“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, January 20, 2011

လွှတ်တော်တက်မည့် ကိုယ်စားလှယ်များအတွက် ကန့်သတ်ချက် များပြား


ခင်ဦးသာ Wednesday, 19 January 2011 17:47 .
၂၂ နှစ်အတွင်း ပထမဆုံးအကြိမ် ခေါ်ယူမည့် လွှတ်တော်သို့ တက်ရောက်ကြရမည်ဖြစ်သော ကိုယ်စားလှယ်များအတွက် ကြိုတင် ကန့်သတ်ချက် စည်းကမ်းများ ချမှတ်ထားကြောင်း သိရသည်။

“ကန့်သတ်မှုတွေကတော့ အတော်ကြီးများပါတယ်။ မလိုရင် မလိုသလို အရေးယူနိုင်တဲ့ ဥပဒေတွေများနေတယ်။ အရင်ခေတ် ပါလီမန် တွေမှာ ဒီလို ကန့်သတ်တာတွေ မရှိခဲ့ပါဘူး” ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ဥက္ကဋ္ဌ ဦးသုဝေ က ဆိုသည်။

စစ်အစိုးရသည် ၎င်းတို့ဦးဆောင် ကျင်းပမည့်လွှတ်တော်နှင့်ပတ်သက်၍ အနိုင်ရ ကိုယ်စားလှယ်များအား ရှင်းလင်းစွာ ပြော ဆိုမှု မရှိ သော်လည်း လွှတ်တော်ထဲ၌ ဆွေးနွေးကြမည့် အကြောင်းအရာများနှင့်ပတ်သက်၍ ကန့်သတ်ချက် ဥပဒေများကို ယခုရက်ပိုင်းအတွင်း စာအုပ် ၁၇ အုပ်ဖြင့် ဖြန့်ချိ ရောင်းချပေးနေသည်။

လွှတ်တော်အတွက် ထုတ်ဝေထားသော စာအုပ်များ၌ ရေးထားသော စည်းကမ်းချက် များသည် တင်းကျပ်လွန်း၍ လွှတ်တော် အတွင်း ဆွေးနွေးကြရာတွင် ဒီမိုကရက်တစ် အင်အားစုများအတွက် လွတ်လပ်စွာ ပြောဆိုခွင့်ကို ကြိုတင်ပိတ်ပင်ထားရာ ရောက်သည်ဟု ဦးသုဝေက ဆိုသည်။

လွှတ်တော်အစည်းအဝေး တက်ရောက်မည့် ကိုယ်စားလှယ်များအနေဖြင့် တယ်လီဖုန်း၊ အသံဖမ်းစက်၊ ကွန်ပျူတာ၊ ဘောလ်ပင်၊ စာရွက် စာတမ်း စသည့်အရာများ ယူဆောင်ခွင့်မရှိဟု ကန့်သတ်ထားကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ၏ လွှတ်တော် ကိုယ်စား လှယ် ဒေါက်တာမြတ်ဉာဏစိုးက ပြောသည်။

“ကန့်သတ်ချက် တချို့က နိုင်ငံတကာ စံနှုန်းအတိုင်းဖြစ်လို့ လက်ခံပါတယ်။ အရေးကြီးတဲ့ ကိစ္စတွေကို ပြင်ပကို မပေါက်ကြား စေလိုတဲ့ သဘောပါ” ဟု ၎င်းကဆိုသည်။

အစည်းအဝေး ခန်းမထဲသို့ ပစ္စည်းများ သယ်ဆောင်ခွင့် မပြုသော်လည်း လွှတ်တော်ခန်းမထဲ၌ ထုတ်ပေးထားသည့် ကတ်ဖုန်း အပါအဝင် ပစ္စည်းများကိုသာ အသုံးပြုခွင့်ရှိမည်ဟု ကြားသိရကြောင်း ကိုယ်စားလှယ် တချို့ကပြောသည်။

ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် ခေါ်ယူမည့် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ပြုလုပ်ပြီး ၁၅ ရက် အကြာတွင် ပြည်ထောင်စု လွှတ်တော်ခေါ်ယူ၍ သမ္မတ၊ ဒုတိယ သမ္မတ၊ လွှတ်တော် ဥက္ကဋ္ဌ စသည့်ရာထူးများကို ရွေးချယ်ကြမည် ဖြစ်ကြောင်း သိရသည်။

“ပထမဆုံး ခေါ်ယူတဲ့ လွှတ်တော်မှာ စီးပွားရေးပိတ်ဆို့မှုကိစ္စ၊ တိုင်းရင်းသား ကိုယ်စားလှယ် ဒု-သမ္မတ ကိစ္စတွေကို ဆွေးနွေးကြမှာပါ” ဟု ဒေါက်တာ မြတ်ဉာဏစိုးက ပြောသည်။

ကြိုတင် သတ်မှတ်ထားသည့် စည်းကမ်းချက်များ၌ ၀တ်စားဆင်ယင်မှုလည်း ပါဝင်ကြောင်း၊ တိုင်းရင်းသား ကိုယ်စားလှယ်များ သည် သက်ဆိုင်ရာ ရိုးရာဝတ်စုံ သို့မဟုတ် မြန်မာဝတ်စုံကို ၀တ်ဆင်ရမည်ဖြစ်ပြီး တခြားသော ကိုယ်စားလှယ်များသည် မြန်မာ ၀တ်စုံကိုသာ ၀တ်ဆင်ရမည်ဖြစ်ကြောင်း၊ လွှတ်တော်တက်မည့် အမျိုးသမီးများအတွက် မြန်မာဆန်သော ၀တ်စုံ ဖြစ်သည့် ရင်ဖုံးလက်ရှည်နှင့် ချိတ်ထဘီ ဝတ်ကာ ပုဝါခြုံရန် ညွှန်ကြားထားကြောင်း သိရသည်။

တိုင်းရင်းသား ကိုယ်စားလှယ်များကမူ မိမိတို့၏ တိုင်းရင်းသား ၀တ်စုံအပြည့် ၀တ်ဆင်၍ လွှတ်တော်သို့ တက်ရောက်ကြမည် ဟု ဆိုကြသည်။

“တိုင်းရင်းသား ၀တ်စုံအပြည့်နဲ့ တိုင်းရင်းသား အခွင့်အရေးပြောဆိုရတာက ပိုအားရှိစေတယ်” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) ၏ ဥက္ကဋ္ဌ နိုင်ငွေသိန်းက ပြောသည်။

ရွေးကောက်ပွဲ ကျင်းပချိန်က တိုင်းရင်းသား ၀တ်စုံကို မ၀တ်ရန် ပိတ်ပင်ထားခဲ့သောကြောင့် ယခုတဖန် ကန့်သတ်ပိတ်ပင် မည်ကို စိုးရိမ်နေကြောင်း ၎င်းက ပြောသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) မှ လွှတ်တော်တက်မည့် ကိုယ်စားလှယ်များသည် ရခိုင်ရိုးရာ ၀တ်စုံဖြစ်သော ရခိုင်လုံချည်နှင့် တိုက်ပုံအဖြူကို ၀တ်ဆင်၍ လွှတ်တော်သို့ တက်ရောက်မည်ဟု ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ကိုယ်စားလှယ်များ အတွက်မူ ကြိုးကြီးချိတ် ပုဆိုး၊ အဖြူရောင် တိုက်ပုံ၊ ခေါင်းပေါင်း စသည်တို့ကို ဆင်တူ ၀တ်ဆင်ကြရန် ညွှန်ကြားထားသည်ဟု ကြံ့ဖွံ့ကိုယ်စားလှယ်တဦးကဆိုသည်။

“ကျနော်တို့ ပါတီဝင်တွေကတော့ အားလုံးတူညီတဲ့ ၀တ်စားဆင်ယင်မှု ရှိရမယ်လို့ လမ်းညွန်ထားပါတယ်။ ပါတီဝင်အားလုံးဟာ တစုတစည်းတည်း ရှိရမယ်ဆိုတဲ့ သဘောမျိုးပါ” ဟု အဆိုပါ ကြံ့ဖွံ့ကိုယ်စားလှယ်က ပြောသည်။

ကြံ့ဖွံ့ပါတီဝင် ကိုယ်စားလှယ်များ အနေဖြင့် လွှတ်တော်ထဲ၌ နေထိုင်ပြောဆိုမှု၊ လူအများနှင့် ပြောဆိုဆွေးနွေးမှုတို့အား မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို ပါတီဥက္ကဋ္ဌနှင့်ပါတီ ထိပ်ပိုင်း ခေါင်းဆောင်များက ကြိုတင်ပြောဆိုထားပြီး ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

အရောင်အသွေး စုံလင်သော ကြံ့ဖွံ့ပါတီဝင်များ၏ ၀တ်စုံကို တချို့က ပြက်လုံးထုတ် ပြောဆိုနေကြကြောင်း၊ ထိုကဲ့သို့ ပြောဆိုနေခြင်းမှာ မလိုမုန်းတီးသူများ၏ ၀ါဒဖြန့်ခြင်းသာ ဖြစ်ကြောင်း အဆိုပါ ကြံ့ဖွံ့ကိုယ်စားလှယ်က ဆက်ပြောသည်။

ပြောင်လက်၍ အရောင်စုံသည့် ၀တ်စုံများသည် ရှေးမြန်မာများ ၀တ်ဆင်ခဲ့သော ၀တ်စုံသာ ဖြစ်သည် ဟု ၎င်းကဆိုသည်။

စစ်အစိုးရသည် လွှတ်တော်အား ဇန်န၀ါရီလ ၃၁ ရက်နေ့၊ နံက် ၈ နာရီ ၅၅ မိနစ်တွင် တနိုင်ငံလုံး တပြိုင်တည်း ခေါ်မည်ဟု ကြေညာထားသည်။ အမျိုးသားလွှတ်တော်နှင့်ပြည်သူ့လွှတ်တော်အား နေပြည်တော်၌ ပြုလုပ်မည်ဖြစ်ပြီး၊ ပြည်နယ်၊ တိုင်းဒေသကြီး လွှတ်တော်များကို သက်ဆိုင်ရာတိုင်းနှင့်ပြည်နယ်တို့၏ မြို့တော်များတွင် ပြုလုပ်မည် ဖြစ်သည်။
http://www.bur.irrawaddy.org/index.php/news/5513-2011-01-19-10-49-24

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */