Summaryရန်ကုန်မြို့ လှိုင်သာယာမြို့နယ် ပဒေသာ ၂ လမ်းထဲသို့ ၀င်လိုက်သည်နှင့် သားအဖ နှစ်ယောက်စလုံး နိုင်ငံရေးလုပ်သဖြင့် ထောင်ချခံနေရသည့်အိမ် ဆိုသည်ကို လွယ်လွယ်ကူကူပင် ရှာတွေ့ခဲ့သည်။
“ပျဉ်ကာနဲ့၊ အိမ်က ပြိုတော့မလို ညာဘက်ကို ယိုင်ကျနေတဲ့ အိမ်ပဲ။ အိမ်ရှေ့ကနေ သင်းသင်းယုရေလို့ အော်လိုက်၊ ထွက်လာ လိမ့်မယ်” ဟု ၈ ရပ်ကွက် ပဒေသာ၂ လမ်း အတွင်းမှ ထဘီရင်လျားနှင့် အမျိုးသမီးတဦးက ရေထမ်းနေရင်း လှမ်းပြောသည်။
အိမ်က ၁၀ ပေ၊ ၁၅ ပေ အကျယ် ခန့်သာရှိမည်။ အမိုးအကာ မလုံတော့သည့် ပျဉ်ကာအိမ် ယိုင်နဲ့နဲ့နှင့် ခပ်မည်းမည်းအဆင်း ဖြစ်၏။
လမ်းပေါ်မှ ကြည့်လျှင် ညာဘက်သို့ ယိုင်နဲ့နေသော သစ်သားအိမ်ဟောင်းလေးမှာ ကလေးထောင်တွင် ကျခံနေရသော နိုင်ငံရေးအကျဉ်း သား ဦးတင်ယုနှင့် သထုံထောင်တွင် အကျဉ်းကျ ခံနေရသော နိုင်ငံရေးအကျဉ်းသား ကိုသန်းဇော်မြင့် တို့၏ အိမ်ပဲဖြစ်သည်။
အိမ်တွင်းမှာတော့ ဘလောက်စ်အင်္ကျီ အဖြူရောင်ခပ်နွမ်းနွမ်း ဝတ်ထားသည့် မျက်နှာညှိုးညှိုးနှင့် အသက် ၆၀ အရွယ် အမျိုးသမီးကြီး တဦးက ခြင်းတောင်းထဲမှ ပစ္စည်းတချို့ကို ထုတ်ရင်း အလုပ်ရှုပ်နေသည်။
သူနှင့် မလှမ်းမကမ်းရှိ အသက် ၃၀ ၀န်းကျင်အရွယ်၊ ဆံပင်တိုတို၊ မျက်နှာဝိုင်းဝိုင်း၊ ပါးကွက်ကျားနှင့် ရှပ်အင်္ကျီဝတ် အမျိုးသမီးမှာ ထမင်းဖြူ၊ ငါးပိဖုတ်တို့ ထည့်ထားသော ဇလုံအား ကြမ်းပြင်ပေါ်တွင် ချ၍ စောင့်ကြောင့်ထိုင် စားလျက်ရှိသည်။
အသက် ၆၀ အရွယ် အမျိုးသမီးကြီးမှာ ဦးတင်ယု၏ ဇနီးဖြစ်ပြီး ကိုသန်းဇော်မြင့်၏ မိခင်ဖြစ်သည်။
အသက် ၃၀ ၀န်းကျင်အရွယ် အမျိုးသမီးမှာ ဦးတင်ယု၏ သမီး၊ ကိုသန်းဇော်မြင့်၏ ညီမ ဖြစ်သူ မသင်းသင်းယု ဖြစ်ပြီး လက်ရှိမိသားစု စားဝတ်နေရေး သာမက အစ်ကိုနှင့် ဖခင်ဖြစ်သူတို့ကို ထောင်ဝင်စာ တွေ့နိုင်ရေးအတွက် ငါးရောင်းရင်း ရုန်းကန် နေရသူဖြစ်ကြောင်း သိရသည်။
“သားအဖ နှစ်ယောက်စလုံးကို ထောင်ဝင်စာတွေ့ဖို့ အတွက်ကတော့ ခက်ခဲပါတယ်။ ဒါပေမယ့် သမီးက အလုပ်လုပ်ရင်း တဘက်နဲ့ မဖြစ်ဖြစ်အောင်တော့ သွားတွေ့ရှာတယ်။ ပြီးခဲ့တဲ့ လကတင် သူ့အစ်ကို သန်းဇော်မြင့်ကို ထောင်ဝင်စာ သွားတွေ့ခဲ့သေးတယ်” ဟု အမျိုးသမီးကြီးက ပြောပြသည်။
ကိုသန်းဇော်မြင့်မှာ သထုံထောင်တွင် ထောင်ဒဏ် ၁၁ နှစ် ကျခံနေရသူဖြစ်ပြီး ထောင်တွင်း စစ်ကြောရေး၌ ရိုက်နှက် ခံထားရသော ဒဏ်များကြောင့် ခါး၊ ခေါင်းနှင့် နားအုံများတွင် ဒဏ်ရာရခဲ့ကာ ရာသီဥတုအေးသည့်အခါ ခါးနာခြင်း၊ နားအုံ ကိုက်ခဲခြင်း စသည့် ဝေဒနာတို့ကို ခံစားနေရကြောင်း၊ သားဖြစ်သူအတွက် ဆေးဖိုးကိုလည်း ပုံမှန်မပို့ပေးနိုင်သောကြောင့် ၀မ်းနည်း နေရပြီး ထောင်ဝင်စာ ပုံမှန်သွားမတွေ့နိုင်သည့်အတွက် စိတ်ထိခိုက် နေရကြောင်း ပြောပြသည်။
ထို့အပြင် ဦးတင်ယုသည်လည်း ကလေးထောင်တွင် ထောင်ဒဏ် ၉ နှစ်ခွဲ ကျခံနေရသူဖြစ်ပြီး ယခုအခါ ကလေးထောင် ဆေးရုံ၌ တင်ထားရကြောင်း သိရသည်။
“အဖေ့ကိုတော့ ပထမ အင်းစိန်ကနေ ပို့လိုက်တာ ခန္တီးကိုလေ။ ၂၀၁၀ ဖေဖော်ဝါရီလပိုင်း လောက်က ပို့လိုက်တာ။ ခန္တီး ထောင်မှာဆိုရင် ဆေးကုသမှုလည်း မရှိဘူး၊ စားသောက်စရာလည်း မရှိဘူး။ အဖေက ငှက်ဖျားအခံရှိတော့ ခန္တီးထောင်မှာ နေလို့ မရဘူး။ နောက်မှ ရောဂါဆိုးလာမှ ကလေးထောင်ကို ပို့လိုက်တယ်တဲ့။ ကလေးထောင်ရောက်တဲ့ နေ့ကစပြီး ဒီနေ့ ဒီအချိန်အထိ ဆေးရုံက မဆင်းရသေးဘူး။ အဖေ့မှာက သွေးတိုးရောဂါနဲ့ အစာအိမ်လည်းရှိတယ်။ မျက်လုံးကလည်း မမြင်ရတဲ့အတွက် အခု လက်ရှိ ဆေးရုံမှာ နေရတယ်။ လတိုင်း ထောင်ဝင်စာ မသွားနိုင်ဘူး။ ၃ လနေမှ တခါ၊ ၄ လနေမှ တခါ သွားရတယ်” ဟု မသင်းသင်းယုက ဆိုသည်။
အသက် ၆၀ ကျော်ရှိပြီဖြစ်သော ဖခင် ဦးတင်ယုအား နိုင်ငံရေး အကျဉ်းသားများနှင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် ဆုတောင်းမှုဖြင့်၂၀၀၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ ည သန်းခေါင်ကျော် ၂ နာရီခန့်က လာခေါ်သွားပြီး နံနက် ၈ နာရီ တွင် လှိုင်သာယာ တရားရုံး၌ ရုံးထုတ်ကာ ပုဒ်မ ၄၊ ၅ ခု တပ်၍ ရုံးတင်လိုက်ကြောင်း၊ ထို့နောက် ထောင်ဒဏ် ၇ နှစ်ခွဲ ချမှတ်ကာ အင်းစိန် အကျဉ်းထောင်သို့ ပို့လိုက်ကြောင်း၊ အကျဉ်းထောင်တွင် စုပေါင်း ဆန္ဒပြမှုနှင့် နောက်ထပ် ထောင်ဒဏ် ၂ နှစ် ထပ်တိုး ချမှတ်လိုက်ကြောင်း သမီးဖြစ်သူက ပြောပြသည်။
မသင်းသင်းယု အနေဖြင့် မိသားစုဝင် ၆ ဦးရှိသော အိမ်ထောင်စုအတွက် စားစရိတ်အပြင်၊ ဖခင်နှင့်အစ်ကိုတို့၏ စရိတ်၊ ကျောင်းနေသည့် ကလေးငယ် ၂ ယောက်အတွက် ကျောင်းစရိတ်တို့ ရရှိစေရန် ရုန်းကန်ရှာဖွေနေရကြောင်း၊ အစ်ကိုနှင့်ဖခင် ထောင်ကျ သွားသည့်အတွက် အိမ်၏တာဝန်မှာ သူ့ပုခုံးပေါ်သို့ ကျလာကြောင်း၊ တယောက်တည်း၏ ၀င်ငွေသာ ရှိသည့်အတွက် မိသားစု စားဝတ်နေရေး ကျပ်တည်းလှကြောင်း၊ လက်ရှိ အိမ်ကို ပေါင်နှံထားရကြောင်း ဆက်ပြောသည်။
ယခုကဲ့သို့ ကျပ်တည်း ဒုက္ခရောက်နေချိန်တွင် စေတနာရှင် ပြည်သူလူထုက တတ်နိုင်သလောက် တာဝန်ယူ ကူညီပံ့ပိုး ပေးသည့်အတွက် ပြောမပြတတ်အောင် ၀မ်းသာမိသည်ဟု သူက ဆိုသည်။
“အဖွဲ့ချုပ် (NLD) ကလည်း တတ်နိုင်သလောက်ကူညီပေးပါတယ်။ အခုလို ပြည်သူတွေက ကူညီပေးတာကို အရမ်း ၀မ်းသာမိပါတယ်။ အစ်ကိုနဲ့ အဖေ့ကိုလည်း သေချာပြောပြမှာပါ။ ပြောမပြတတ်အောင်လည်း ကျေးဇူးတင်တယ်” ဟု မသင်းသင်းယုက ပြောသည်။
ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် လမ်းလျှောက်ဆန္ဒပြခဲ့သူ လှိုင်သာယာမှ ကိုဆန်းနိုင်၏ အိမ်မှာလည်း မသင်းသင်းယုတို့ အိမ်ကဲ့သို့ပင် အခြေအနေ ဆိုးလှကြောင်း တွေ့မြင်ရသည်။
အမိုး၊ အကာ မလုံခြုံဘဲ ခြေနင်းကြမ်းခင်းများ ပေါက်ပြဲနေသော တဲအိမ်ကလေး ထဲ၌ ၁၀ နှစ်၊ ၁၂ နှစ်အရွယ် လူမမယ် ကလေးများနှင့် အသက် ၇၀ ၀န်းကျင်အရွယ် အမျိုးသား၊ အမျိုးသမီးကြီးတို့ကို ညှိုးချုံး ပိန်လှီစွာတွေ့မြင်ရသည်။
အစ်ကိုဖြစ်သူ ကိုဆန်းနိုင် နိုင်ငံရေးပုဒ်မဖြင့် ထောင်ဒဏ် ၉ နှစ်ခွဲ ကျခံနေရသောကြောင့် မိသားစု စီးပွားရေး ကျပ်တည်းလှပြီး ဒုက္ခရောက်နေသော်လည်း အစ်ကိုဖြစ်သူအတွက် ၀မ်းသာဂုဏ်ယူမိသည်ဟု ကိုဆန်းနိုင်၏ညီက ပြောသည်။
“ကျနော့်အစ်ကို ကိုဆန်းနိုင်က မဟုတ်မခံစိတ်လည်းရှိတယ်။ မတရား လုပ်တာကိုလည်း မကြိုက်ဘူး။ သူက ကုန်ဈေးနှုန်း ကျဆင်း ရေးအတွက် လှိုင်သာယာ မီးခွက်ဈေးမှာ ဆုတောင်းရင်း လမ်းလျှောက်လို့ အဖမ်းခံခဲ့ရတယ်” ဟု သူကဆိုသည်။
လှိုင်သာယာ မီးခွက်ဈေးမှ စတင်၍ ကမာရွတ် တံတားဖြူအထိ လမ်လျှောက်ခဲ့သောအမှုဖြင့် ကိုဆန်းနိုင်ကို ၂၀၀၇ ခုနှစ် ၅ လပိုင်း ၁၅ ရက်နေ့က ပထမအကြိမ် ဖမ်းဆီးကာ ရက် ၄၀ အကြာတွင် ပြန်ပို့ပေးခဲ့ကြောင်း၊ ၂၀၀၈ ခုနှစ်ကျမှ ထိုအမှုကို ပြန်စွဲသည်ဟု ဆိုကာ ည ၁၁ နာရီခန့်က လာခေါ်သွားပြီး ထောင်ဒဏ် ၉ နှစ်ခွဲ ချမှတ် လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ကိုဆန်းနိုင်မှာ မိသားစု၏ အကြီးဆုံးသား ဖြစ်ပြီး မိသားစုဝင် ၇ ဦးကို လုပ်ကိုင် ကျွေးမွေးနေသူဖြစ်ကြောင်း၊ ယခုကဲ့သို့ ထောင်ဒဏ် ကျခံနေရသည့်အတွက် မိသားစုမှာ စီးပွားရေးကျပ်တည်းလှကြောင်း၊ ထောင်ဝင်စာ ပုံမှန်တွေ့နိုင်ရေးအတွက် ငွေကြေး အခက်အခဲရှိကြောင်း ကိုဆန်းနိုင်၏ ညီဖြစ်သူ ကိုမြင့်စန်းက ပြောပြသည်။
စေတနာရှင် မိဘပြည်သူများက ထောက်ပံ့ပေးသည့်အတွက် ၀မ်းသာ ကျေးဇူးတင်ကြောင်း၊ နိုင်ငံရေး အကျဉ်းသားများ အတွက် အမှန်တကယ်လည်း အထောက်ကူဖြစ်လှကြောင်း သူက ဆိုသည်။
အင်းစိန်ထောင်တွင် အကျဉ်းကျခံနေရသော တခြားနိုင်ငံရေးအကျဉ်းသား တဦးဖြစ်သည့် ဦးကြည်မြင့်ကိုလည်း စေတနာရှင်တဦးက လစဉ်ကူညီ ထောက်ပံ့သည့်အတွက် ကျေးဇူးတင်မိကြောင်း မိသားစုဝင်များကပြောသည်။
ဦးကြည်မြင့်၏ ဆွေမျိုးတော်စပ်သူ တဦးက “နိုင်ငံရေးသမား အချင်းချင်း ကူညီထောက်ပံ့တယ်ဆိုတာထက်၊ စေတနာရှင် ပြည်သူတွေက ထောက်ပံ့တယ် ဆိုတာကို သူတို့ ဂုဏ်ယူဝမ်းသာကြမှာပါ။ မဲပေါက်ခဲ့တဲ့ တခြား နိုင်ငံရေးအကျဉ်းသား မိသားစုတွေကိုလည်း စေတနာရှင် မိဘပြည်သူတွေက တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးတဲ့အတွက် ကျနော်တို့တောင် မျက်ရည်ကျတဲ့အထိ ၀မ်းသာရပါတယ်” ဟု ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ကျင်းပသည့် ယခုနှစ် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားမှစတင်ပြီး စေတနာရှင် ပြည်သူလူထုက ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော နိုင်ငံရေးသမားများကို ကူညီထောက်ပံ့ရေး အစီအစဉ် စတင်ခဲ့ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတွင် ယုံကြည်ချက်ကြောင့်ထောင်ဒဏ်ကျခံနေရသောနိုင်ငံရေးအကျဉ်းသားပေါင်း ၂ ထောင်ကျော်ရှိပြီး ထိုအထဲမှ
၆၀၀ ကျော်အား NLD ဗဟိုလူမှုထောက်ကူပြုအဖွဲ့မှ ၂၀၀၀ ပြည့်နှစ် ၀န်းကျင်ကတည်းက စတင်ကူညီပေးလျက်ရှိကြောင်း၊ ယခု အစီအစဉ်သည် နိုင်ငံရေး အကျဉ်းသားများအား စေတနာရှင် မိဘပြည်သူများက ကူညီပေးခြင်း အစီအစဉ်ဖြစ်ကြောင်း သိရသည်။
“ရုံးမှာ အကျဉ်းသားများအတွက် မဲနှိုက်ဖို့ကျန်တာတွေ အများကြီးရှိနေပါတယ်။ ဒါကြောင့် စေတနာရှင် ပြည်သူလူထု ကနေပြီးတော့ လာရောက်ပြီး မဲနှိုက်ဖို့ ဖိတ်ခေါ်ပါတယ်။ မဲနှိုက်ကြတဲ့ စေတနာရှင် မိဘပြည်သူများအနေနဲ့ ကိုယ်မဲကျတဲ့ နိုင်ငံရေး အကျဉ်းသားမိသားစုဝင်တွေနဲ့ နွေးနွေးထွေးထွေး တွေ့ဆုံအားပေးပြီး တတ်နိုင်သလောက် အားပေးကူညီကြပါ။ နယ်အဝေးက ထောင်တွေနဲ့ ဆက်သွယ်ဖို့ အခက်အခဲရှိရင်လည်း ဗဟိုလူမှုထောက်ကူပြု အဖွဲ့က ကူညီဆောင်ရွက်ပေးပါတယ်” ဟု NLD လူမှုထောက်ကူပြု အဖွဲ့ ဥက္ကဋ္ဌ ဦးတင်ဦးကပြောသည်။
ယခုအခါ NLD အဖွဲ့ချုပ်ရုံးတွင် မဲပြားပေါင်း ၃၀၀ ကျော်ခန့်ကျန်ရှိနေကြောင်း၊ ငွေကြေးအားဖြင့် ကူညီ ထောက်ပံ့လိုသူများအနေဖြင့် လည်း ငွေကြေးပမာဏ သတ်မှတ်ထားခြင်းမရှိဘဲ မိမိတတ်နိုင်သော ပမာဏဖြင့် ကူညီပေးနိုင်ကြောင်း သိရသည်။
ကြည်ဝေ
Saturday, 05 February 2011 16:54
http://www.bur.irrawaddy.org/index.php/articles/2-articles/5665-2011-02-05-10-00-53

0 comments:
Post a Comment