိတ်လောက်ကြာတော့ ငြီးငွေ့လာတယ်။ ကျနော့်သားသမီးတွေ ၄-၅ တန်းလောက်မှာ အင်းစိန်က အောင်ဆန်းတောရ ဆရာတော်ဆီမှာ တရားစခန်း သွားနာပြီး၊ ရုပ်ရှင်သရုပ်ဆောင်လုပ်တဲ့ လူတွေက ငရဲကျလားလို့ မေးတာကို ကြားပြီး တုန်လှုပ်သွားပြီး ဘာသာရေး လုပ်ဖြစ်ခဲ့တယ်။ ဆရာတော်ကြီးရဲ့ စာအုပ်တွေ ဖတ်၊ ဆရာတော်ကြီးရဲ့ ဆုံးမမှုတွေကြောင့်၊ နောက်ပြီး ဘဘ ဦးသုခရဲ့ ညွှန်ပြမှုတွေကြောင့် လူမှုရေးထဲကို ဝင်လာတာ”
ဒီလို ပရဟိတလုပ်ငန်းတွေ လုပ်နေတုန်း ဘယ်လိုအခက်အခဲတွေ ကြုံရလဲရှင့်။
“အခက်အခဲတွေ အများကြီး ရှိခဲ့ပါတယ်။ ကျနော်တို့ လူမှုရေးအလုပ်ကို ဖြောင့်ဖြောင့်တန်းတန်း မလုပ်ရဘူး၊ ကျနော်တို့ နိုင်ငံရေးလုပ်နေတာ မဟုတ်ပါဘူး။ တချို့က ကျနော်တို့ကို အငြိအစွန်းတွေ လုပ်နေတာလို့ မြင်ကြတယ်။ ပြောရရင်တော့ အများကြီးပါပဲ။ အနှောင့်အယှက်ပေးတာတွေ၊ တရားစွဲမယ့်အဆင့် ထောင်ချခံရမယ့် အဆင့်တွေတောင် ရောက်ခဲ့ပါတယ်။ ဒါကို ကျနော်တို့က ကြံ့ကြံ့ခံပြီး မှန်တဲ့အတိုင်း လုပ်တဲ့အတွက် အခုအချိန်ထိ ရှိနေတာပါ။ ၂ဝဝ၁ ခုနှစ် ကတည်းက လူမှုရေးကို လုပ်လာတဲ့အခါ အလှူငွေထဲက ပိုက်ဆံတပြားမှ မယူပါဘူး။ ကျနော်တို့က နာရေးအသင်းရှိတဲ့ နေရာကို ကိုယ့်စရိတ်နဲ့ ကိုယ်သွားတယ်။ ရောက်ရင် အလုပ်လုပ်ပြီး ကိုယ်စရိတ်နဲ့ကိုယ် ထမင်းဝယ်စားတာပါ။ လခစား ဝန်ထမ်းတွေလောက်ပဲ လစာပေးပါတယ်”
၁ဝ နှစ်တာကာလ အောင်မြင်တိုးတက်မှု အခြေအနေကို ဘယ်လိုမြင်မိလဲ။
“ကျနော်တို့ စစလုပ်တုန်းက လူ ၂ဝ ၊ အစိတ်လောက်နဲ့ စခဲ့တာ။ အခုဆိုရင် စေတနာ့ဝန်ထမ်း အပါအဝင် အယောက် ၂ဝဝ ကျော် ရှိသွားပြီ။ နိဗ္ဗာန်ယာဉ်ဆိုရင်လည်း အရင်က တစီးနှစ်စီးကနေ အခု ၁၇ စီး၊ ၁၈ စီး ဖြစ်နေပါပြီ။ အသင်းကလည်း အခုဆိုရင် စနစ်တကျနဲ့ လုပ်နေပါပြီ။ မော်တော်ယာဉ်ဌာန၊ ဆေးဌာန စသဖြင့် လုပ်ဆောင်နေပါတယ်”
ရန်ပုံငွေကိုရော ဘယ်လို ရှာလဲရှင့်။
“ကျနော်တို့က ရန်ပုံငွေ မရှာပါဘူး။ ကျနော်တို့က အလှူရှင်တွေက လာလှူတဲ့ ငွေနဲ့ပဲ သုံးတာပါ။ ကျနော်တို့ NGO က နိုင်ငံခြားမှာ လုပ်တဲ့ NGO လို Proposal တင်ပြီး လုပ်တာ မဟုတ်ဘူး။ ဘယ်မှာ Proposal မတင်ပါဘဲ လာလှူတဲ့ လူတွေရဲ့ ငွေနဲ့ပဲ စနစ်တကျ လုပ်တာပါ”
ဒါဆို စစတုန်းက ဘယ်လိုမတည်ခဲ့ကြလဲ။
“စလုပ်တုန်းက ပါတဲ့လူတွေကပဲ ငွေကြေးစိုက်ထုတ် မတည်ပြီး၊ နိဗ္ဗာန်ယာဉ် ဝယ်ပြီး လုပ်ခဲ့တာပါ။ နောက်ပိုင်း ပြည်တွင်းပြည်ပက အလှူရှင်တွေက လှူတဲ့ငွေနဲ့ လုပ်ဖြစ်ပါတယ်။ ပြည်တွင်းနဲ့ ပြည်ပက အလှူတွေက မျှမျှတတပဲ ရှိပါတယ်။ ပြည်ပကတော့ တနှစ်တခါ စုပေါင်းလှူတာတို့၊ ဓာတ်မှန်ခန်း ဆောက်မယ်ဆိုရင် စုပေါင်းပြီး လာလှူတာတို့ ရှိပါတယ်။ နောက်ပြီး သင်္ဘောသားတွေ ပြန်တက်လာတဲ့အခါ လာလှူကြတာတို့ ရှိပါတယ်”
လစဉ်၊ နှစ်စဉ် ကုန်ကျစရိတ်တွေကိုရော သိလို့ရမလား။ အလှူငွေ လုံလောက်မှု ရှိမရှိ အခြေအနေလေးပါ သိချင်ပါတယ်။
“နာရေးကူညီမှုအသင်းနဲ့ ဆေးခန်းအတွက်ပဲ တလကို သိန်း ၃ဝဝ ကျော် ရှိပါတယ်။ တနှစ်ကို သိန်း ၃၆ဝဝ ကျော် ရှိပါတယ်။ လုံလောက်မှု ရှိပါတယ်။ မျှတအောင် ကုန်သင့်ကုန်ထိုက်တာကိုပဲ အကုန်ခံတယ်။ မလိုအပ်တဲ့ နေရာမှာ အကုန်မခံပါဘူး။ အခုချိန်ထိတော့ အချိုးညီပါတယ်”
လတ်တလောမှာ ဘာလိုအပ်ချက်တွေ ရှိနေလဲ။
“အဆောက်အဦးတွေ ပြန်ဆောက်နေတာ ရှိတယ်။ ဓာတ်မှန်ခန်းက ဇွန်လဆိုရင် ဖွင့်နိုင်ပြီ။ နာရေးရုံးခန်း မရှိသေးဘူး။ ဆေးခန်းထဲမှာ အခန်းတခန်းယူပြီး ဖွင့်နေရတယ်။ လူနာ နားနေဆောင် ပြန်ဆောက်ရမယ်။ ကားဂိုဒေါင်ရုံ ဆောက်ဖို့ရှိမယ်။ မီးစက်ဝယ်ရမယ်။ အဝီစိရေတွင်း တူးရမယ်။ အဲဒါတွေအတွက် လိုအပ်နေပါသေးတယ်”
ပိတ်ပင်ခံထားရတဲ့ အနုပညာလုပ်ငန်း ပြန်လုပ်ခွင့် ရမယ်ဆိုရင်ရော … ။
“ကျနော့်ကို ၂ဝဝ၇ ခုနှစ်ကတည်းက ပိတ်ထားတာ၊ သရုပ်ဆောင်ခွင့် စာရေးခွင့် ဘာမှ လုပ်ခွင့် မရပါဘူး။ ပြန်လုပ်ခွင့် ရရင်တောင် မလုပ်တော့ပါဘူး။ အဲဒီအလုပ်ကိုလည်း မနှစ်မျို့တော့ဘူး။ အများနဲ့လုပ်ရတဲ့ ကိစ္စ၊ ကုသိုလ်မရတာ များတယ်။ ကုသိုလ်ရတဲ့ အလုပ်ပဲ လုပ်တော့မယ်။ အခြေအနေ ပေးလာခဲ့ရင် သမိုင်းအဖြစ်မှန်တွေကို ဒါရိုက်တာအဖြစ် ရိုက်ကူးဖြစ်မယ်။ ပရဟိတ အလုပ်ကိုပဲ ဇောက်ချလုပ်တော့မယ်”
ဦးကျော်သူရဲ့ Facebook က သုံးရတာ အခက်အခဲ ရှိနေတယ်လို့ ကြားမိတယ်။
“ဟုတ်တယ်။ ကျနော် လုပ်ထားတာတော့ မဟုတ်ဘူး။ ကျနော့်မိတ်ဆွေ အင်္ဂလန်က တယောက်၊ စင်္ကာပူက တယောက်ရယ် လုပ်ပေးတာ။ ကျနော်လည်း အဲဒီမှာ ကျနော့်လုပ်ဆောင်ချက်တွေကို ရေးပြီး တင်တယ်။ fan ပရိသတ် တသောင်းကျော်လာတဲ့အခါမှာ ဘယ်သူက သွားပြီး Facebook ကုမ္ပဏီကို ပြောလိုက်တယ်မသိဘူး။ ပိတ်လိုက်တယ်။ ကျနော်ရေးချင်တဲ့ ဆောင်းပါးတွေ ရေးမရတော့ဘူး။ comment ပေးလို့ မရတော့ဘူး။ အခုတော့ comment ပေးလို့ ရတယ်။ ဒါပေမဲ့ ကျနော် ရေးချင်တဲ့ အကြောင်းအရာ အသစ်တွေတော့ တင်လို့ မရသေးဘူး။ အခမဲ့ နာရေးကိစ္စ ကူညီနေတဲ့၊ အခမဲ့ ဆေးကုသပေးနေတဲ့ လူတွေကို ဒီလိုလုပ်တာ မကောင်းပါဘူး။ မလုပ်သင့်ပါဘူး”
Facebook စာမျက်နှာက ကိုကျော်သူရဲ့ ပရဟိတ လုပ်ငန်းကို တစုံတရာ အကျိုးဖြစ်စေလား။
“အများကြီး ဖြစ်စေပါတယ်။ Facebook ကပဲ အလှူငွေတွေ တက်လာတာပါ။ ကမ္ဘာအနှံ့မှာ ရောက်နေတဲ့ မြန်မာပြည်နဲ့ အဆက်အသွယ်ပြတ်နေတဲ့ မြန်မာတွေက Facebook စာမျက်နှာကို ကြည့်ပြီး နာရေးကူညီမှု အသင်းရဲ့ လူမှုရေးလုပ်ငန်း လုပ်နေတာကို သိကြပြီး လှူကြတာ။ ထို့နည်တူစွာ ပြည်သူဂုဏ်ရည်ဆုကလည်း Facebook ကြောင့် လူသိများလာတာလို့ ထင်ပါတယ်။ ဒါကြောင့် ကျနော့်ကို စာမျက်နှာလုပ်ပေးတဲ့ အင်္ဂလန်နဲ့ စင်္ကာပူက မိတ်ဆွေတွေကို ကျေးဇူးတင်ပါတယ်”
နာရေးကူညီမှုအသင်းက ရန်ကုန်အပြင် တခြားမြို့တွေမှာ ရှိသေးလား။
“တခြားမြို့က အသင်းတွေက ကျနော်တို့နဲ့ ပတ်သက်မှုတော့ မရှိဘူး။ သက်ဆိုင်ရာ မြို့တွေမှ ကျနော်တို့ကို အားကျပြီး ဖွဲ့တာတွေ ရှိပါတယ်။ အသင်းဖွင့်ပွဲတွေမှာ ကျနော့်ကို ဖိတ်လို့ ၂ဝဝ၇ မတိုင်ခင်က မြို့ပေါင်း ၅ဝ ကျော်မှာ ဖွင့်ပေးခဲ့တယ်။ ၂ဝဝ၇ နောက်ပိုင်းတော့ ခရီးသွားခွင့် အခက်အခဲရှိလို့ မသွားဖြစ်တော့ဘူး။ ညဘက်တွေဆိုရင် အယူသီးတာတွေ ပပျောက်အောင် ဟောပြောပွဲတွေ လုပ်ပါတယ်။ ကျနော်ကိုယ်တိုင် ကားမောင်းပြီး အလောင်းတွေ လိုက်ပို့ပေးပါတယ်”
ပရိသတ်ကို ပြောချင်တာရှိရင် ပြောပြပေးပါ။
''ကျနော် ဒီအလုပ်ကို တသက်လုံး လုပ်သွားမှာပါ။ ဒီအလုပ်က ၃၁ ဘုံမှာ ဘယ်ဘုံမှာမှ လုပ်လို့ မရဘဲ လူ့ဘုံမှာမှ လုပ်လို့ရတဲ့ အလုပ်ပါ။ အဲဒါကြောင့် ဒီအလုပ်ကို ဇောက်ချလုပ်သွားမှာပါ။ ကျနော်တို့ နာရေး အလုပ်လုပ်တဲ့အခါ အယူသီးမှုတွေကို အများကြီး ကြုံရတယ်။ အဲဒါတွေကို ချွတ်ပေးကြပါ။ လမ်းထဲကို နိဗ္ဗာန်ယာဉ်ဝင်ရင် ဒီဘက်ထိပ်က မဝင်ရဘူး၊ ဟိုဘက်ထိပ်က မဝင်ရဘူး။ မင်္ဂလာမရှိဘူးလို့ ယူဆကြတယ်။ တချို့က လမ်းခင်းထားတာ အသစ်မို့လို့ မဝင်ခိုင်းတာတို့ ရှိတယ်။ ဒါတွေက မလုပ်သင့် မလုပ်ထိုက်တာတွေပါ။ ဒါဆိုရင် အဲဒီလမ်းက လူတွေရော မသေကြတော့ဘူးလား။ သေတဲ့လူတွေ ဖြောင့်ဖြောင့်တန်းတန်း သွားနိုင်အောင် ကူညီပေးကြပါ။ တိရစ္ဆာန် မသာတွေကျတော့ ခုတ်ထစ်ပြီး ပါးစပ်ထဲ ထည့်ကြတယ်။ လူမသာတွေကျတော့ ရပ်ကွက်ထဲ၊ လမ်းထဲ အဝင်မခံဘူးဆိုတာမျိုး မလုပ်ကြပါနဲ့လို့ ပြောချင်ပါတယ်''
http://www.mizzimaburmese.com/interview/5275-2010-04-26-14-08-15.html
နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ “ပြည်သူ့ဂုဏ်ရည် ဦးကျော်သူ” နှင့် ဘားမားပါပါရာဇီ တွေ့ဆုံမေးမြန်းခြင်း
ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြုပွဲတွင် ဆုရရှိသွားသော နာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဌ
" ပြည်သူ့ဂုဏ်ရည် ဦးကျော်သူ" နှင့် ဘားမားပါပါရာဇီ တွေ့ဆုံမေးမြန်းခြင်း
~~~~~~~~~~~~~~~~~~
ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြုပွဲ အခမ်းအနားကို ပြည်ပရောက် မြန်မာနိုင်ငံသားများ စုစည်း၍ မြန်မာနိုင်ငံအတွင်း လူမှုရေးလုပ်ငန်းများ၊ ထူးထူးချွန်ချွန် ဆောင်ရွက်နေကြသူများအား ကျေးဇူးတင် ဂုဏ်ပြုသည့် အခမ်းအနား တစ်ရပ်ကို လော့စ်အိန်ဂျယ်လိစ်မြို့၊ အမေရိကန်ပြည်ထောင်စုတွင် ၂၄.၄.၂၀၁၀ (စနေနေ့) ညနေ (၅း၀၀)နာရီမှ (၇း၀၀)နာရီအတွင်း ကျင်းပခဲ့ရာ ၂၀၁၀ ခုနှစ်ရဲ့ Citizen of Burma ပြည်သူ့ဂုဏ်ရည်ဆုကို မြန်မာနိုင်ငံမှ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူမှ ရရှိသွားခဲ့ပါသည်။
ဆုရရှိမှုနှင့် ပတ်သက်၍ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူအား သွားရောက်ပြီး မေးမြန်းခဲ့ရာ ဦးကျော်သူမှ အောက်ပါအတိုင်း ပြန်လည် ဖြေကြားသွားခဲ့ပါသည်။
Burma : မင်္ဂလာပါ ဦးကျော်သူ ။ အခု Citizen of Burma အဖွဲ့အစည်းက ချီးမြှင့်တဲ့ ပြည်သူ့ဂုဏ်ရည်ဆုကို ရရှိသွားတယ်လို့ ကျွန်တော်တို့ သတင်းကြားသိရပါတယ်။ အဲဒီ သတင်းက မှန်ပါသလား ခင်ဗျာ။
ကျော် : သတင်းမှန် မမှန်တော့ ကျွန်တော်လည်း မသိသေးဘူး။ ခုနကတော့ မူဆယ် နာရေးကူညီမှုအသင်း ကနေပြီးတော့ ကျွန်တော်ကို ဖုန်းဆက်အကြောင်းကြားတယ်။ အင်တာနက်မှာ ပါနေပြီလို့ ပြောတယ်။ ကိုကျော်သူ ၀မ်းသာပါတယ်ဆိုပြီးတော့ အကြောင်းကြားတယ်။ အိမ်ရောက်တော့ အိမ်မှာပြန်ကြည့်တော့ ကျွန်တော် အီးမေးလ်ထဲမှာ ဘယ်သူဆီကမှ ဘာမှ မရောက်သေးပါဘူး။ ဒါပေမယ့် Citizen of Burma ဆိုဒ်ကို ကျွန်တော် ဖွင့်ကြည့်လိုက်တော့ အဲဒီမှာ “ ကျော်သူဆုရတယ် ” ဆိုပြီးတော့ စာတစ်ကြောင်းပဲ တွေ့တယ်။
Burma : ဆုရတယ်လို့ အဲဒီ စာကြောင်းလေး တွေ့လိုက်ရတဲ့အခါမှာ ဦးကျော်သူအနေနဲ့ ဘယ်လိုခံစားရပါသလဲ။
ကျော် : ဘယ်လိုခံစားရသလဲဆိုတော့ ကျွန်တော် ပိုပြီးတော့ တာဝန်ရှိသွားပြီ။ ပိုပြီးတော့ ဒီထက်မက အများကြီး ပြည်သူတွေကို ပေးဆပ်ဖို့ တာဝန်တွေ ပိုလာပြီလို့ ကျွန်တော် သတ်မှတ်ပါတယ်။
Burma : အရင်တုန်းကလည်း ပြည်သူ့ဘက်သား အနုပညာသမားဆိုပြီးတော့ ဆုကို ဦးကျော်သူ ရခဲ့သေးတယ်နော်။ အဲဒီိဆုကို ဘယ်ခုနှစ်က၊ ဘယ်ဌာနကနေ ပေးတယ်ဆိုတာကို မှတ်မိပါသေးလား။
ကျော် : ပြည်သူ့ဘက်သား အနုပညာသမားက ၂၀၀၉ ခုနှစ်က ပေးတာပါ။ အင်္ဂလန်ရောက် မြန်မာပြည်သူတွေ ပြည်သားတွေ ဖွဲ့စည်းထားတဲ့ အဖွဲ့ကနေပြီးတော့ ချီးမြှင့်တာပါ။ အဲဒါ သူတို့ သင်္ကြန်ပွဲလုပ်ရင်းနဲ့ အဲမှာ ပြည်သူ့ဘက်သား အနုပညာသမားဆိုပြီးတော့ ဆုရွေးချယ်မယ်ဆိုပြီးတော့ ကျွန်တော်ကို ချီးမြှင့်လိုက်တာပါ။
Burma : အရင်တုန်းက ဦးကျော်သူက ရုပ်ရှင်သရုပ်ဆောင် အနုပညာသမားတစ်ယောက် ဖြစ်ခဲ့တယ်။ အဲဒီ ရုပ်ရှင်သရုပ်ဆောင် အနုပညာသမား ဖြစ်ခဲ့တဲ့အချိန်မှာ အကယ်ဒမီဆုတွေလည်း ရရှိခဲ့တယ်။ ဒါရိုက်တာဆုတွေလည်း ရရှိခဲ့တယ်။ အဲဒီ အကယ်ဒမီဆုတွေရလို့ ပျော်ရွှင်မှုနဲ့ အခု လူမှုရေးလုပ်ငန်းတွေ လုပ်ကိုင်လို့ ရရှိတဲ့ ပြည်သူ့ဂုဏ်ရည်ဆုကို ရတဲ့အခါမှာ ဘယ်လို ကွာခြားသလဲ။ ခံစားချက်ပေါ်မှာပေါ့။
ကျော် : ရုပ်ရှင်အကယ်ဒမီဆု ဆိုတာကတော့ ကျွန်တော် ရုပ်ရှင်ကား တစ်ကားရိုက်တယ်ဆိုရင် သရုပ်ဆောင်မှုကို ပီပြင်အောင် သရုပ်ဆောင်တဲ့ ဇာတ်ကောင်စရိုက်ကို ပီပြင်အောင် သရုပ်ဆောင်ရပါတယ်။ အဓိက ကတော့ ဇာတ်ကောင်စရိုက်ကို ပီပြင်အောင် သရုပ်ဆောင်တယ်ဆိုတာ အကယ်ဒမီဆုဆိုတာကြီးကို ရည်မှန်းပြီး သရုပ်ဆောင်ကြတာများတယ်။ ဒီ ဆုရရှိရေးအတွက် သရုပ်ဆောင်ကြတာများတယ်။ ဒီ အခု လူမှုရေးဆုဆိုတာကတော့ ဒါဟာ ကျွန်တော်တို့ ဘယ်လိုမှ ရည်မှန်းလို့ မရပါဘူး။ ရည်မှန်းလို့ မရဘူး။ ကိုယ့်အလုပ် ကိုယ်လုပ်ခဲ့တယ်။ ကိုယ့်တာဝန် ကိုယ်ကျေခဲ့တယ်။ အဲဒီအတွက် ပြည်သူကနေပြီးတော့ အသိအမှတ်ပြုပြီးတော့ ဒီ မဲစနစ်နဲ့ ရွေးချယ်ခံရတာ။ အဲဒီတော့ ဒီ ပြည်သူ့ဂုဏ်ရည်ဆုကတော့ မြန်မာရုပ်ရှင် အကယ်ဒမီဆုနဲ့ အရမ်းကို ကွာဟလွန်းပါတယ်။ အကယ်ဒမီဆုနဲ့လည်း မနှိုင်းယှဉ်အပ်ဘူး။ ဒီ ပြည်သူ့ဂုဏ်ရည် ဆုဆိုတာ အင်မတန်ကို အမြတ်တနိုး၊ ကိုယ့်ဘ၀ သမိုင်းမှတ်တိုင်တစ်ခုအဖြစ် အမြတ်တနိုး ထားရှိရမယ့် ဆုလို့ ကျွန်တော်မြင်တယ်။ ပြီးတော့ အခုပေးတဲ့ ပြည်သူ့ဂုဏ်ရည်ဆုဆိုတာ နိုင်ငံတကာ အော်စကာဆုပေးပွဲလို အဲလို ပုံစံမျိုးနဲ့ ပေးတာကို ကျွန်တော် သဘောကျတယ်။ ဥပမာ - ဒီ ပထမဦးဆုံး စာရင်းအရ (၂၄)ဦးပေါ့လေ။ အသင်းအဖွဲ့အစည်းရော၊ လူပုဂ္ဂိုလ်တွေရော၊ ရဟန်းသံဃာတွေရော (၂၄) ဦးကို ရွေးထားတယ်.။ နောက်ဆုံး ဆန်ကာတင် (၅)ဦးကို ထပ်ရွေးချယ်တယ်။ ဒီ ဆန်ကာတင် (၅) ဦးကိုမှ အခမ်းအနားနေ့မှာ ဆုပေးရမယ့် သူကို ဆန္ဒမဲပေးပြီး ဆုံးဖြတ်လိုက်တယ်။ ဒါက အော်စကာဆုပေးတဲ့ ပုံစံမျိုး၊ အော်စကာဆုဆိုတာကလည်း ဆန်ကာတင် ဇာတ်ကား (၅) ကား ရွေးတယ်။ ဘယ်ကား ဘယ်ကားတွေပါလဲ။ ဒါ မျှော်လင့်ချက် ပေးလိုက်ပြီ။ အဲဒီ မျှော်လင့်ချက်တွေထဲမှာ ဒီကားကတော့ ဟိုကားထက် ဘယ်လိုသာလို့ ဓါတ်ပုံတော်လို့ သရုပ်ဆောင် တော်လို့ဆိုပြီးတော့ ပေးလိုက်တာ။ ဒါကတော့ အင်မတန် မြင့်မြတ်တဲ့ ဆုပေးခြင်း ရွေးကောက်တယ်လို့ ကျွန်တော်မြင်ပါတယ်။
Burma : အခု Citizen of Burma ကပေးတဲ့ ပြည်သူ့ဂုဏ်ရည်ဆုကို ရရှိတဲ့အခါမှာ ဦးကျော်သူအနေနဲ့ ဒီလူမှုရေး လုပ်ငန်းဆိုတဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ လုပ်ဆောင်ချက်တွေ အောင်မြင်တယ်လို့ ထင်ပါသလား။
ကျော် : ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်ပေါ်မှာ ကျွန်တော်တစ်ဦးတည်း လုပ်တာလည်း မဟုတ်ဘူး။ ကျွန်တော်အနောက်မှာ ရှိတဲ့ အသင်းသူ အသင်းသားတွေ၊ အလုပ်အမှုဆောင်တွေအားလုံး တက်တက်ကြွကြွ လုပ်ကြတယ်။ အလှူရှင်တွေကလည်း တကယ့်ကို နှစ်နှစ်ကာကာနဲ့ လှူဒါန်းကြတယ်။ လှူဒါန်းကြတဲ့ အတွက်လည်း ကျွန်တော်တို့ လုပ်ငန်းဟာ အောင်မြင်လာတယ်။ အောင်မြင်တဲ့ အတိုင်းအတာမှာ ကျွန်တော်တို့ကလည်း ထိထိမိမိနဲ့ နာရေးရှင်တွေ ဥပမာ - သုခကုသိုလ်ဖြစ်ဆေးခန်းဆိုရင် ရောဂါဝေဒနာရှိတဲ့ ဝေဒနာရှင်တွေ နောက်အခုဆိုရင် သုခအလင်းစာကြည့်တိုက် စာကြည့်ခန်းတွေ ဖွင့်ထားတယ်။ နောက် ကလေးစာသင်တန်း အင်္ဂလိပ်စာသင်တန်းတွေက အင်မတန်ကို အားတတ်စရာကောင်းပါတယ်။ ကလေးတွေအတွက် အင်္ဂလိပ်စာ သင်တန်းဆိုတာကလည်း ကျွန်တော်က ၁၉၅၉ ခုနှစ်မှာ မွေးလာတယ်။ ၁၉၆၂ ခုနှစ် ဦးနေ၀င်း အစိုးရလက်ထက်မှာ ကျွန်တော်တို့က ကြီးပြင်းလာတယ်။ ကျွန်တော် အင်္ဂလိပ်စာကို အတော်လေး အားနည်းတယ်။ ကျွန်တော် မိဘ အဖေ၊ အမေတို့က အင်္ဂလိပ်စာ ဆရာ ဆရာမကြီးတွေ ဖြစ်တယ်။ ကျွန်တော် ညီဆိုလည်း အခု အမေရိကားရောက်နေတယ်။ ကျွန်တော် အမဆိုလည်း ဆရာဝန်မကြီးပါ။ နောက်မျိုးဆက်သစ်ကလေးတွေ အင်္ဂလိပ်စာ တတ်စေချင်တဲ့ ဆန္ဒနဲ့ ကျွန်တော် ဒီအင်္ဂလိပ်စာ အခြေခံနွေရာသီ သင်တန်းလေးကို ကျွန်တော် အမျိုးသမီး ရွှေဇီးကွက်ကနေပြီးတော့ ဖွင့်လှစ်ပေးခဲ့တာကို ကျွန်တော်က တဖက်တလမ်းကနေ အားပေးမှုတွေ ကျွန်တော် လုပ်ပေးနိုင်ခဲ့ပါတယ်။
Burma : ဦးကျော်သူအနေနဲ့ ဒီ နာရေးကူညီမှုလုပ်ငန်းရယ်၊ သုခကုသိုလ်ဖြစ်ဆေးခန်းရယ်၊ သုခအလင်း စာကြည့်တိုက်တို့အပြင် နောက်ထပ် ဘယ်လိုလူမှုရေး ၀န်ဆောင်မှုလုပ်ငန်းတွေ ထပ်ပြီးတော့ လုပ်ဆောင်သွားမလဲ ဆိုတာလေး သိပါရစေ။
ကျော် : လူမှုရေး ၀န်ဆောင်မှုဆိုတာ မြန်မာပြည်မှာ လိုအပ်တာတော့ အများကြီးပါပဲ။ ဒါ အတိုင်းအတာ တစ်ခုအရ ခွင့်ပြုချက်ရှိမှ ကျွန်တော်တို့လည်း လုပ်ဆောင်နိုင်တယ်။ အခု နာရေးကိစ္စတို့၊ ဆေးခန်းကိစ္စတို့၊ ကလေးတွေ ပညာသင်တဲ့ သင်တန်းကိစ္စတွေဆိုလည်း သက်ဆိုင်ရာကနေပြီးတော့ အမြဲတမ်း လာပြီးတော့ စစ်ဆေးတာတွေ ဘာတွေရှိတယ်။ ဒါတွေက ကျွန်တော်တို့က ထိထိမိမိ လွတ်လွတ်လပ်လပ် ပံပိုးမှု မရနိုင်ဘူး။ မရနိုင်တဲ့ အတိုင်းအတာမှာ ရတဲ့ အခွင့်အရေးတိုင်း ထိထိမိမိ အကျိုးရှိအောင် ဆုံးဖြတ်ပြီးတော့ လုပ်ဆောင်ပေး အုံးမှာပဲ။ နောက်ထပ် ဖွင့်လှစ်မယ့် သင်တန်းတွေ ဆိုတာတော့ ကျွန်တော်လည်း လောလောဆယ် မပြောနိုင်သေးဘူး။
Burma : အခု ဦးကျော်သူ လက်ရှိလုပ်ဆောင်နေတဲ့ လူမှုရေးလုပ်ငန်းတွေကို ရုပ်ရှင်မင်းသား ဘ၀မှာရော၊ အခုလက်ရှိ ရုပ်ရှင်ရိုက် နားထားတဲ့ ဘ၀မှာရော လုပ်ဆောင်လာနိုင်တာက အချိန်ပိုပေးနိုင်တဲ့ အတွက်လား။ အစကတည်းက လူမှုရေးလုပ်ငန်းကို လုပ်ဆောင်ဖို့ ရည်ရွယ်ချက် ရှိခဲ့လို့ အားသွန်ခွန်စိုက် လုပ်ဆောင်ပေးနိုင်တာ လား ဆိုတာလေး ပြောပြပေးပါအုံး။
ကျော် : ကျွန်တော် ၂၀၀၁ ခုနှစ်ကတည်းက ကျွန်တော် ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာတစ်ယောက်ပေါ့လေ။ အဲဒီ အချိန်ကတည်းက ဒီ နာရေးကူညီမှုအသင်းဆိုတာကို စတင်ခဲ့တယ်။ အဲတော့ ဒီ အနုပညာကို ရှင်းရှင်းပြောရရင် ကျွန်တော်အခုဆိုရင် ဒီ အနုပညာကို ခုတုံးလုပ်ပြီးတော့ အနုပညာနဲ့ အောင်မြင်ခဲ့တဲ့ “ကျော်သူ” ဆိုတာကြီးကို ကျွန်တော် ပြန်အသုံးချပြီး ပြည်သူတွေအတွက် ကျွန်တော် ပေးဆပ်နေခဲ့ပါတယ်။ အဲဒီလို ပေးဆပ်နေတယ် ဆိုတာကလည်း ကျွန်တော်ကို ဆရာတော်ကြီးတွေက “ ကျော်သူ မင်း .. ဒီဟာကို လုပ်ရမယ်။ ငါတို့ ဘုန်းကြီးတွေလည်း စာအောင်ဘွဲ့တွေ ရတယ်။ ဒီ ဘွဲ့တွေ ရပြီဆိုရင် သာသနာပြုတာ ပိုပြီး ထိရောက်တဲ့အတွက် မောင်ကျော်သူ မင်းကလည်း ဒီဟာကို လုပ်ပါ ” ဆိုပြီး ဆရာတော်ကြီးတွေကလည်း ကျွန်တော်ကို အားပေးပါတယ်။ ဘဘ ဦးသုခကလည်း ကျွန်တော်ကို အမြဲတမ်း တိုက်တွန်းတယ်။ “ မင်း .. ပြင်သစ်ဝန်ကြီးချုပ်ကို သိလား။ မသိပါဘူး။ အီတလီ သမ္မတကို သိလား။ မသိပါဘူး။ ချာလီချာပလင်ကို သိလား။ သိပါတယ်။ အေး .. ဒါပဲ။ အနုပညာသမားဆိုတာ ဘယ်လုပ်ငန်းပဲလုပ်လုပ် အောင်မြင်တယ်။ ဒါပေမယ့် လုပ်တဲ့လုပ်ငန်းက လူသားအကျိုးပြု လုပ်ငန်းဖြစ်ဖို့က အရေးကြီးတယ် ” ဆိုတဲ့ ဘဘရဲ့ ဆုံးမ သြ၀ါဒကို ကျွန်တော် အခုထက်ထိ လက်ဆုပ်လက်ကိုင်ပြုပြီးတော့ လုပ်ဆောင်နေခဲ့ပါတယ်။
Burma : ဦးကျော်သူက ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ နောက်ပိုင်းမှာ ရုပ်ရှင်ရိုက်တာ အပိတ်ခံထားရတယ်။ တကယ်လို့များ လက်ရှိအခြေအနေမှာ နိုင်ငံရဲ့ ပေါ်လစီအပြောင်းအလဲကြောင့် ဦးကျော်သူ ရုပ်ရှင်ရိုက်ခွင့် ပြန်ရခဲ့လို့ရှိရင် ရုပ်ရှင် ပြန်ရိုက်အုံးမှာလား။ ဒါမှမဟုတ် လူမှုရေးလုပ်ငန်းတွေကိုပဲ ဆက်လက်လုပ်ဆောင် သွားမှာလား ဆိုတာလေး သိပါရစေ။
ကျော် : အခုချိန်မှာ ကျွန်တော်ကို ရိုက်ခွင့်ပေးတယ် ဆိုရင်လည်း မရိုက်တော့ဘူး။ ကျွန်တော် မရိုက်ဘူးဆိုတာ အခုလောလောဆယ် မြန်မာပြည်မှာ ဖြစ်နေတဲ့ ရိုက်ကူးနေတဲ့ ရုပ်ရှင်ကားတွေ၊ ဇာတ်လမ်းတွေ ပရိတ်သတ်ကို ချပြနေတဲ့ ဇာတ်လမ်းတွေက ပရိတ်သတ်အတွက် ဘာ အကျိုးပြုတာမှ မရှိဘူး။ ပရိတ်သတ်အတွက် အကျိုးရှိမယ့် ဥပမာ - အတ္ထုပတ္တိဇာတ်လမ်းမျိုး၊ သမိုင်းကြောင်းအမှန် ဇာတ်လမ်းမျိုးတွေတော့ အချိန်ပေးပြီး ရိုက်ပေးနိုင်ရင် ကျွန်တော် ရိုက်ချင်ပါတယ်။ ၂၀၀၇ ခုနှစ်က စပြီးတော့ အခုချိန်ထိဆိုရင် (၃) နှစ်ရှိပြီပေါ့။
အဲလို ပိတ်လိုက်တဲ့အတွက်လည်း ကျွန်တော်ကို ပိတ်လိုက်တဲ့ ပုဂ္ဂိုလ်တွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ (ဦးကျော်သူမှ နှုတ်ခမ်းတွန့်ရုံ တစ်ချက်ပြုံးပြီး) ဘာဖြစ်လို့လည်းဆိုတော့ သူတို့ ကျွန်တော်ကို ဒီလို ပိတ်ပင်လိုက်တဲ့အတွက် လူမှုရေး လုပ်ငန်းတွေ ပိုပြီးတော့ ဇောက်ချပြီး လုပ်နိုင်ခဲ့တယ်။ အဲဒီအတွက် ကျေးဇူးအများကြီး တင်ပါတယ်။
Burma : ဦးကျော်သူရဲ့ နာမည်နဲ့ Facebook မှာ kyaw thu`s fans ဆိုပြီးတော့ ဆိုဒ်တစ်ခုဖွင့်ထားတာကို တွေ့ရပါတယ်။ အဲဒီ ဆိုဒ်ဟာ ဦးကျော်သူတို့ ပြုလုပ်ခဲ့သမျှ၊ လူတွေကို ကူညီပေးခဲ့တဲ့ လူမှုရေးလုပ်ငန်း ဆောင်ရွက်ချက် အားလုံးကို ပြည်သူအားလုံး သိရှိအောင်၊ ကမ္ဘာနဲ့ အ၀န်းကို ရောက်ရှိနေတဲ့ မြန်မာပြည်သူ ပြည်သားတွေကိုရော၊ ကမ္ဘာလူသားတွေကိုရော တင်ပြပေးထားတဲ့ အဲဒီ Fans ဆိုဒ်ကိုလည်း အပိတ်ခံ ထားရတယ်လို့ ကြားပါတယ်။ အဲဒါရော ဟုတ်ပါသလား။
ကျော် : ဟုတ်ပါတယ်။ ပိတ်ထားပါတယ်။ ပိတ်ထားတာကလည်း ဘယ်လိုရည်ရွယ်ချက်နဲ့ ပိတ်လည်းတော့ မသိဘူး။ ဒါ ကျွန်တော် Facebook ပေါ်မှာ တင်တဲ့ကိစ္စတွေက နာရေးအခမဲ့ ကူညီပေးခြင်း၊ အခမဲ့ ဆေးကုသ ပေးခြင်း၊ အခမဲ့ ပညာသင်ကြားပေးခြင်း ဒီကိစ္စရပ်တွေပဲ ကျွန်တော် တင်ထားတာပါ။ ကျွန်တော်တို့ လုပ်ငန်း သဘောအရ လုပ်ငန်းမှာ တွေ့ထိတဲ့ အတိုင်းအတာ ကိစ္စတွေကို ကျွန်တော်တင်တာပါ။ နိုင်ငံရေး လှုံ့ဆော်မှု တွေလည်း မဟုတ်ဘူး။ ဒါပေမယ့် ဒီလို အလကား အခမဲ့ လုပ်ပေးနေရတဲ့ ကိစ္စကို အဲလို ပိတ်ဆို့မှု ဟန့်တားမှုတွေ လုပ်တာတော့ တော်တော်ကို ကျက်သရေ တုံးတဲ့ကိစ္စပါ။ ဒါကလည်း ကိုယ်ပြုတဲ့ကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမှာပါ။
Burma : ဦးကျော်သူ အခု ပြည်သူ့ဂုဏ်ရည်ဆုကို ရသွားပါပြီ။ Citizen of Burma ဆိုတဲ့ အဖွဲ့အစည်း ဖြစ်မြောက်လာအောင် ၀ိုင်းပြီးတော့ ထူထောင်ပေးကြတဲ့၊ လှုံ့ဆော်ပေးကြတဲ့ နိုင်ငံရပ်ခြားကို ရောက်နေကြတဲ့ မြန်မာပြည်သူ ပြည်သားတွေနဲ့ ဦးကျော်သူကို အားပေးနေကြတဲ့ မြန်မာပြည်သူ ပြည်သားတွေရော၊ အလှူရှင်တွေ ရော၊ ဦးကျော်သူရဲ့ နာရေးကူညီမှုအသင်းမှာ စေတနာ့ဝန်ထမ်း ကူညီလုပ်အားပေးနေကြတဲ့ အသင်းသူ အသင်းသားတွေရော သက်ဆိုင်သူ အားလုံးကို ဦးကျော်သူအနေနဲ့ ဘယ်လိုစကားမျိုးနဲ့ ကျေးဇူးတုံ့ပြန် ချင်ပါသလဲ။
ကျော် : ဒါက ကျွန်တော် လေးလေးနက်နက် ပြောရမယ့် ကိစ္စပါ။ ကျေးဇူးတင်ရမယ့် လူတွေကတော့ အများကြီးပဲ။ အခုလို ပြည်ပကနေပြီးတော့ ကျွန်တော်တို့ မြန်မာပြည်တွင်းမှာ ဒီလို ပြည်သူလူထုအတွက် လုပ်ဆောင်နေတဲ့ လူမှုရေးလုပ်ငန်း လုပ်ဆောင်နေတဲ့ လူတွေကို အခုလို ဆုချီးမြှင့်ခြင်း ပြုလုပ်ပေးနေတာလဲ။ အင်မတန်ကို တန်ဖိုးထားရတဲ့ ကိစ္စပါ။ မြန်မာလူမျိုးအတွက် မြန်မာပီသတဲ့ အလုပ်တစ်ခုလို့ ကျွန်တော် ထင်တယ်။ ဒါ ကိုယ့်လူမျိုးအတွက် အခုလို အဖက်ဖက်ကနေပြီးတော့ ကိုယ်ကျိုးစွန့်ပြီး လုပ်ကိုင်ဆောင်ရွက် ပေးနေတဲ့ လူမှုရေးသမားတွေလည်း အများကြီးရှိပါသေးတယ်။ အခြေအနေ အမျိုးမျိုးနဲ့ ပြည်ပရောက် မြန်မာလူမျိုးများက ပြည်တွင်းမှာ ရှိနေတဲ့ မြန်မာလူမျိုးများကို မြန်မာ ပီသစွာဖြင့် မျိုးချစ်စိတ်ဓါတ် ထက်သန်စွာ လေးလေးနက်နက် အသိအမှတ်ပြုခြင်းကို များစွာကျေးဇူးတင် လေးစားဦးညွှတ်လိုက်ပါတယ်။ ကျွန်တော် ဆိုလည်း ကျွန်တော်ရဲ့ သားနဲ့ သမီးကို ဒီ ၂၀၀၇ ခုနှစ်က စပြီးတော့ တွေ့ခွင့်မရတော့ဘူး။ ကျွန်တော်တို့ ပက်စပို့စ်တွေလည်း အပိတ်ခံထားရတယ်။ သားရော သမီးရော ဒီကို ပြန်မလာရဲကြဘူး။ ကျွန်တော်တို့ကလည်း မလာခိုင်းတော့ဘူး။ အဲတော့ မိသားစုကလည်း တစ်ကွဲတစ်ပြား ကိုယ့် အနုပညာလုပ်ငန်းကလည်း လုပ်ခွင့်မရ၊ အဲဒီတော့ နေ့စဉ်နဲ့ အမျှ မိုးလင်းတာနဲ့ ကိုယ့် ပိုက်ဆံနဲ့ ကိုယ် ဓါတ်ဆီထည့် ပြီးတော့ အသင်းကိုလာ။ အသင်းမှာ နာရေးကိစ္စတွေ ကူညီပြီးလုပ်ပေး။ ကိုယ့် ထမင်းကို ကိုယ့်ပိုက်ဆံနဲ့ ပေးဝယ်စား။ အဲလို လုပ်နေရပါတယ်။ အဖက်ဖက်က အခက်အခဲတွေ ကြားကနေပြီးတော့ လုပ်ဆောင်နေကြတဲ့အထဲမှာ အခုလို ပြည်သူ့ဂုဏ်ရည်ဆု ဆိုတဲ့ ဆုကြီးကို ဖန်တီးပေးခဲ့တဲ့ အသင်းအဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေ၊ ရဟန်းသံဃာတွေ အားလုံး၊ ဆန္ဒမဲပေးကြတဲ့ ပုဂ္ဂိုလ်အသီးသီး၊ ကျွန်တော်တို့ မျိုးရိုးထဲမှာလဲ သုဘရာဇာဆိုတဲ့ မျိုးရိုးလည်း မပါ ပါဘူး။ ဒီကမ္ဘာမြေပြင်ပေါ်ကို ကျွန်တော်ကို ရောက်အောင် ပို့ဆောင်ပေးခဲ့တဲ့ ကျွန်တော်ရဲ့ ဖခင် ဦးစိန်တင်နှင့် ကျွန်တော်ရဲ့ မိခင် ဒေါ်မြသန်း မြင်အပ် မမြင်အပ် ပုဂ္ဂိုလ်အသီးသီး ကျွန်တော်ရဲ့ ဘ၀မှာ အခုလို (၃) နှစ် (၃) မိုး ၀င်ငွေမရှိပဲ လူမှုရေး လုပ်ငန်းကို သစ္စာရှိရှိ သီလလုံခြုံစွာ ထမ်းရွက်ပေးမှုကို တဖက်တလမ်းမှ အားပေးကူညီ ခဲ့တဲ့ ကျွန်တော်ရဲ့ မဟေသီ ရွှေဇီးကွက်နဲ့ ဘာသာရေးနယ်ပယ်မှ တစ်ဆင့် လူမှုရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိအောင် လမ်းကြောင်းပေးခဲ့သော ကျွန်တော်ရဲ့ သား ပြည်သိမ်းကျော် (U.S.A)၊ သမီး မြင့်မိုရ်ဦး (Austrilia) တို့ကိုလည်း ရင်ထဲမှာ နှစ်နှစ်ကာကာ အထူးကျေးဇူးတင် ဦးညွှတ်မိပါတယ်။ (၃) နှစ် (၃) မိုး ၀င်ငွေ မရှိပဲနဲ့ ဘယ်လို ရပ်တည်နိုင်သလဲလို့ မေးရင် (၂၅) နှစ် အနှစ် (၃၀) ကြိုးစားခဲ့ရတဲ့ အနုပညာလောကမှ ပြည်သူပေးခဲ့တဲ့ သရုပ်ဆောင်ကြေးများကို စနစ်တကျ သိမ်းဆည်း တိုးပွားအောင် လုပ်ပေးခဲ့တဲ့ ကျွန်တော် ဇနီး ရွှေဇီးကွက်ကိုပဲ ထပ်မံပြီး ကျေးဇူးတင်ရမှာပါ။ မောင်တစ်ထမ်း မယ်တစ်ရွက်နဲ့ လုပ်ကိုင်ရင်း ကျွန်တော် မသေမီ အချိန်ထိ ဒါမှမဟုတ် လူသားတွေ ဘယ်တော့မှ မသေနိုင်တော့မယ့် အချိန်ထိ ကျွန်တော်ကတော့ ဒီ နာရေးကူညီမှု လုပ်ငန်းကို ဆက်လက်လုပ်သွားမှာပါ။ ဘာကြောင့်လည်း ဆိုတော့ ကျွန်တော်တို့ (၃၁) ဘုံမှာ ဘယ်ဘုံမှာမှ မရနိုင်တဲ့ ကုသိုလ်ကောင်းမှုကြီး ဖြစ်နေလို့ပါပဲ။ ဟု နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူမှ ၄င်း၏ ရင်တွင်းမှ စကားသံများကို လှိုက်လှိုက်လှဲလှဲ ပြောကြားသွားခဲ့ပါသည်။
-ဘားမားပါပါရာဇီ
Tuesday, April 27, 2010
လူမသာတွေကို လမ်းထဲ အဝင်မခံတာမျိုး မလုပ်ကြပါနဲ့
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment