“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, July 14, 2010

ဥရောပ ပါလီမန် အမတ်က EU အနေနဲ့ မြန်မာ့အရေး ဦးစားပေးရန် တိုက်တွန်း

Javier Delgado Rivera | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၁၄ ရက် ၂၀၁၀ ခုနှစ် ၁၁ နာရီ ၂၈ မိနစ် အင်တာဗျူး
ဥရောပသမဂ္ဂ EU အနေဖြင့် မြန်မာ့အရေးကို စိတ်ဝင်စားမှုတွေ လျော့ကျမသွားအောင် ကျနော်တို့ အရေးတကြီး ဖိအားပေးနေပါတယ်။ (စပိန်ကိုယ်စားပြု ဥရောပပါလီမန် အမတ် Raul Romeva i Rueda)

ဘရပ်ဆဲလ်(စ်) (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံတွင် ယခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲ အကြိုကာလတွင် စပိန်နိုင်ငံ ကိုယ်စားပြု ဥရောပပါလီမန် အမတ် Raul Romeva i Rued သည် မဇ္ဈိမသတင်းဌာနကို ဘရပ်ဆဲလ်(စ်)မြို့ရှိ ၎င်း၏ ရုံးခန်းတွင် လက်ခံတွေ့ဆုံခဲ့သည်။

မစ္စတာ Raul Romeva i Rueda သည် ဥရောပါ ပါလီမန်အမတ်များ ပါဝင်ဖွဲ့စည်းထားပြီး ဥရောပ ပါလီမန်အတွင်း စတုတ္ထမြောက် အင်အားအကြီးဆုံး အဖွဲ့ဖြစ်သည့် စိမ်းလန်းစိုပြေရေးနှင့် လွတ်လပ်သော ဥရောပမဟာမိတ် အင်အားစု Greens_EFA ၏ ဒုဥက္ကဋ္ဌလည်း ဖြစ်သည်။

လူကြီးမင်းဟာ မြန်မာပြည်သူတွေ လွတ်မြောက်ရေးကို အထင်အရှား ထောက်ခံအားပေးသူ ဖြစ်ပြီးတော့ ဥရောပပါလီမန် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ (EPCB) ရဲ့ အလုပ်အမှုဆောင် တဦးလည်း ဖြစ်ပါတယ်။ ဥရောပ ၁၆ နိုင်ငံက မြန်မာနိုင်ငံအပေါ် စာနာထောက်ထားမှုရှိတဲ့ ဥရောပလွှတ်တော်အမတ်တွေနဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ လူကြီးမင်းတို့ရဲ့အဖွဲ့ EPCB အနေနဲ့ မြန်မာ့အရေးမှာ ဘယ်လို ဆက်လက်ရပ်တည်သွားဖို့ ရှိပါသလဲ။

''EPCB ရဲ့ ပြင်းပြတဲ့ ရည်မှန်းချက်ကတော့ ဥရောပနိုင်ငံ အစိုးရတွေနဲ့ ဥရောပနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေကြားမှာ မြန်မာ့အရေးဟာ အမြဲသက်ဝင်လှုပ်ရှားနေအောင်၊ ဥရောပအစိုးရတွေ မြန်မာ့အရေးကို ပိုပြီး အာရုံစိုက်လာအောင် ပြုလုပ်ပြီး မြန်မာ့ဒီမိုကရေစီရေးကို အထောက်အကူ ပြုသွားဖို့ပါ။ ဥရောပသမဂ္ဂ EU ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းနိုင်ရေးအတွက် တောက်လျှောက် အာရုံစိုက် ကြိုးပမ်းနေခဲ့ပါတယ်။ ဥရောပသမဂ္ဂရဲ့ မူဝါဒတွေထဲမှာ မြန်မာ့ဒီမိုကရေစီအရေးကို ကူညီမယ့် မူဝါဒတွေ အမြဲတမ်း ပါဝင်နေဖို့အတွက် ကျနော်တို့ ဘရပ်ဆဲလ်(စ်) အခြေစိုက် EPCB အဖွဲ့အနေနဲ့ အစဉ်အမြဲ ကြိုးပမ်းနေပါတယ်။ မတူညီတဲ့ နိုင်ငံတွေက ဥရောပလွှတ်တော်အမတ်တွေဟာ မြန်မာနိုင်ငံ ပြဿနာတွေ၊ အကျပ်အတည်းတွေထဲက လွတ်မြောက်လာစေမယ့် ဘယ်လိုခြေလှမ်းမျိုးကိုမဆို ထောက်ခံပြောကြားတဲ့ နေရာမှာတော့ တူညီတဲ့ အာဘော်ရှိကြပါတယ်''

ဒါဆိုရင် EU အနေနဲ့ မြန်မာနိုင်ငံ ကိစ္စကို ဦးစားပေး အစီအစဉ်တွေထဲမှာ ဆက်ပြီး ထည့်ထားအောင် အရေးတကြီး တိုက်တွန်းဖို့ လိုအပ်တယ်လို့ ထင်ပါသလား။

''EU အနေနဲ့ မြန်မာ့အရေးကို စိတ်ဝင်စားမှုတွေ လျော့ကျမသွားအောင် ကျနော်တို့ အရေးတကြီး ဖိအားပေးနေပါတယ်။ အခုအချိန်မှာ မြန်မာ့အရေးဟာ EU ရဲ့ အဓိက ဦးစားပေး အာရုံစိုက်ပြီး ချက်ချင်း ဆောင်ရွက်ရမယ့် အရေးကိစ္စတွေထဲမှာ ပါဝင်ဖို့ အလှမ်းဝေးနေပါတယ်။ ပြီးတော့ EU ရဲ့ အမှုဆောင် ကော်မရှင်အဖွဲ့ဖြစ်တဲ့ ဥရောပကော်မရှင် EC ဟာ မြန်မာနိုင်ငံကို ပေးနေတဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေကို လျှော့ချလိုက်ပါတယ်။ ဒါဟာ ဥရောပကော်မရှင်ရဲ့ ဦးစားပေး အစီအစဉ်တွေထဲမှာ မပါဝင်တာကို ပြလိုက်တာပဲ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ ပြရရင် ဥရောပကော်မရှင်ဟာ ထိုင်း-မြန်မာနယ်စပ်မှာ ရှိနေတဲ့ မြန်မာဒုက္ခသည်တွေအတွက် ငွေကြေးထောက်ပံ့မှု အကူအညီတွေ ရပ်လိုက်တာကို ထောက်ပြရပါလိမ့်မယ်။ ဥရောပကော်မရှင်အနေနဲ့ မြန်မာဒုက္ခသည်တွေ တောက်လျှောက် ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ လိုအပ်ချက်တွေကို နားလည်သဘောပေါက်ဖို့ အားထုတ်သင့်တယ်လို့ ထင်ပါတယ်။''

EU ဟာ မြန်မာနိုင်ငံ စစ်အစိုးရအနေနဲ့ အာဏာဆုပ်ကိုင်ထားမှုတွေ၊ တိုင်းပြည်အပေါ် ဖိနှိပ်ချုပ်ချယ်မှုတွေ လျှော့ချလာစေဖို့အတွက် ဖိအားပေး သွေးဆောင်ဖို့ ပိတ်ဆို့အရေးယူမှု မူဝါဒကို ကျင့်သုံးခဲ့ပါတယ်။ အဲလို ဒဏ်ခတ်အရေးယူမှုတွေဟာ ဘယ်လောက် အတိုင်းအတာအထိ ထိရောက်မှု ရှိတယ်လို့ လူကြီးမင်းအနေနဲ့ ထင်မြင်ယူဆထားပါသလဲ။

''မြန်မာစစ်အစိုးရနဲ့ အပေါင်းအပါတွေအပေါ် ဥရောပရဲ့ အရေးယူပိတ်ဆို့မှုတွေဟာ စစ်အစိုးရရဲ့ အာဏာရှင် ယန္တရား ချိနဲ့သွားစေဖို့ အသုံးပြုခဲ့တဲ့ နည်းလမ်းတခုပဲ ဖြစ်ပါတယ်။ တကယ်လို့ ဒီလိုပိတ်ဆို့အရေးယူမှုတွေက အသီးအပွင့်တွေ ဆောင်ကြဉ်းပေးနိုင်ခဲ့ရင်တော့ EU အနေနဲ့ ပိတ်ဆို့အရေးယူမှုတွေကို တိုးမြှင့်လုပ်ဆောင်ရမှာပါ။ တကယ်တော့ တရုတ်နိုင်ငံအနေနဲ့ နေပြည်တော်ကို လက်နက်ရောင်းချမှုတွေ ရပ်ဆိုင်းလိုက်မှ ပိတ်ဆို့အရေးယူမှုတွေက ထိရောက်မှာပါ။ EU အနေနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိပြဿနာတွေကို ဆက်လက် သက်ဆိုးရှည်စေမယ့် တရုတ်နိုင်ငံရဲ့ မူဝါဒတွေအကြောင်း တရုတ်နိုင်ငံနဲ့ တိုက်ရိုက်ဆွေးနွေးဖို့ ပျက်ကွက်ခဲ့ပါတယ်။ အဲဒီလို ပျက်ကွက်မှုရဲ့ အကျိုးဆက်ကတော့ EU အနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံကို အောင်အောင်မြင်မြင် မစည်းရုံးနိုင်တော့ပါဘူး''

''တရုတ်အစိုးရအနေနဲ့ ကမ္ဘာမှာ တရုတ်နိုင်ငံ အင်အားကြီးနိုင်ငံ တနိုင်ငံ ဖြစ်လာခြင်းနဲ့အတူ ကမ္ဘာ့အရေးနဲ့ ပတ်သက်တဲ့ တာဝန်တွေ တွဲပြီး ပါလာတာကိုလည်း နားလည်ပြီး တာဝန်ယူမှု ရှိရပါမယ်။ တရုတ်နိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံလို အရေးမျိုးဆိုရင် ပိုပြီး တာဝန်ယူမှု ရှိသင့်ပါတယ်''

''တကယ်လို့ EU အနေနဲ့ ကမ္ဘာ့အခင်းအကျင်းမှာ ပိုပြီး အရေးပါလာချင်ရင် မြန်မာနိုင်ငံလို နိုင်ငံတွေရဲ့ အရေးကို အလေးထား လုပ်ဆောင်ရပါလိမ့်မယ်။ အဲလို လုပ်ဖို့ အဓိက အတားအဆီးကတော့ EU ပေါ်လစီကို ပုံဖော်နေတဲ့ အဖွဲ့ဝင် တနိုင်ငံချင်းရဲ့ မူဝါဒတွေပဲ ဖြစ်ပါတယ်''

မြန်မာနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲဟာ တင်းကျပ်တဲ့ အခြေအနေတွေ အောက်မှာ ပြုလုပ်မှာ ဖြစ်တဲ့အတွက် အပြောင်းအလဲတွေကို စစ်အစိုးရက လုပ်လာအောင် ဖိအားပေးဖို့အတွက် မြန်မာအတိုက်အခံတွေအနေနဲ့ ဘာတွေ လုပ်ဆောင်နိုင်လိမ့်မယ်လို့ ထင်ပါသလဲ။

''မြန်မာပြည်တွင်းနဲ့ ပြည်ပမှာရှိတဲ့ အတိုက်အခံတွေအနေနဲ့ စစ်အစိုးရကို စနစ်ကြီးတခုလုံးကို ဖွင့်ပေးဖို့ ဖိအားပေးလာနိုင်သည်အထိ တိုးတက်မှုတွေ ဖြစ်ထွန်းလာတယ်လို့ ကျနော့်အနေနဲ့ ထင်ပါတယ်။ အဲဒါကိုလည်း စစ်အစိုးရက သတိပြုမိပြီး သူတို့ အာဏာဆက်လက်တည်မြဲရေးအတွက် သွေးရူးသွေးတမ်းနဲ့ ကြံရာမရ လျှောက်လုပ်ပြီး သူတို့အင်အားကို ပြဖို့ ကြိုးစားနေတာလို့ မြင်ပါတယ်။ မြန်မာနိုင်ငံက အတိုက်အခံ အင်အားစုတွေနဲ့ တိုင်းရင်းသား အင်အားစုတွေကို လုံလောက်တဲ့ အကူအညီတွေ ထိထိရောက်ရောက် ပေးဖို့ လိုအပ်နေပါတယ်။ ဒါမှမဟုတ်ရင် တိုးတက်မှုတွေဟာ ရပ်တန့်သွားပါလိမ့်မယ်။ ဝမ်းနည်းစရာကောင်းတာက EU နဲ့ အမေရိကန်ဟာ မြန်မာအတိုက်အခံတွေနဲ့ တိုင်းရင်းသား အင်အားစုတွေကို ထိရောက်တဲ့ အကူအညီတွေ လက်ကမ်းနိုင်ခြင်း မရှိသေးတာဘဲ ဖြစ်ပါတယ်''

ဒီလိုဆိုရင် လူကြီးမင်းအနေနဲ့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲပြီးတဲ့အခါ ဘာတွေ ဖြစ်ထွန်းလာလိမ့်မယ်လို့ ယူဆထားပါသလဲ။

''ကျနော့်အနေနဲ့ကတော့ မြန်မာနိုင်ငံမှာ ကျင်းပမယ့် လာမယ့်ရွေးကောက်ပွဲကြောင့် အပြောင်းအလဲတွေ ဖြစ်ထွန်းလာလိမ့်မယ်လို့ မထင်မိပါဘူး။ အရင်ဆုံး အပြစ်အနာအဆာတွေ အများကြီး ရှိနေတဲ့ အခြေခံဥပဒေကို ပြန်လည်သုံးသပ် ပြင်ဆင်ရပါလိမ့်မယ်။ စစ်အစိုးရအနေနဲ့ သူတို့ကို ဝေဖန်တဲ့သူတွေကို ဆက်ပြီး ဖမ်းဆီး အရေးယူနေဦးမယ်ဆိုရင် ပူးပေါင်းဆောင်ရွက်မှုတွေကို ရရှိနိုင်မှာ မဟုတ်ပါဘူး။ တကယ်လို့ စစ်အစိုးရအနေနဲ့ အမှန်တကယ် ဖွင့်ပေးပြီး ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဖို့ စိတ်အားထက်သန်နေတယ်ဆိုရင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို လွှတ်ပေးဖို့ လိုပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်မယ်ဆိုတဲ့ ပြောဆိုချက်တွေဟာ အသိအမှတ်ပြုခံရမှာ မဟုတ်ပါဘူး''Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */