“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, January 02, 2011

နောက်ကိုပြန်ကြည့် ရှေ့ကိုမြော်လင့်




၂၀၁၀ ဒီဇင်ဘာ ၃၀ ရက်နေ့က ရန်ကုန်ရှိနေအိမ်တွင် သူ၏ခွေးလေးကိုချီပွေ့ထားစဉ်(မိုင်အိနိချိ)

လွန်ခဲ့သည့် နိုဝင်ဘာလကလွတ်မြောက်လာပြီးနောက် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် “မြန်မာပြည်မှစာ” ကော်လံကို တဖန်ပြန်လည်ရေးသားပေးခြင်းဖြင့် ၁၃ နှစ်ကျော် ဤစာမျက်နှာများပေါ်မှ ကွယ်ပျောက်နေခြင်းကို အဆုံးသတ်စေ ပါတော့ မည်။

သူ့ကော်လံတွင် ဒေါ်အောင်ဆန်းစုကြည်သည် အာဏာရှင်ဆန်သောအစိုးရ အား စိန်ခေါ်မှုများကို ရင်ဆိုင်လျက် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုများ အတွက် ရှေ့ရှုကာ တိုက်တွန်းရေးသားသွားမည်ဟု ရည်ရွယ်ထားပါသည်။

နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် မိုင်အိနိချိသတင်းထောက်နှင့် တွေ့ဆုံရာတွင် သူ၏လစဉ်ကော်လံကို ပြန်လည်ရေး သား ပေးမည်ဟု သဘောတူခဲ့ပါသည်။

ဒီဇင်ဘာနှောင်းပိုင်းတွင် အခြားဓာတ်ပုံသတင်းထောက်နှင့်တွေ့စဉ် “မြန်မာပြည်ကစာ”ကော်လံသစ်များ အတွက် ပထမဦးဆုံး ဆောင်းပါး ကို ပရိသတ်များအတွက် နှုတ်ခွန်းဆက်နှင့်အတူ ပေးလိုက်ပါသည်။

မိုင်အိနိချိစာဘတ်ပရိသတ်များအားလုံးမှာ ငြိမ်းချမ်းခြင်း၊ ပျော်ရွှင်ခြင်းနှင့် ချမ်းသာကြွယ်ဝခြင်းများ ပြည့်ဝသည့် နှစ်သစ်တခုဖြစ်ကြပါ စေရန် ကောင်းမွန်သောဆန္ဒများစွာဖြင့် ဆုမွန်ကောင်းတောင်း လိုက်ပါသည်” …
ဒေါ်အောင်ဆန်းစုကြည်

နှစ်တနှစ်၏အစသည် အတိတ်ဖြစ်ရပ်များကို ပြန်လည်သစ်လွင်ခြင်း၊ ပြန်လည်နိုးကြားစေခြင်း၊ သန္နိဋ္ဌာန်ဆုံးဖြတ်ချက်များချမှတ်ခြင်းနှင့် အမှတ်ရခြင်းတို့၏အချိန်သမယဖြစ်ပေသည်။

၂၀၁၀ ကို ကျွန်မပြန်လည်ကြည့်မိပါသည်။ ရေညစ်များထဲတွင် အားလုံးပျောက်ကွယ်သွားသကဲ့သို့ ယင်းနှစ်၏အပိုင်းအစများသည် မမှတ်မိနိုင်လောက်အောင်ပင်ဖြစ်ရပါသည်။ ၂၀၁၀ ၏ပထမနေ့ရက် ကို ကျွန်မ မည်ကဲ့သို့ အသုံးချခဲ့ပါသလဲ။ ကျွန်မ မမှတ်မိနိုင်ပါ။

သို့သော် ကွန်မပြောနိုင်သည်ကတော့ သက်တောင့်သက်သာမဟုတ်နိုင်ခဲ့ပါ။ ကျွန်မအိမ်ကို ပြင်ဆင် ရန် ၂၀၀၉ ခုနှစ် ဒီဇင်ဘာလမှာ စတင်ခဲ့ပါသည်။ ရက်သတ္တပတ်အနည်းငယ် ကြာလာတော့ မြူနီစီပယ်အာဏာပိုင်တွေ၏အမိန့်ကြောင့် ရပ်ဆိုင်းခဲ့ရပါသည်။

ထိုအမိန့်ကို ပြန်လည်ရုတ်သိမ်းရန် ကျွန်မ၏ရှေ့နေများကြိုးစားဆောင်ရွက်နေချိန်မှာ ကတ္ထူပုံးများ၊ အမျိုးအမည်မခွဲခြားနိုင်သည့် ပစ္စည်းများကိုထုပ်ပိုးထားသည့် သက္ကလပ်စောင်ထူထုပ်များ၊ သေတ္တာ မျိုးစုံများနှင့် ယိမ်းယိုင်နေသော စာအုပ်ပုံများကြားတွင် လပေါင်းများစွာ ကျွန်မနေထိုင်ခဲ့ရပါသည်။

မြင့်မားသည့်စာအုပ်စင်၊ ထီးထီးကြီးဖြစ်နေသည့်စားပွဲများနှင့် ဖုထစ်နေသောအထုပ်အပိုးများကြားတွင် ညပ်နေသည့်ကျွန်မအိပ်ရာထက်မှ အပေါ်ကိုကြည့်လိုက်လျှင် မျက်နှာကျက် အပေါက်အပြဲများကို ကောင်းစွာမြင်တွေ့နေရပါသည်။ ထိုမြင်ကွင်းသည် သဘာဝ၏ဟောင်းနွမ်းပျက်ယွင်းမှု သင်္ခါရတရား ကို အာရုံဝင်စားဆင်ခြင်နိုင်ရန် အချိန်များစွာပေးဆောင်ခဲ့ပါသည်။

ရာသီဥတုအေးသောအခါ ပြည့်ကျပ်နေသည့်အခန်းမှာ နွေးနွေးထွေးထွေးရှိနေသယောင်ပါ။ မြို့ပြအ တွင်း တောစခန်းချရသလိုပုံစံ နေထိုင်ရခြင်းသည် တခုခုအတွက် စွန့်စားခန်းလို ထင်မြင်နိုင်ပါသည်။ သို့ရာတွင် ရာသီဥတု ပို၍ပို၍ပူလာသောအခါ ကြည်နူးဆွတ်ပျံ့ဘွယ်အာရုံများ လွင့်ပါးပျောက်ကွယ် သွားခဲ့ရပါသည်။ အထူးသဖြင့် အိပ်ခန်း၏ပြတင်းပေါက်များအပြင်တွင် ဆင်ထားသည့်ငြမ်းများကြောင့် ပြတင်းပေါက်များမဖွင့်နိုင်သောအခါ အိုက်စပ်ပူလောင်မှုဖြင့် အိပ်မပျော်ခြင်းကို ညပေါင်းများစွာ ခံစားခဲ့ရပါသည်။ ကျွန်မသည် အကောင်းဆုံးကျန်းမာရေးအခြေအနေကို မခံစားနိုင်ခဲ့ပါ။

၂၀၁၀ ၏ ပထမ ၃ လပတ်သည် ကိုယ်ပိုင်းဆိုင်ရာ သက်တောင့်သက်သာမရှိခဲ့ရသည့်ကာလဖြစ်ရုံ မက စိတ်လှုပ်ရှားမှုလွန်ကဲခဲ့ရသောအချိန်လည်းဖြစ်ပါသည်။ ယမန်နှစ်က အင်းစိန်တရားရုံးမှာ ကျွန်မ အပေါ်ချမှတ်သည့်ပြစ်ဒဏ်ကို အယူခံဝင်ရေးတိုင်ပင်ဆွေးနွေးရန်အတွက် ကျွန်မ၏ရှေ့နေများ အခါ အားလျော်စွာ ကျွန်မထံလာရောက်ခဲ့ကြပါသည်။ ဥပဒေလုပ်ထုံးလုပ်နည်းများ အားလုံးသည် စိတ်ဝင် စားစရာကောင်းသည်ကို ကျွန်မသိမြင်လာရပါသည်။ အတွေ့အကြုံရင့်ကျက်ပြီး စွမ်းရည်ပြည့် ကျွန်မ ၏ ရှေ့နေကြီးများထံမှ များစွာသင်ယူခဲ့ပါသည်။

၁၉၉၅ ခုနှစ်မှစ၍ “ဥပဒေစိုးမိုးရေး”ကိုကိုင်စွဲထားလျက်၊ ကျွန်မတို့နိုင်ငံတွင် “ယုံကြည်ချက်ကြောင့် အကျဉ်းချခံထားရသူများ၏ရပိုင်ခွင့်များ”အတွက် ကာကွယ်ပေးနေကြသော သူတို့တတွေနှင့် အမျိုး သားဒီမိုကရေစီအဖွဲ့၏ ဥပဒေကော်မီတီတို့ကို ကျွန်မ လွန်စွာဂုဏ်ယူမိပါသည်။

ထိုရှေ့နေများအနက်မှ ဦးဥာဏ်ဝင်းသည် အဲန်အယ်လ်ဒီအလုပ်အမှုဆောင်ကော်မီတီဝင်တဦးဖြစ်နေ

သည့်အတွက် ကျွန်မ၏အိမ်ပြင်ပတွင်ဖြစ်ပျက်နေသော နိုင်ငံရေးအကြောင်းများကို များစွာသိမြင် လေ့လာနိုင်ခဲ့ပါသည်။ ပါတီ၏အဆုံးအဖြတ်ပေးရမည့်လုပ်ငန်းစဉ်တွင်လည်း အတိုင်းအတာတခု အတွက် ပါဝင်ဆောင်ရွက်နိုင်ခဲ့ပါသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်းအတွက်အရေးကြီးတဲ့နှစ်အတွင်းမှာ အသိပညာစိန်ခေါ်မှုများ သည် ကျွန်မအဘို့ ကျန်မာရေးထက် လွန်စွာအရေးကြီးလျက်ရှိနေပါသည်။

မြန်မာ့နှစ်ကူးချိန်ကျရောက်မည့် ဧပြီလလယ်လောက်မှာတော့ ကျွန်မ၏အိမ်ကိုပြန်လည်ပြင်ဆင်ခွင့် ဆက်လက်ပြုလုပ်နိုင်ကြောင်း တရားရုံးကအမိန့်ချမှတ်ပေးခဲ့ပါသည်။ ပြင်ပကမ္ဘာနှင့်အဆက်အသွယ် ပြတ် အသံတိတ်ဆိတ်နေရသည့်နေရာကလေးသည် အလုပ်သမားများ နေရာအပြည့်လွှမ်းလျက် အသံနှင့်လှုပ်ရှားမှုများ အဆက်မပြတ်ထွက်ပေါ်ခဲ့ပါသည်။

လုပ်စရာတွေအများကြီးရှိခဲ့ပါသည်။ အဓိကအနေကတော့ ခေါင်မိုးကိုပြင်ရန်ဖြစ်ပါသည်။ နှစ်ပေါင်းများ စွာ မုတ်သုန်လများတွင် ကျွန်မ၏ အိပ်ရာရွှေ့ခဲ့ရပါတယ်။ ခွက်တွေ၊ ပလုံးတွေနှင့်ပုံးတွေသည် စစ်တုရင် ကစားတပွဲကအရုပ်များလို မိုးယိုမှုများကိုဖမ်းဆီးရန် ကျွန်မ၏ အိပ်ခန်း တွင်း ကြိုးစားနေရာယူ ထားကာ အိပ်ရာ(နှင့် အကယ်၍ အိပ်ရာပေါ်မှာ ကျွန်မရှိခဲ့လျှင်လည်း ကွန်မကိုပါ) စွတ်စိုမှုအန္တရာယ်မှ အကာအကွယ်ပေးခဲ့ကြပါတယ်။၊ အခုတော့ ခေါင်မိုးမှာ အသံစုံထွက်ပေါ်နေပါပြီ။

နောက်မိုးရေတွေကို ကျွန်မတည်ငြိမ်စွာ စောင့်မျှော်နိုင်ပါပြီ။ မြန်မာစကားမှာတော့ အမိုးကောင်းပါက လုံခြုံမှုရှိသည်ဟုတင်စားပါသည်။ ထိပ်ပိုင်းမှာ အားလုံးကောင်းလျှင် ထွက်ပေါက်တလျှောက်အားလုံး ကောင်းကောင်းမွန်မွန်ဖြစ်မည်ဟူသည့် ဆိုရိုးကိုထင်ဟပ်စေပါသည်။

ပြင်ဆင်ခြင်းနှင့်အသစ်ပြုပြင်ခြင်းများသည် အနာဂတ်မှာ ကိုယ်ပိုင်းဆိုင်ရာသက်တောင့်သက်သာမှုကို ပိုရှိစေမည်ဟု ဆိုရမှာပါ။ သို့ရာတွင် ပြုပြင်ခြင်းအတွက် သက်မဲ့ရုပ်ပိုင်းဆိုင်ရာထက်စာလျှင် ဖြစ်နိုင် သည့်လူသားချင်းဆက်ဆံရာမှာ ပိုမိုအရေးပါပါလိမ့်မည်။

အိမ်ပြင်ဆင်ခြင်းသည် ဧပြီလမှစက်တင်ဘာလအထိ ကြားတွင် ၃ ပတ်နားလျက် ၅ လနီးပါး အချိန် ကြာခဲ့ပါသည်။ ထိုအတွင်း ကျွန်မတို့၏အလုပ်သမားများ၏ဘဝများနှင့်အနေအထားများကို ကျွန်မ နေ့စဉ် တွေ့ကြုံရင်းနှီးခွင့်ရရှိခဲ့ပါသည်။ ကျွန်မတို့နိုင်ငံ၏လုပ်သားအင်အားစုတွေ ကိုင်တွယ်ဖြေရှင်း ရမည့်အခက်အခဲများနှင့် သူတို့ရဲ့မြော်လင့်ချက်များနှင့်ပြင်းပြသည့်ဆန္ဒများ၏ ပိုမိုထင်ရှားသည့် အမြင်များကို ကောင်းစွာနားလည် သဘောပေါက်ခွင့် ရရှိခဲ့ပါသည်။

အိမ်ပြင်ခြင်းအစီအစဉ်၏ အခြားအကျိုးဆက်တခုမှာ အထူးစုံစမ်းရေးတပ်ဖွဲ့ဝင်များ၊ ခြံဝန်းအတွင်း လုံခြုံရေးတာဝန်ယူနေရသူများနှင့် မကြာခဏ တိုင်ပင်ဆွေးနွေးကြရခြင်းပင်ဖြစ်ပါသည်။ လူများနှင့် ပစ္စည်းများ ခြံတွင်းသို့သွင်းရခြင်းအတွက် ညှိနှိုင်းရသည်မှာ နေ့စဉ်နီးပါးဖြစ်ပါသည်။ ထိုစဉ် အခက် အခဲအတားအဆီးများကို နှစ်ဘက်က အကျိုးအကြောင်းနှင့် အလျှော့အတင်းပြုလုပ်ပေးခြင်းဖြင့် ပြေလည်နိုင်သည်ကို တွေ့ခဲ့ကြရပါသည်။

၂၀၁၀ သည် ကျွန်မအိမ်အတွက် ကောင်းမွန်တိုးတက်မှုများဖြစ်စေခဲ့သည့် နှစ်တနှစ်ဖြစ်ခဲ့ပါသည်။

သို့ရာတွင် ကျွန်မတို့နိုင်ငံသားများနေထိုင်ရာအိမ်ဖြစ်သည့် ကျွန်မတို့တိုင်းပြည်အတွက် ထိုနှစ်သည် ဘာတွေယူဆောင်ပေးခဲ့သလဲ ဆိုသည်မှာ ပိုမိုအလေးထားရမည့် ဖြစ်ရပ်ဖြစ်ပါသည်။ နောင်တချိန်မှာ ပြောပါဦးမည်။

ကျွန်မအား အနှစ် ၂၀ ကျော် ချစ်ကြည်ရင်းနှီးမှုနှင့်အားပေးခဲ့သည့် “မိုင်အိနိချိ သတင်းစာ”ကို အထူး ကျေးဇူးတင်ကြောင်းကို ဖော်ပြရန် အတွက် ၄င်း၊ “မိုင်အိနိချိ သတင်းစာ”၏ ပရိသတ်အား မျှဝေရန် အတွက်၎င်း၊ ကျွန်မခင်ပွန်းအတွက် အထူး အရေးပါစေခဲ့သည့်ကဗျာ ကျွန်မနှစ်သက်သည့် ယင်း ကဗျာဥာဏ်၏ ကောက်နှုတ်ချက်ကို ဖော်ပြခြင်းဖြင့် ကျွန်မလွတ်မြောက် လာခဲ့ပြီးမှ ပထမဦး ဆုံးရေးတဲ့ ဤဆောင်းပါးကို အဆုံးသတ်လိုက်ပါရစေ။

ဒါပေမင့် … ဒီနေ့ ကောင်းစွာနေထိုင်ခဲ့ကြပါတယ် …

လွန်ခဲ့တဲ့နေ့တိုင်းကို ပျော်ရွှင်ခြင်းအိပ်မက်နှင့် …

မနက်ဖန်တိုင်းကို မြော်လင့်ခြင်းရဲ့အမြင် ဖြစ်စေပါတယ် …

ဒါကြောင့် … ယနေ့ကို ကောင်းစွာ သုံးသပ်ကြည့်ရှုပါ …

(Vedic Hymn ကိုအခြေပြုသော The Salutation to the Dawn မှ )

(ဒေါ်)အောင်ဆန်းစုကြည်
(Mainichi Japan)

ဇန္နဝါရီ ၁ ၊ ၂၀၁၁

(ဇန္နဝါရီ ၁ ၊ ၂၀၁၁ နေ့ထုတ် Mainichi သတင်းစာတွင် ဖော်ပြထားသော ဒေါ်အောင်ဆန်းစုကြည်၏ Looking Back, Looking Forward ဆောင်းပါးကို ပြန်ဆိုပါသည်။)
http://www.dawnmanhon.com/ မှ

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */