သတင်းစာဆရာကြီး တက္ကသိုလ် ကိုကိုကြီး
ဝါရင့် သတင်းစာဆရာကြီး တက္ကသိုလ် ကိုကိုကြီးနှင့် တွေ့ဆုံခြင်း ၂ဝ၁ဝ ဧပြီ (၁၉)ရက်နေ့တွင် ဝါရင့်သတင်းစာ ဆရာကြီး တက္ကသိုလ် ကိုကိုကြီးနှင့် တွေ့ဆုံခဲ့သည်။ ဆရာ တက္ကသိုလ်ကိုကိုကြီးသည် သတင်းစာ လောကသို့ အသက်(၂ဝ) အရွယ်တွင် ဝင်ရောက်ခဲ့ပြီး သူ၏ သတင်းစာဆရာ ဘဝကို (သတင်းထောက်) ဘဝဖြင့် စတင်ခဲ့သည်။ သတင်းစာလောကတွင် နှစ်ပေါင်း များစွာ ကျင်လည်ခဲ့ပြီး (ဟန်ဂေရီ)နိုင်ငံမှ သတင်းစာ ပညာဒီပလိုမာဘွဲ့ကို (၁၉၇ဝ) ခုနှစ်တွင် ရရှိခဲ့သည်။ ၂ဝ၁ဝ ရွေးကောက်ပွဲအကြို ပြည်တွင်းထုတ် မီဒီယာ များတွင် နိုင်ငံရေးနှင့် ဆက်နွယ်သောသတင်းများကို ဖော်ပြလာချိန်တွင် နိုင်ငံရေးပါတီ၊ နိုင်ငံရေး သမား နှင့် ပြည်သူလူထုကို အဓိက ဆက်သွယ် ပေးသူမှာ မီဒီယာများဖြစ်သည်။ ယင်းမီဒီယာများသည် ဘက်လိုက်သင့်သလား၊ ကြားနေသင့်သလား၊ အမှန်အတိုင်း တင်ပြသင့်သလား စသော မီဒီယာ၏ အခန်း ကဏ္ဍသည် ယနေ့အချိန်တွင် အရေးကြီးလာသည်ဟု လျှပ်တစ်ပြက် သတင်းဂျာနယ်မှ ထင်မြင်ယူဆမိပါသည်။ မီဒီယာ အခန်းကဏ္ဍနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ ဝါရင့်သတင်းစာဆရာ များတွင် တစ်ယောက် အပါအဝင်ဖြစ်သော၊ သတင်းစာဆရာ အဖြစ် ခေတ်လေးခေတ်ကို ဖြတ်သန်းခဲ့သော သတင်းစာဆရာ လုပ်သက် နှစ်(၅ဝ)ရှိခဲ့သော ဆရာ တက္ကသိုလ်ကိုကိုကြီးနှင့် တွေ့ဆုံခဲ့သည်များကို ဖော်ပြလိုက်ပါသည်။
မေး။ ။ ဆရာ သတင်းစာဆရာဘဝအစကို အရင်ဆုံးပြောပြပေးပါဆရာ။
ဖြေ။ ။ ၁၉၅ဝ ကျော်ကာလမှာ ကျွန်တော်က အားကစားကို ဝါသနာပါတယ်။ ဘောလုံးပွဲတွေလည်း အတော်လေး ကြည့်တဲ့အချိန်။ အဲဒီအချိန်မှာ မဏ္ဍိုင်သတင်းစာက ဆရာဦးထိန်လင်း၊ ဆရာ ဦးထွေးအောင်တို့နဲ့ ဘောလုံးပွဲကြည့်ရင်း ခင်မင် ရင်းနှီးလာတယ်။ ဘောလုံးပွဲ ကြည့်တဲ့အခါ အတူတူ ကြည့်တယ်။ အတူတူပြန်တယ်။ ရန်ကုန်ဘူတာကြီး ကနေ အတူတူ ပြန်ကြတယ်။ အဲဒီမှာ သူတို့နဲ့ ဘောလုံးပွဲ အကြောင်းတွေ ပြောရင်း ခင်မင်သွားတယ်။ အဲဒီမှာ ဦးထိန်လင်းက မင်း အားကစား ဝါသနာပါတာပဲ။ အားကစားအကြောင်း ဆောင်းပါးလေး ဘာလေး ရေးပါလားဆိုတာနဲ့ ကျွန်တော် မဏ္ဍိုင်သတင်းစာမှာ ဘောလုံးဆောင်းပါးလေးစရေးဖြစ်တယ်။
''ဆိုဗီယက်ပြည်ထောင်စုရဲ့ ဘောလုံးလောကအကြောင်း''စရေးဖြစ်တယ်။ အဲဒီမှာရေးရင်းနဲ့ ပြည်တွင်းအားကစား သတင်းတွေ ရေးဖြစ်တယ်။ နောက်သူတို့နဲ့ အဆက်အသွယ်ရပြီး မဏ္ဍိုင်မှာ အားကစား သတင်းထောက် စလုပ်ခဲ့တယ်။ ၁၉၅၅-၅၆ ကာလတွေမှာပါ။ ကျွန်တော်က တက္ကသိုလ်လည်း တက်နေတဲ့ အချိန်ဆိုတော့ အားကစားသတင်းတွေ ရေးတယ်။ အားကစားဆောင်းပါးတွေရေးပေးတယ်။ နောက်တစ်ခါ ဘွင်းဘွင်း သတင်းစာအတွက် ဘောလုံး သတင်းတွေရေးဖြစ်တယ်။နောက် ၁၉၅၉ ဗန်ကောက်မှာ လုပ်တဲ့ ပထမအကြိမ် ကျွန်းဆွယ် အားကစားပြိုင်ပွဲကို ဘွင်းဘွင်း သတင်းစာ ကိုယ်စားပြုပြီး ကျွန်တော် သွားရတယ်။ ကျွန်တော်ရယ်၊ ဦးထိန်လင်းရယ်၊ ဟံသာ ဝတီက ကိုသန်းညွန့်ရယ် သုံးယောက် သွားကြတယ်။ ကျွန်တော့်ရဲ့ သတင်းစာ ဆရာဘဝ အစကတော့ အားကစား သတင်း ထောက်ဘဝ နဲ့ စခဲ့တယ်။ အားကစားသတင်းကို ကျွန်တော် နှစ်အတော်ကြာကြာ ရေးခဲ့တယ်။ နောက်တံခွန်ဂျာနယ်ကို စထောင်တဲ့ထဲမှာ ပါခဲ့တယ်။ တံခွန်ဂျာနယ် ဆိုတဲ့ အမည်ကိုလည်း ကျွန်တော်ပဲရွေးပြီး ပေးခဲ့တာ။
မေး။ ။ ဆရာ သတင်းစာဆရာ ဘဝနဲ့ ဘယ်ခေတ်တွေကို ဖြတ်သန်းခဲ့ရပါသလဲ ဆရာ။ ဆရာ ဖြတ်သန်းခဲ့ရတဲ့ ခေတ်တွေကို ပြောပြပါဦး။
ဖြေ။ ။ ဖဆပလ နှောင်းပိုင်း၊ ပါလီမန်ဒီမိုကရေ စီခေတ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်။နဝတခေတ်။ နအဖ ခေတ်။ ခေတ်လေးခေတ်ကို ဖြတ်သန်းခဲ့ဖူးပါတယ်။
မေး။ ။ ဆရာ အဲဒီခေတ်တုန်းက နေ့စဉ်ထုတ် သတင်းစာ ဘယ်နှစ်စောင်လောက်ရှိလဲ။
ဖြေ။ ။ ကျွန်တော် မှတ်မိသလောက် နေ့စဉ်ထုတ် သတင်းစာ အစောင်(၂ဝ) လောက်ရှိမယ်။
မေး။ ။ အဲဒီခေတ်တုန်းက အစိုးရကထုတ်တဲ့ သတင်းစာ ဘာတွေရှိခဲ့လဲ။
ဖြေ။ ။ အဲဒီခေတ်တုန်းက အစိုးရက ထုတ်တဲ့ သတင်းစာဆိုတာ မရှိဘူး။ အဖွဲ့အစည်းကို ကိုယ်စားပြုတဲ့ သတင်းစာတော့ ရှိတယ်။ မဏ္ဍိုင်သတင်းစာ ဆိုရင် ဖဆပလကို ကိုယ်စားပြုတယ်။ ဖဆပလရဲ့ အသံကို အဓိကထားတယ်။ ပြည်ထောင်စု သတင်း စာဆိုရင် သန့်ရှင်းဖဆပလကို ကိုယ်စားပြုတယ်။ ၁၉၅၈-၆ဝ ကာလကျတော့ ဦးနုကို ထောက်ခံတဲ့ သတင်းစာရှိတယ်။ အိုးဝေသတင်းစာ ဆိုရင် ဦးနုကို ထောက်ခံတဲ့ သတင်းစာ အနေနဲ့ ရပ်တည်ခဲ့တယ်။ နောက် ဖဆပလဘက်က ဆိုရင် မဏ္ဍိုင်သတင်းစာဟာ ဖဆပလရဲ့ အာဘော်လို့တောင် ပြောလို့ရတယ်။ ဖဆပလအဖွဲ့က ငွေကြေး အကုန်အကျခံပြီး ထုတ်တယ်။ နောက်ပိုင်းကျတော့ ဖဆပလအဖွဲ့ချုပ်က နေပြီး မဏ္ဍိုင်သတင်းစာကို ဦးထွန်းဝင်းကို လွှဲပေးလိုက်တယ်။
မေး။ ။ အဲဒီခေတ်က သတင်းစာပညာနဲ့ ပတ်သက်တဲ့ သင်တန်းတွေအကြောင်း ပြောပြပေးပါဦးဆရာ။
ဖြေ။ ။ အဲဒီခေတ်တုန်းကတော့ သင်တန်းတွေ မတက်ခဲ့ရဘူး။ ဖဆပလခေတ်တုန်းကတော့ ဘာ သင်တန်းမှမရှိဘူး။ ကိုယ့်ဘာသာကို လက်တွေ့ ကွင်းပေါ်မှာ၊ လုပ်ငန်းခွင်ပေါ်မှာပဲ ကိုယ့်လက်တွေ့နဲ့ ကိုယ်ရေးရသားရတယ်။ ကျွန်တော် သင်တန်း တက်တာက ကြေးမုံကို ပြည်သူပိုင်သိမ်းပြီးတော့မှ။ အဲဒီတုန်းက တက္ကသိုလ်မှာဖွင့်တဲ့ သင်တန်းတွေတော့ ရှိတယ်။ နှစ်လည်း သိပ်မကြာလိုက်ဘူး။ ကျွန်တော်က အဲဒီတုန်းက တက္ကသိုလ်တက်နေတော့ သင်တန်းလည်း မတက်ဖြစ်ခဲ့ဘူး။ နောက်ကျတော့ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်းက ဖွင့်တဲ့ ကမ္ဘာအေး သင်တန်းမျိုးတော့ ရှိတယ်။ ကျွန်တော် မတက်ဖြစ်ခဲ့ဘူး။ ၁၉၆၆ မှာ ကြေးမုံကို ကျွန်တော် ရောက်တယ်။ ကြေးမုံကို စာမေးပွဲ ဝင်ဖြေရသေးတာနော်။ အဲဒီအချိန်တုန်းက ရပ်သွားတဲ့ သတင်းစာ တွေကနေ အပြင်မှာ ရောက်နေတဲ့ သတင်းစာ ဆရာတွေ ဝင်ဖြေကြရတယ်။ ဝင်ဖြေတော့ ကြေးမုံမှာ ကျွန်တော် အားကစား သတင်းထောက် အနေနဲ့ တာဝန်ယူရတယ်။ အဲဒီနောက်ပိုင်း ၁၉၆၇ မှာ ပြန်ကြားရေး ဝန်ကြီးဌာနကနေ စာပေဗိမာန်မှာဖွင့်တဲ့ သတင်းစာပညာ အတတ်သင်တန်းကျောင်း သင်တန်း ပထမအပတ်မှာ ကျွန်တော်တို့ တက်ခဲ့ရတယ်။
မေး။ ။ အဲဒီခေတ်က သတင်းစာပညာ သင်တန်း ပထမအပတ်မှာ ဆရာနဲ့ အတူတူ တက်ခဲ့တဲ့သူတွေက ဘယ်သူတွေလဲဆရာ။
ဖြေ။ ။ အဲဒီခေတ်က ကျွန်တော်နဲ့အတူတူ သတင်းစာပညာ သင်တန်း တက်ခဲ့တဲ့သူတွေက ကိုခင်မောင်ထွေး (ခင်မောင်ထွေး-ပျဉ်းမနား)၊ နောက်မောင်ပေါ်ထွန်း ချစ်စံဝင်း၊ စာရေးဆရာ မောင်ဝံသ တို့က ကျွန်တော်နဲ့ အတူတူ သတင်းစာ သင်တန်း ပထမအပတ်မှာ တက်ခဲ့တဲ့ သင်တန်းသားတွေဗျ။
မေး။ ။ ဆရာ့ကို ဟန်ဂေရီကိုကိုကြီးလို့ ဘာဖြစ်လို့ခေါ်ကြတာလဲ။
ဖြေ။ ။ ၁၉၇ဝ မှာ အဲဒီသတင်းစာ သင်တန်းကနေ ထပ်ဆင့်ရွေးပြီး ဟန်ဂေရီကို လွှတ်တယ်။ သတင်းစာပညာ သင်တန်းတက်ဖို့။ ကျွန်တော် ရယ်၊ ဦးစောမြင့် (ယခုကွယ်လွန်)ရယ်။ နှစ်ယောက် တစ်နှစ် သင်တန်း တက်ခဲ့ရတယ်။ ဟန်ဂေရီကနေ သတင်းစာ ပညာဒီပလိုမာ ဘွဲ့ရခဲ့တယ်။ အဲဒါကို မူတည်ပြီး သတင်းစာလောကက လူတွေက ကျွန်တော့်ကို ဟန်ဂေရီကိုကိုကြီး၊ ဟန်ဂေရီကိုကိုကြီးလို့ ခေါ်ကြတာပေါ့။
မေး။ ။ ဆရာ့ရဲ့ သတင်းစာဆရာဘဝ တစ်လျှောက် အမှတ်ရစရာလေး တစ်ခုလောက် ရှိရင် ပြောပြပေးပါဆရာ။
ဖြေ။ ။ ကျွန်တော့်သတင်းစာဆရာ ဘဝတစ်လျှောက် အမှတ်ရစရာ တစ်ခုကတော့ ၁၉၈၃ ခုနှစ်၊ အာဇာနည်ကုန်း ဗုံးပေါက်မှုပါပဲ။ အဲဒီတုန်းက တောင်ကိုရီးယား သမ္မတချန်ဒူးဝမ် မြန်မာပြည်ကိုလာလည် တယ်။ သမ္မတနဲ့အတူ ဝန်ကြီးအဖွဲ့တွေ၊ စီးပွားရေး လုပ်ငန်း ရှင်တွေ တော် တော်များများပါတယ်။ အဲဒီ အဖွဲ့လာတော့ သူတို့ အစီအစဉ်ထဲမှာ အာဇာနည် ကုန်းကို အလေးလာပြုဖို့ အစီအစဉ် ရှိ တယ်။ ကျွန် တော်က လည်း တောင်ကိုရီးယား သတင်းစာဆရာတွေကို ဆက်သွယ်ရေး တာဝန်ယူထားရတယ်။ အဲဒီတုန်းက ဆက်သွယ် ရေးတာ ဝန်ကို ကျွန်တော်နဲ့ အတူတူ ယူရတာက ဦးစပ်ကိုင်ဖ။ နောက်မြန်မာ့ သတင်းစဉ်က ဦးခင်မောင်မြင့်။ ဦးဇော်မြင့်။ အဲဒီနေ့မှာ ကျွန်တော် တို့က အင်းယားလိတ် ဟိုတယ်မှာ ရှိနေတယ်။ တောင်ကိုရီးယား သတင်းစာဆရာတွေ ကိုလည်း အင်းယားလိတ်မှာပဲ ထား တယ်။ တောင်ကိုရီးယား သတင်းစာဆရာ အဖွဲ့က ကြိုတင်ရောက် နေကြတယ်။ ကျွန်တော်က မြန်မာ့အလင်း သတင်းစာမှာ အလုပ် လုပ်နေ ချိန်။ မနက် ပိုင်းကျတော့ တောင်ကိုရီးယား သတင်းစာ ဆရာအဖွဲ့နဲ့ ကျွန်တော်တို့တွေ အာဇာနည်ကုန်းကို ထွက်ခဲ့ကြတယ်။ အာဇာ နည်ကုန်းကို ရောက်တော့ အာဇာနည်ကုန်းက အခြေအနေတွေ၊ ပတ်ဝန်းကျင် အခြေအနေတွေ သူတို့ကို လိုက်ပြကြတယ်။ လိုက်ပြပြီး တော့ ကျွန်တော်တို့ တွေ တောင်ကိုရီးယားသမ္မတအဖွဲ့လာမှာကို စောင့်နေကြတယ်။
အဲဒီမှာ ကားတန်းတစ်တန်းက ဦးဝိစာရလမ်း အတိုင်းတက်လာပြီးတော့ အာဇာနည်ကုန်း ကိုပတ်။ မပတ်ခင်မှာ ကျွန်တော်ရယ်၊ ကိုဇော် မြင့်က ဗိုလ်စိန်မှန်ဂူနားမှာ ရပ်စောင့် နေကြ တယ်။ ကိုတင်ကြိုင် (ဓါတ်ပုံသတင်းထောက်) ကြေးမုံကိုတင်ကြိုင် ပေါ့။ ကျွန်တော်တို့နဲ့ စကား ပြောပြီး ဓါတ်ပုံရိုက်ဖို့ နေရာ ကောင်းယူ ဦးမယ် ပြောပြီး ကျွန်တော်တို့နားက ထွက်သွားတယ်။ ကားတန်းကလည်း အာဇာနည် ကုန်း အဆောက်အဦအတွင်းလည်း ရောက်ရော ဗုံးထပေါက်တာပဲ။ ကျွန်တော်နဲ့ ဗုံးပေါက်တဲ့နေရာက ပေ ၁၅ ပေ ၂ဝ လောက်ပဲ ဝေး မယ်။ ဗုံးပေါက်တဲ့ အချိန်မှာ ကျွန်တော်နဲ့ ကိုဇော် မြင့်နဲ့က ဗိုလ်စိန်မှန် ဂူနားမှာ မှောက်လိုက်ကြတယ်။ မှောက်လိုက်ပြီး ခေါင်းပေါ် မော့ကြည့်လိုက်တော့ အာဇာနည်ကုန်း ခေါင် မိုးကြီးက ဘာမှမရှိတော့ဘူး။ ပွင့်သွားပြီ။ ကျွန်တော်လည်း ဗုံးပေါက်တဲ့ နေရာနားကို အပြေးအလွှား သွားချိန်မှာ ဝန်ကြီးဦးအောင်ကျော်မြင့်၊ ကိုတင်ကြိုင် (ဓါတ်ပုံသတင်းထောက်)တို့ လဲပြိုနေတာတွေ့ရတယ်။ တခြားသူတွေလည်း လဲနေတာ တွေ့ရတယ်။ ကျွန်တော်လည်း ရှိတဲ့ကားတွေနဲ့ လဲပြိုနေတဲ့သူတွေကို ခေါ်ပြီး စစ်ဆေးရုံ(၂)ကို ပို့ပေးခဲ့တယ်။ ဆေးရုံအထိလိုက်ပြီး လိုအပ်တာတွေ ကူညီပေးခဲ့တယ်။ နောက် သတင်းစာတိုက်ကို ပြန်ရောက်တော့ ဖြစ်ရပ်တွေကို ပြန်ပြောပြတယ်။ အဲဒီ ဖြစ်ရပ်ကတော့ ကျွန်တော့် သတင်းစာသမားဘဝ တစ်လျှောက်မှာ မှတ်မှတ်ရရ အဖြစ်ဆုံးပါပဲ။
မေး။ ။ ဆရာက အဲဒီတုန်းက မြန်မာ့အလင်း သတင်းစာမှာဆိုတော့ အဲဒီ ဖြစ်ရပ်တွေကို သတင်းစာထဲမှာ ပြန်ရေးခဲ့သေးလား။
ဖြေ။ ။ ရေးလို့မရဘူး။ ကျွန်တော်တို့ အစစ်ခံရတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အစစ်ခံရတယ်။ နိုင်ငံတော်က ဖွဲ့စည်းပေးထားတဲ့ စုံစမ်း စစ်ဆေးရေး အဖွဲ့မှာ ဖြစ်ရပ်အားလုံးကို ပြန်အစစ်ခံရတယ်။ ဘယ်လိုဖြစ်တာလဲဆိုတာကို ကျွန်တော်တို့ကို ပြန်စစ်တယ်။ ဖြစ်ရပ်အမှန် ကိုပေါ့ဗျာ။ ဖြစ်ရပ်ကိုပေါ့။
မေး။ ။ ဆရာက အဲဒီတုန်းက ဗုံးပေါက်ကွဲမှုမှာ သတင်းစာဆရာတွေ ဘယ်သူတွေ ဆုံးသွားလဲ။
ဖြေ။ ။ ကိုတင်ကြိုင် (ဓါတ်ပုံသတင်းထောက်) အဲဒီနေရာမှာပဲ ဆုံးသွားတယ်။ နောက်ရုပ်ရှင်ကော်ပိုရေးရှင်းက ကိုအုန်းကျော် ဆိုတဲ့လူ လည်း အဲဒီမှာပဲဆုံးသွားတယ်။ ကျွန်တော်တို့က အဆောက်အဦ အပြင်မှာ ဆိုတော့ ကျွန်တော်တို့က လွတ်သွားတယ်။ သူတို့က အဆောက် အဦအထဲမှာ မလွတ် တော့ဘူးပေါ့။
မေး။ ။ ဆရာ မီဒီယာသမား တစ်ယောက်ဟာ ဘက်လိုက်သင့်ပါသလား။
ဖြေ။ ။ ဒီနေရာမှာတော့ နှစ်ပိုင်းပြောရမယ်။ ဘယ်နေရာမှာမဆို ဘက်လိုက်မှုနဲ့ ကင်းတယ်ဆိုတာ မရှိပါဘူး။ သို့သော် သတင်းစာသမား၊ မီဒီယာသမား ကတော့ ကြားမှာနေသင့်တယ်လို့ ကျွန်တော်ထင်တယ်။ မီဒီယာသမားဆိုတာက နိုင်ငံတော်နဲ့ ပြည်သူကြားမှာ ပေါင်းကူးပေးတဲ့ သူတွေလေ။ နိုင်ငံတော်နဲ့ ပြည်သူကြားမှာ ပြည်သူရဲ့ဆန္ဒ၊ သဘောထား၊ အမြင်တွေကို တင်ပြပေးရသလို၊ နိုင်ငံတော်က ပြည်သူကို သိစေချင်တဲ့၊ ပြည်သူအတွက် လုပ်ဆောင်ပေးနေတဲ့ ကိစ္စတွေကို ပေါင်းကူး ဆက်ဆံပေးရတဲ့ အနေအထားလေ။ အဲဒီကြားမှာ ဘက်မလိုက်သင့်ဘူး ဆိုတဲ့ ခံယူချက်ကိုတော့ မီဒီယာသမားက စွဲကိုင်ထားဖို့တော့ လိုတာပေါ့။ ပြည်သူ့ အကျိုးစီးပွားအတွက် ဆိုရင်တော့ မီဒီယာသမားက ပြည်သူ့ဘက်က ဘက်လိုက်သင့်တယ်၊ ရပ်တည် ပေးရမယ်လို့ ကျွန်တော်ထင်တယ်။ ပြည်သူ့အကျိုး စီးပွားအတွက် ဆိုရင်တော့ ပြည်သူ့ဘက်က မီဒီယာသမားတွေ အနေနဲ့ ဘက်လိုက်သင့်တယ်။
မေး။ ။ မီဒီယာက အမှန်ကိုအမှားဖြစ် အောင်ပြောနေရင် အကျိုးဆက်က ဘာတွေ ဖြစ်လာနိုင်မလဲဆရာ။
ဖြေ။ ။ မီဒီယာက အမှန်ကို အမှားဖြစ်အောင် ပြောနေတယ်ဆိုတာက ဘယ်လို မီဒီယာမျိုးလဲဆို တာပေါ် မူတည်တာပေါ့။ အမှားကြီးပဲ ပြောလာရင် အမှားကို အမှန်ထင်တဲ့သဘောသဘာဝက ရှိတယ် လေ။ အမှားတွေကိုများများ ပြောလာပါများရင် ကြာလာတော့ ဒါတွေဟာ မှန်များမှန်မလားမသိဘူး ဆိုပြီး တွေးလာတတ်တယ်လေ။ ဒါတွေက မဖြစ်သင့် တဲ့၊ မလုပ်သင့်တဲ့ ကိစ္စတွေပဲ။ မြောက်မြားစွာသော အမှားတွေကို အမှန်ထင်လာအောင်၊ ခေါင်းထဲ စွဲသွားအောင် လုပ်တာမျိုးကတော့ မပြုသင့် မပြုအပ်တဲ့ လုပ်ရပ်ပဲ။ သတင်းစာသမား၊ မီဒီယာသမား တစ်ယောက် အဖြစ် အသက်မွေးဝမ်းကျောင်း ပြုမယ့်သူ တစ်ယောက် အနေနဲ့ကတော့ ကိုယ်လုပ်တဲ့ အလုပ်က မှန်သလား၊ မှားသလားဆိုတာကတော့ ချင့်ချိန် ဖို့လိုတာပေါ့။ အဓိကအားဖြင့် ပြည်သူနဲ့ နိုင်ငံတော်ကြားမှာ ပေါင်းကူးပေးရတဲ့ မီဒီယာရဲ့ အခန်းကဏ္ဍဟာ အမှန်ကို အမှန်ပဲ ပြောသင့်တယ်။ အမှန်ကို အမှန်ပဲ ဖော်ပြသင့်တယ်။ အမှန်ကိုပဲသိအောင် ဆောင်ရွက်သင့်တယ်။ ဒါမှသာလျှင် သမာသမတ်ကျတဲ့ သတင်းစာသမား၊ မီဒီယာသမား တစ်ယောက် ဖြစ်မှာပေါ့။ မဟုတ်ဘဲနဲ့အမှားကိုပဲ ဆက်ကာဆက်ကာ ဖော်ပြပေးနေတယ်ဆိုရင် ပြည်သူ အပေါ်မှာ မှန်ကန်တဲ့ ပြုကျင့်မှု မဟုတ်ဘူးလေ။ သတင်းစာ၊ မီဒီယာဆိုတာက ပြည်သူတွေ ခံစားနေရတဲ့ အနေအထား၊ ပြည်သူတွေ ရင်ထဲမှာ ရှိနေတဲ့ ခံယူချက်၊ ပြည်သူတွေရဲ့ လိုလား တောင့်တချက်တွေကို ဖော်ပြပေးသင့်တာပေါ့။ ဒါမှသာလျှင် သတင်းစာသမား ကျင့်ဝတ်နဲ့အညီ သတင်းစာသမားကောင်း တစ်ယောက် ပီသမှာပေါ့။
မေး။ ။ သတင်းစာသမား တစ်ယောက်ရဲ့ ကျင့်ဝတ်တွေက အချက် ဘယ်လောက်လဲရှိလဲ။
ဖြေ။ ။ အချက်ရယ်လို့ ပြောရရင်တော့ အများကြီး ပဲဗျ။ ဒီအပေါ်မှာ ပြုကျင့်တဲ့အနေအထား၊ ရပ်တည် တဲ့ အနေအထား။ သူဘယ်လိုပေါ်မှာ ရပ်တည်သလဲ။ ဘယ်သူ့ဘက်က ရပ်တည်သလဲ။ ဘယ်ရပ်တည်ချက် နဲ့ သူလုပ်ကိုင်နေသလဲ။ ဒီအပေါ်မှာ တည်နေတာ ကို။ သူ့အကျင့်စာရိတ္တပေါ်နဲ့ရပ်တည်ချက် ကောင်း သလား။သူဦးတည်တဲ့ လမ်းကြောင်းကကော မှန်ကန်သလား။ ဒါတွေကိုကြည့်ပြီး၊ ရပ်တည်ချက် ကိုကြည့်ပြီး သတင်းစာသမားကောင်းတစ်ယောက် ဆိုတာကို ပြောရမှာပါ။ သတင်းစာဆိုတာ ပြည်သူ တွေရဲ့ နားမျက်စိဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ မျက်စိထဲမှာ အမှန်ကိုမြင်အောင်၊ ပြည်သူတွေရဲ့ နားထဲမှာ အမှန်ကို ကြားအောင် ကိုယ်ကလုပ်ပေးရ မယ်။ ဒါကိုမှ လုပ်မပေးဘူး၊ ဒါကိုမှ လမ်းလွှဲတဲ့ အနေအထားကို တွန်းပို့မယ်ဆိုရင်တော့ ဒါဟာ သတင်းစာဆရာကောင်းတစ်ယောက်လို့ ပြောလို့ မရဘူး။
မေး။ ။သတင်းစာဆရာ စစ်စစ် မြန်မာပြည်မှာ ရှိလားဆရာ။
ဖြေ။ ။ အများကြီးရှိပါတယ်။ သတင်းစာဆရာ ကောင်းတွေ မြန်မာပြည်မှာ အများကြီးရှိပါတယ်။ သတင်းစာဆရာစစ်စစ်တွေ အများကြီးရှိနေပါတယ်။ ရပ်တည်နေကြပါတယ်။ သူတို့ရဲ့ရပ်တည်ချက်တွေ မှန်တယ်မမှန်ဘူးဆိုတာ သူတို့ရဲ့သမိုင်းက အဆုံး အဖြတ်ပေးသွားမှာပါ။
မေး။ ။ သတင်းစာဆရာတစ်ယောက် အနေနဲ့ ဒီနေ့ခေတ် လူငယ်သတင်းသမားတွေ ကို ဘာပြောချင်လဲဆရာ။
ဖြေ။ ။ မီဒီယာသမားကောင်း တစ်ယောက်ဖြစ်ဖို့ ဆိုတာက ပထမဦးဆုံးကိုယ့်ရဲ့ရပ်တည်ချက် မှန်ကန် ဖို့လိုတယ်။ ကိုယ့်ရဲ့ ရပ်တည်ချက် မှန်ကန်မှသာလျှင် ကိုယ့်ရဲ့လုပ်ဆောင်ချက်က မှန်ကန်မှာလေ။ ကိုယ့် လုပ်ဆောင်ချက် မှန်မှသာလျှင် ကိုယ်လမ်းညွှန်တဲ့၊ ကိုယ်ဦးဆောင်မှုပေးတဲ့ ပြည်သူကို အသိပေးတဲ့ နေရာမှာ ကိုယ်မှန်မှန်ကန်ကန် သတင်းတွေပေးနိုင်မယ်။ မှန်မှန်ကန်ကန် သဘောထားတွေကို ပေးနိုင်မယ်။ မှန်ကန်တဲ့ ယူဆချက်တွေကို တင်ပြပေးနိုင်မယ်။ ပြည်သူတွေရဲ့ ဆန္ဒအမှန်တွေကို ဖော်ထုတ်ပေးနိုင်မယ်။ ဒီအပေါ်မှာ မူတည်ပြီးတော့ ကြိုးစား ဆောင်ရွက်သွားမယ် ဆိုရင် အနာဂတ် လူငယ်သတင်းသမားတွေ အနေနဲ့ အများကြီး တိုးတက်သွားမှာပါ။ ဒါမှသာ အားလုံးရိုသေလေးစားတဲ့ မီဒီယာ လောကကြီး ဖြစ်မှာလေ။
မေး။ ။ ၂ဝ၁ဝ ရွေးကောက်ပွဲ အကြိုကာလမှာ မီဒီယာအခန်းကဏ္ဍက ဘယ်လောက် အရေးပါသလဲဆရာ။
ဖြေ။ ။ တကယ်အရေးပါပါတယ်။ ရွေးကောက်ပွဲ တစ်ခုဟာ နိုင်ငံတော်မှာ မရှိမဖြစ် ဖြတ်သန်းသွားရမယ့် ကာလတစ်ခုပါ။ ဒီမိုကရေစီ လမ်းကြောင်းကို သွားမယ်ဆိုရင် ရွေးကောက်ပွဲဟာ မပါမဖြစ်ဘဲ။ ဒီရွေးကောက်ပွဲမှာ မီဒီယာတွေ က ရွေးကောက်ပွဲ အနှစ်သာရ၊ ဒီမိုကရေစီရဲ့ဦးတည်ချက်တွေကို မီဒီယာသမားတွေကပဲ ပြည်သူတွေကို လမ်းညွှန် ပေးနိုင်မယ်။ ရှင်းပြနိုင်မယ်။ သတင်းပေးနိုင်မယ်။ ဒီလိုပဲ နိုင်ငံတော်က ထားရှိတဲ့ သဘောထားတွေ ကိုလည်း ပြည်သူတွေ လေ့လာနိုင်အောင်၊ ဝေဖန် အကဲဖြတ်နိုင်အောင် မီဒီယာသမားတွေကပဲ ပေးရမှာ ဖြစ်တဲ့အတွက် ဒီသတင်းစာ၊ မီဒီယာဟာ ရွေး ကောက်ပွဲအကြိုကာလမှာ အရေးကြီးသလို ရွေး ကောက်ပွဲပြီးတဲ့ ကာလမှာလည်း အရေးပါတဲ့နေရာ မှာ ရှိနေပါတယ်။ မီဒီယာတွေက ရွေးကောက်ပွဲ ကာလမှာရှိနေတဲ့နိုင်ငံရေးအနေအထား၊ တိုင်းပြည်ရဲ့ လက်ရှိအနေအထား၊ သွားရမယ့်ဦးတည်ချက် ဒါတွေကို အများပြည်သူ ချင့်ချင့်ချိန်ချိန်နဲ့ စဉ်းစား တွေးခေါ် ရွေးချယ်နိုင်ဖို့အတွက် လုပ်ဆောင်ပေးရ မှာက မီဒီယာသမားတွေပါ။ ဘယ်ပါတီ၊ ဘယ် အဖွဲ့အစည်း၊ ဘယ်သူတွေရဲ့ ချုပ်ကိုင်မှုကို မခံရဖို့ မီဒီယာသမားတွေ သတိထားရမယ်။ ပါတီတွေနဲ့တော့ တွေ့ရမှာပေါ့။ ပါတီတွေရဲ့ တင်ပြပေးတာတွေကို ဖော်ပြပေးသင့်တယ် ထင်တာကို ဖော်ပြပေးရမယ်။ သို့သော် ပါတီတွေရဲ့ ကြိုးဆွဲရာကို မခံရဖို့ အရေး ကြီးတယ်။ သတင်းမီဒီယာရဲ့ အခန်းကဏ္ဍဟာ ရွေးကောက်ပွဲကို ဖြောင့်ဖြောင့်တန်းတန်း ချောချော မွေ့မွေ့ဖြစ်သွားအောင် လုပ်ပေးနိုင်တယ်။ လမ်းခင်းပေးနိုင်တယ်။ ဆိုတော့ ၁၉၆ဝ ကျော်လောက်က တည်မြဲသန့်ရှင်း အဓိကပြိုင်ကျတဲ့ကာလမှာ သတင်းစာသမားက အများကြီး လုပ်ခဲ့ရတယ်။ ဥပမာအားဖြင့် တစ်နိုင်ငံလုံးမှာရှိတဲ့ ရွေးကောက်ပွဲ အခြေအနေကို လှည့်လည် သွားပြီးတော့မှ ဝေဖန် တယ်။ အကဲဖြတ်တယ်။ သဘောထားဆန္ဒ တွေကို လိုက်တောင်းခံတယ်။ အထောက်တော် သတင်းစာ ဆိုရင် မြန်မာပြည်တစ်နံ တစ်လျားကိုသွားပြီး ဘယ်မြို့နယ်ကတော့ဖြင့် ဘယ်သူကတော့ဖြင့် အလားအလာ ကောင်းတယ်။ ဘယ်မြို့နယ်ကတော့ ဖြင့် ဘယ်အင်အားစု ကတော့ဖြင့် ဘယ်လိုအခြေ အနေရှိတယ်။ အဲဒါမျိုးတွေကိုတောင် တိုင်းပြည်ကို အချိန်မီတင်ပြနိုင်ခဲ့တယ်။ အခုလို အနေအထား ဆိုရင် မီဒီယာတွေက ဒီလိုဟာမျိုးတွေကို လုပ်နိုင် တာပေါ့။ ဒါအမှန်တွေပဲလေ။ ဘယ်သူ့ဘက်မှ လိုက်တာမှ မဟုတ်ဘဲ။ လက်ရှိအနေအထားအရ ပြည်သူတွေရဲ့ ဆန္ဒဘယ်လို ရှိတယ်။ ပြည်သူတွေ ဘယ်ဘက်ကို ယိမ်းယိုင်နေတယ်။ ဦးတည်နေတယ်။ စတဲ့ ပြည်သူရဲ့ ထင်မြင်ချက်၊ အလားအလာတွေကို မီဒီယာတွေက လုပ်ပေးလို့ ရတယ်လေ။ ဒါတွေကို လုပ်ပေးနိုင်ရင် ပြည်သူတွေက ဒီ ၂ဝ၁ဝ ရွေး ကောက်ပွဲ အလားအလာကို ခန့်မှန်းလို့ရမယ်။ တွက်ဆလို့ရမယ်။ အကဲဖြတ်လို့ရမယ်။
မေး။ ။ ၂ဝ၁ဝ ရွေးကောက်ပွဲအပြီး ကာလတွေမှာ မြန်မာနိုင်ငံရဲ့ သတင်းစာ လွတ်လပ်ခွင့်၊ စာပေလွတ်လပ်ခွင့် ဘယ်လို ဖြစ်လာနိုင်မလဲလို့ ဆရာထင်ပါသလဲ။
ဖြေ။ ။ မီဒီယာတွေဟာ ရွေးကောက်ပွဲ အကြို ကာလမှာ အရေးပါသလို၊ ရွေးကောက်ပွဲပြီးတဲ့ ကာလမှာလဲ မီဒီယာရဲ့အခန်းကဏ္ဍက အရေးပါတဲ့ နေရာမှာ ရှိနေပါတယ်။ ဦးဆောင်မှုပေးတဲ့ အနေအထားမှာရှိတယ်။ လမ်းညွှန်မှုပေးတဲ့ အနေ အထားမှာရှိတယ်။ ပွင့်လင်းတဲ့ အနေအထားမျိုး ရောက်အောင် မီဒီယာတွေက လုပ်ဆောင်ပေးရမယ်။ ဖော်ပြပေးရမယ်။ စတုတ္ထမဏ္ဍိုင်အနေနဲ့ ပီပီပြင်ပြင် ရပ်တည်ဖို့တော့ လိုတယ်။ ရွေးကောက်ပွဲ အပြီးကာလမှာလည်း ပြည်သူယုံကြည်တဲ့ မီဒီယာ တွေဖြစ်ဖို့လိုတယ်။
မေး။ ။ သတင်းစာလွတ်လပ်ခွင့်၊ စာပေလွတ်လပ်ခွင့် ဘယ်လိုဖြစ်လာနိုင်မလဲလို့ ဆိုတဲ့ မေးခွန်းကိုလဲ ဖြေပါဦးဆရာ။
ဖြေ။ ။ အဲဒါကတော့ ထွက်ပေါ်လာတဲ့ ရလဒ် အပေါ်မှာ မူတည်တယ်။ ထွက်ပေါ်လာတဲ့ ရလဒ်အပေါ်မှာ ဘယ်လိုအစိုးရမျိုးဖြစ်လာမလဲ။ ဘယ်လို ပုံသဏ္ဍာန်နဲ့ ဖွဲ့စည်းမယ့် အစိုးရမျိုးဖြစ်မလဲ ဆိုတာ မူတည်တယ်။ ပွင့်လင်းမှုကိုပေးမယ့် အလားအလာမျိုး ရှိမလား။ ဒါဆိုရင် သတင်းစာလွတ်လပ်ခွင့် ရှိလာနိုင်မယ်လေ။ ကျယ်ကျယ်ပြန့်ပြန့် ရေးလာနိုင် မယ်လေ။ သို့မဟုတ်ဘဲနဲ့ စည်းတွေကမ်းတွေ ဘောင်တွေနဲ့ သွားမလား ဆိုတာ မသိနိုင်သေးဘူးလေ။ ဘာမှ ကြိုတင်ပြီး ပြောလို့မရသေးဘူး။
မေး။ ။ ဆရာ ဘာများပြောချင်သေးလဲ။
ဖြေ။ ။ အဓိကကတော့ဗျာ မီဒီယာသမားတွေ အနေနဲ့ ကိုယ့်ရဲ့ရပ်တည်ချက် မှန်မှန်ကန်ကန်နဲ့ ပြည်သူ့ အကျိုးစီးပွားကို လုပ်ဆောင်ပေးကြဖို့၊ ရပ်တည်ပေးကြဖို့ပဲ လိုလိမ့်မယ်လို့ ပြောချင်ပါတယ်။ အွန်လိုင်း-ဝဏ္ဏ
လျှပ်တစ်ပြက် သတင်းဂျာနယ်မှ
Wednesday, April 28, 2010
မီဒီယာသမားများ ပြည်သူ့ အကျိုးကို ရှေ့ရှုကြပါလို့ ပြောဆိုလာသူ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment