“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, February 07, 2011

ကိုယ်ဝန်ဆောင်အရေး ကူညီသူများ တရားစွဲခံရ

မဇ္ဈိမသတင်းဌာန| သောကြာနေ့၊ ဖေဖေါ်ဝါရီလ ၀၄ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၂၂ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ ရန်ကုန်တိုင်း တောင်ဒဂုံရှိ အထည်ချုပ်စက်ရုံ အလုပ်သမ ကိုယ်ဝန်ဆောင် အမျိုးသမီးတဦး၏ မီးဖွားခွင့်ကိစ္စ တွင် ကူညီခဲ့သူ ၁၁ ဦးကို အထည်ချုပ်စက်ရုံက အသရေဖျက်မှုဖြင့် တရားစွဲဆိုထားကြောင်း သတင်းရရှိသည်။

တောင်ဒဂုံ ဆိပ်ကမ်းမြို့နယ် ဂရိုကွန်ကုမ္ပဏီ အထည်ချုပ်စက်ရုံမှ အလုပ်သမ မသီတာဦးက မီးဖွားခွင့် တောင်းခဲ့ရာ ကုမ္ပဏီတာဝန်ရှိသူ များက မီးဖွားခွင့်မပေးသဖြင့် အလုပ်သမားအရေး ဆောင်ရွက်သူ ၁၁ ဦးက ဝင်ရောက် ကူညီခဲ့မှုကို စက်ရုံက ယင်းတို့ဂုဏ်သိက္ခာ ကျဆင်းစေ သည်ဟုဆိုကာ ယခုလ ၂ ရက်နေ့တွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ဂရိုကွန် အထည်ချုပ်စက်ရုံ တာဝန်ခံမန်နေဂျာက အသရေဖျက်မှုခေါ် ပုဒ်မ ၅ဝဝ ဖြင့် ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် တရားရုံးသို့ လျှောက်ထား ခဲ့ပြီး တရားစွဲခံရသူများမှာ မြန်မာအမျိုးသား အလုပ်သမားသမဂ္ဂ တရားဝင် ပေါ်ပေါက်ရေးအတွက် ကွန်ယက်ဖွဲ့ လုပ်ဆောင်နေသူများဖြစ်ကြောင်း တရားစွဲဆိုခံရသူ တဦးက မဇ္ဈိမကို ပြောသည်။

“ဒီဂရိုကွန် စက်ရုံမှာ ကျနော်တို့ ကွန်ယက်ထဲက လူတယောက်က အလုပ်လုပ်နေတယ်။ သူကတဆင့် ဒီကိုယ်ဝန်ဆောင် အမျိုးသမီး မသီတာဦးက မီးဖွားခွင့်မရဘူး၊ အလုပ်သမား အခွင့်အရေးတွေ ဆုံးရှုံးနေတယ် ဆိုတာကို ကျနော်တို့ သိရတယ်။ အဲလိုသိတော့ သူ့ကိုယ်စား ကျနော်တို့က အလုပ်သမားအရေးအတွက် ဆောင်ရွက်ပေးတယ်။ ဒါကို ကုမ္ပဏီက ကျနော်တို့ကို အထင်လွဲမှားပြီး သူ့ရဲ့ ဂုဏ်သိက္ခာ ကျဆင်းစေတယ်ဆိုပြီး ပုဒ်မ ၅ဝဝ နဲ့ တရားစွဲတာပါ” ဟု ကူညီသူ ၁၁ ဦးအဖွဲ့တွင် ပါဝင်သူ ကိုရန်နောင်ထွေးက ပြောသည်။

၎င်းတို့မှာ ကိုရန်နောင်ထွေး၊ ကိုဖိုးဖြူ၊ ကိုဖြိုးမောင်၊ ကိုသန်းထိုက်အောင်၊ ကိုစိုး၊ ကိုပြည်မိုးမြင့်၊ ကိုပြည့်ဖြိုးကျော်၊ ကိုထွန်းထွန်းဝင်း၊ ကိုမျိုးတင့်၊ ကိုသန်းနိုင်စိုးနှင့် ကိုမျိုးချစ် ဖြစ်သည်။

ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ် တရားရုံး အမှတ် ၁ တွင် မြို့နယ်တရားသူကြီး ဒေါ်ခင်ဋ္ဌေးဝင်းက အမှုကို စစ်ဆေးပြီး ယင်းနေ့ ယခုလ ၂ ရက်နေ့တွင် ၁၁ ဦးစလုံးကို ခံဝန်ဖြင့် အာမခံပေးခဲ့ပြီး၊ အမှုကို ယခုလ ၁၇ ရက်နေ့သို့ ရုံးချိန်းပေးခဲ့သည်။

အဆိုပါ တရားခွင်၌ပင် အစွပ်ခံရသူများဘက်ကလည်း ဂရိုကွန်ကုမ္ပဏီကို ပုဒ်မ ၅ဝဝ ဖြင့် ပြန်လည် တရားစွဲခဲ့ရာ တရားရုံးက လက်ခံခဲ့သည်။

အသရေဖျက်မှု ခေါ် ပုဒ်မ ၅ဝဝ သည် ရဲအရေးမပိုင်သော အမှုဖြစ်ပြီး ထိခိုက်နစ်နာမှု အတိုင်းအတာအရ ထောင်ဒဏ် (သို့) ငွေဒဏ် (သို့) နှစ်ရပ်ပေါင်း ပြစ်ဒဏ်ချနိုင်သည့် အမှုဖြစ်သည်။
မြန်မာအမျိုးသား အလုပ်သမားသမဂ္ဂတွင် အဖွဲ့ဝင် ၁ဝ ဦးရှိပြီး ကွန်ယက်ချိတ်ဆက် လှုပ်ရှားသူ ၈ဝ ကျော်ရှိသည်ဟု သမဂ္ဂဝင်များ အဆိုအရ သိရသည်။

ပြီးခဲ့သည့်လ ၆ ရက်နေ့တွင် လယ်သမား ၃၈၁ ဦး လယ်ယာမြေ ဆုံးရှုံးမှုအတွက် ရှေ့နေကိုဖိုးဖြူ အပါအဝင် ၎င်းတို့၏ ခရိုင်ရုံးများနှင့် ဆက်သွယ်ကာ ကူညီခဲ့ကာ၊ ရွှေပြည်သာတွင် ကလေးတဦး အရိုက်ခံရသည့် ကိစ္စ၊ ဒဂုံဆိပ်ကမ်းရှိ အလုပ်သမား ဦးဖေသိန်း ခြေထောက် ပေါ် သံဘင့်ပြုတ်ကျသဖြင့် ဖနောင့်ကြောပြတ်သွားသည့် ကိစ္စအတွက် ပြီးခဲ့သည့် သောကြာနေ့တွင် သာကေတအလုပ်သမားရုံးသို့ သွားရောက်၍ အလုပ်သမား နစ်နာကြေး ရပိုင်ခွင့်အတွက် တောင်းပေးခဲ့သည်ဟု ကိုရန်နောင်ထွေးက ဆိုသည်။

အလုပ်သမားအရေးကိစ္စများ လိုက်လံဆောင်ရွက်ရာ၌ မြန်မာအမျိုးသား အလုပ်သမားသမဂ္ဂနှင့် အလုပ်သမား ဦးစီးဌာနအကြားဆက်ဆံ ရေး ပျော့ပြောင်းမှု ရှိသလို ပူးပေါင်းဆောင်ရွက်မှုလည်း ရှိကြောင်းနှင့် ၎င်းတို့အနေဖြင့် ဥပဒေဘောင်အတွင်းမှသာ လုပ်ကိုင်ကြောင်း သူက ပြောသည်။
"ဒီလုပ်ငန်းတွေက လူမှုရေးလုပ်ငန်းလို့ ပြောလို့ရပေမယ့် သေသေချာချာပြောရရင် ကျနော်တို့ရဲ့ ရပိုင်ခွင့်တွေ အလုပ်သမား အခွင့်အရေး တွေကို ကိုယ်တိုင်ကျင့်သုံးရင်းနဲ့ ကျင့်သုံးတဲ့သူတွေ များလာအောင်လုပ်တဲ့ လူ့အခွင့်အရေး လုပ်ငန်းတွေပါပဲ" ဟု ကိုရန်နောင်ထွေးက ပြောဆိုသည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */