ငါတို့သည် တမျိုးတဘာသာတစိတ်တဒေသ၏ ကောင်းကျိုးချမ်းသာကိုမလိုလား ကျောသားရင်သား သူကား ငါကား ခွဲခြားခြင်းကို အလိုမရှိ မြစ်ချောင်းသီတာသမုဒ္ဒရာတောင်တန်းတို့ဖြင့် ကမ္ဘာ့ဓမ္မတာသဘာဝ အပိုင်းအခြား ထင်းရှားစွာသတ်မှတ်အပ်သော ရာဇ၀င်ရှည်ဝေး ရှေးပဝေသဏီမှစ၍ ယခုထက်တိုင် မြန်မာနိုင်ငံသားဟု သမုဒ်အပ်သူတိုင်းရင်းသားအပေါင်းတို့ဇာတိချက်ကြွေ နေထိုင်ရာမြန်မာနိုင်ငံ တော်တ၀ှမ်းကို တသွေးတသားတည်းဟူသော ကြိုးထူး၊ တစိတ်တ၀မ်းတည်း ဟူသော ကြိုးထူး၊ အလိုအလျောက် သဘာဝအထောက် အပံ့ဖြင့် သာလျှင်ဖြစ်ပေါ်အပ်သော စေတနာတည်း ဟူသော ကြိုးထူး ဤကြိုးသုံးပါးဖြင့် ကမ္ဘာဆုံးတိုင် မြဲခိုင်တည်တံ့အောင် ရစ်ပတ် ဖွဲ့စည်းအပ်သော ပြည်ထောင်စု အဖြစ်ကို လက်ဆုပ်လက်ကိုင် ငါတို့အပိုင်ရလေပြီ။
ဤငါတို့မြန်မာနိုင်ငံတော်ကြီးသည်လိုရာမတပြည့်စုံလှ၍ဘူမိနက်သန်မှန်သော မြေထူးမြေမြတ်လည်းဖြစ်၏။ မွန်မြတ်သန့်စင်သော တရားထူးတရားမြတ်တို့တည်ရာ မြေကောင်းမြေမွန်လည်းမှန်၏။ မြေတွင်းမြေပြင်အထူးထူးသောရတနာအပေါင်းတို့နှင့် ပြည့်စုံသဖြင့်
သတ္တ၀ါအပေါင်းတို့ ဆွတ်ယူစားသုံး ကမ္ဘာဆုံးသော်လည်း မသုဉ်းမကုန်နိုင်သော ပဒေသာစစ် အနှစ်သာရကြွယ်ဝပြည့်စုံသော မြေလည်းဖြစ်၏။ ဘူမိနက်သန်မှန်လှထူးချွန်ဤမြေမွန်မြေမြတ်၌ ရှမ်း, ကချင်, ကရင်, ချင်း, မွန်, မြန်မာ,စသည်ဖြင့် တသွေးတသား တမိဘွားဖြစ်ကြကုန်သောငါတို့သည် နှစ်ပေါင်းထောင်ရာသင်္ချာပွားတက် ရေတွက်ခြင်းငှာမတတ်နိုင်ရာသော ရာဇ၀င် ရှည်ဝေး ရှေးပဝေသဏီမှစ၍တညီတညွတ်တစုတရုံးလွတ်လပ်သော လူမျိုးအဖြစ်တည်ခဲ့ကြ၏။
တကောင်း,သရေခေတ္တရာ,ပုဂံ, မြင်စိုင်း, စစ်ကိုင်း, ပင်းယ, အင်းဝ, ကုန်းဘောင်, ထို့နောက်မန္တလေးအထိ ငါတို့၏လွတ်လပ်ရေးသည် နေရောင်လ၀ါပမာကဲ့သို့တဖြာဖြာတ၀င်းဝင်းကမ္ဘာချဉ်းအောင်ထွန်းလင်းခဲ့ပေ၏။ သို့ရာတွင်ကမ္ဘာ့တန်ဆာ ကာလအသင်္ချေ တည်နေ အပ်သောနေမင်းသူရိယာလစန္ဒာတို့ပင် ဆီးနှင်းမြူတိမ်ဖုံးအုပ်၍ ခဏခေတ္တအရှိန်အ၀ါ ညှိုးလျော်နွမ်းလျမထွန်းမပဖြစ်ဘိသကဲ့သို့ ငါတို့၏လွတ်လပ်သော မြန်မာနိုင်ငံတော်သည်လည်း လွန်ခဲ့သည့် နှစ်ပေါင်းလေးရာခန့်က ဥရောပတိုက်မှ ထွက်ပေါ်လာ၍ တကမ္ဘာလုံးကို ရစ်ပတ်အုပ်ဖုံးခဲ့သောနယ်ချဲ့ဝါဒကြီးနှင့် မရှောင်မကွင်းသာ ကြုံကြိုက် ဆုံတွေ့မိ၍ပဋ္ဌမအင်္ဂလိပ်မြန်မာစစ်၌ရခိုင်,တနင်္သာရီ၊ ဒုတိယ အင်္ဂလိပ်မြန်မာစစ်၌ ဟံသာဝတီ, ပဲခူး၊ တတိယအင်္ဂလိပ်မြန်မာစစ်၌ မန္တလေးရတနာပုံ သုံးကြိမ်သုံးတန်ချအပ်ရခြင်းဖြင့် ဤမြေထူး မြေမြတ်၌ နှစ်ပေါင်းထောင်ရာ စောင့်ထိန်း၍လာခဲ့ကြသော ငါတို့၏လွတ်လပ်ရေးသည် ငါတို့လက်မှလွတ်၍လက်အောင်ခံဘ၀သို့ လုံးဝရောက်ခဲ့ကြရသည်။
သို့သော် နေမင်းသူရိယာလစန္ဒာတို့ကို ဆီးနှင်းမြူတိမ်တို့သည် မည်သို့ပင် ဖုံးလွှမ်းစေကာမူနေလတို့၏ အရှိန်အတောက်ကို မခံနိုင်ရကား ခေတ္တမျှနှင့်ပင် လွင့်စင်ကွယ်ပျောက်၍နေ၀ါလရောင်သည် ပကတိအသရေကို ပြန်၍ဆောင်လေဘိသကဲ့သို့ ငါတို့အပေါ်၌ လွှမ်းဖုံးအပ်သောနယ်ချဲ့ဝါဒသည် ငါတို့၏ ကမ္ဘာရှည်မြင့်ရင့်မာလှသော လွတ်လပ်ရေးစိတ်ဓာတ်၏ အရှိန်အတောက်ကို မခံနိုင်ရကားခြောက်ဆယ့်တစ်နှစ် တစ်လနှင့်တစ်ရက်သောအခိုက်အတန့် ကလေးမှာပင် အလိုအလျောက် ကွယ်ပျောက်သွားရသဖြင့် ဤနေ့ ဤအခါမှစ၍ ငါတို့သည်အသူရိန်ခံတွင်းမှရှင်းရှင်းကြီး လွတ်မြောက်အပ်သောလပြည့်စန်းပမာ သန့်ရှင်းစင်ကြယ် ချမ်းမြေ့ သာယာစွာဖြင့် လုံးဝလွတ်လပ်သော ဘ၀ အထူးဘ၀မြတ် ကို လက်ဆုပ်လက်ကိုင် အပိုင်ရရှိကြပြီ။
မြန်မာသက္ကရာဇ် ၁၃၀၉ - ခုနှစ် ပြာသိုလဆုတ် ၉- ရက်( အင်္ဂလိပ်သက္ကရာဇ် ၁၉၄၈-ခုနှစ် ဇန်န၀ါရီလ ၄-ရက်) တနင်္ဂနွေနေ့ ကောင်းမြတ် သန့်စင် မင်္ဂလာအပေါင်းနှင့်ပြည့်စုံသောအခါ၌ဤငါတို့မြန်မာပြည်သည် လုံးဝလွတ်လပ်သော အချုပ်အချာ အာဏာပိုင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီး အဖြစ်သို့ ရောက်ပြီ။
(အထင်နဲ့ အမြင် ဘယ်လောက်ကွာသလည်း..ခံစားကြည့်ကြပါခင်ဗျာ)
Min Myat's Photos မှ မျှပါသည်။..ကျေးဇူးပါခင်ဗျား
0 comments:
Post a Comment