“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, July 09, 2010

တောင်းစားတယ်...ဒါဘဲ

သီးစားခ ဆက်တောင်းခံမှုကြောင့် အာဏာပိုင်နှင့် တောင်သူတို့ကြား တင်းမာ NEJ / ၀၈ ဇူလိုင် ၂၀၁၀
ပြေစာပေါက် လယ်မြေများအား သိမ်းယူကာ တဧက (၁) သောင်းကျပ် သီးစားခ တောင်းခံနေမှုကြောင့် မိုးညိုမြို့နယ်၊ ထန်းပင်ကုန်းအုပ်စု၊ အောက်ရွာလေး ကျေးရွာတောင်သူများနှင့် မိုးညိုမြို့နယ် အာဏာပိုင်တို့၏ လတ်တလောအခြေအနေ တင်းမာလျက်ရှိသည်ဟု သိရသည်။

၂၀၀၉ ခုနှစ်အတွင်း မြစ်မခရေကာတာ တည်ဆောက်အပြီး ဆောင်းသီးနှံစိုက်ပျိုးစအချိန် နိုဝင်ဘာလကတည်းက ခယက (ခရိုင်)၊ မယက၊ မြေစာရင်းနှင့် ရဲတို့က ထန်းပင်ကုန်းကျေးရွာ ဥက္ကဋ္ဌမှတဆင့် ထိုသို့ ငွေတောင်းခံခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတောင်သူတို့က ပြောသည်။

ဂလောက်ကျေးရွာ တောင်သူတဦးက “ပြည်မြို့၊ ဒကစတိုင်းမှူး ဗိုလ်မှူးချုပ်စိန်မြင့် မြစ်မခ ရေတားတမံအပြီး မိုးညိုမြို့ကို ရောက်လာတယ်။ တောရိုင်းမြေတွေ ရှင်းလင်း၊ မြေကွက်သစ်တွေ ပြန်ဖော်ဖို့ ညွှန်ကြားခဲ့တယ်။ ဒါကို မိုးညိုအာဏာပိုင်တွေက ပိုင်ရှင်ရှိ လယ်မြေတွေကို ပိုင်ရှင်မဲ့အဖြစ် အထက်ကိုတင်ပြတယ်။ မြေထိုးစက်တွေ အသုံးပြု၊ မြေညှိပြုပြင်ပြီး ဌာနပိုင် လယ်မြေအဖြစ် သိမ်းလိုက်တယ်။ ပြီးတော့ မူလ အမည်ပေါက် တောင်သူတွေကို နှစ်စဉ်သီးစားခ တဧက (၁) သောင်းကျပ် ပေးသွင်းရမယ်လို့ တောင်းခံတယ်” ဟု ထိုစဉ်က အခြေအနေကို ရှင်းပြသည်။

အဆိုပါ လယ်မြေများ သိမ်းလိုက်သည့် သတင်းကို ပြီးခဲ့သည့် ဇန်န၀ါရီ (၂၈) တွင် ခေတ်ပြိုင်ဂျာနယ်၌ ဖော်ပြပါရှိခဲ့ပြီးသည့်နောက် နယ်မြေခံ သတင်းတပ်ဖွဲ့ (SB) မှ အခင်းဖြစ်ပွားရာကျေးရွာသို့ ဧပြီလအတွင်းက ရောက်ရှိလာကာ စုံစမ်းမေးမြန်းခဲ့သည်ဟု မေးမြန်းခံရသည့် ဘိသလွန်၊ ပေတန်းကျေးရွာ တောင်သူတဦးက ပြောသည်။

၎င်းက “မိုးညိုမြို့နယ် အောက်ရွာလေး လယ်မြေသတင်းက အင်တာနက် တက်သွားတယ်။ ဒီသတင်းကို ဘယ်သူလာပြီး စုံစမ်းလဲ။ ဘယ်လိုလူမျိုးကို ပြောမိလဲဆိုပြီး ထန်းပင်ကုန်းကျေးရွာ ဥက္ကဋ္ဌ ကိုဝင်းထွဋ် အိမ်မှာ ခေါ်မေးတယ်။ ဒီလယ်မြေကိစ္စကို အားကိုးလို့ရမယ့် မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့် အာဏာပိုင်တွေကို ပြောမိပါတယ်။ ဘယ်သူ့ကို ပြောမိလို့ ဘယ်သူဟာ သတင်းထောက် ဆိုတာတော့ မသိပါဘူးလို့ ဖြေလိုက်တယ်” ဟု ပြန်လည်ပြောပြသည်။

ထိုအခါ သတင်းတပ်ဖွဲ့မှ ပြေစာပေါက် စာရွက်များ တောင်းခံရာ ရွာသားတို့က ပြသနိုင်ခဲ့ကြောင်း၊ ဖြစ်စဉ် မှန်ကန်ပါက ကိုယ့်လယ်ကိုယ်ပြန်ရမှာပါဟု ပြောကြားသွားကြောင်း တောင်သူတို့ထံမှ သိရသည်။

အဆိုပါ သတင်း အင်တာနက်ပေါက်ကြားမှုဖြင့် မယက ဥက္ကဋ္ဌ ဦးဝေမောင်က ဒေသခံတောင်သူတို့အား ၎င်း၏ ရုံးခန်းတွင် ခေါ်ယူကာ ဆူပူကြိမ်းမောင်းခဲ့သည်ဟုလည်း သိရသည်။

မိုးညိုမြို့ လုပ်ငန်းရှင်တဦးကမူ “ဖြစ်စဉ် မှန် မမှန် စုံစမ်း၊ မှန်ရင် မှန်တဲ့အတိုင်းဖြစ်စေ၊ မမှန်ရင် အပြစ်ပေး အရေးယူ။ ဒီသတင်း အင်တာနက် ဘယ်သူတင်တယ် ဆိုတာထက် ဘယ်လို ဆက်ဆောင်ရွက်သင့်တယ်ဆိုတာ ပိုအရေးကြီးတယ်” ဟု သုံးသပ်သည်။

ယင်းသတင်းနှင့် ဆက်စပ်၍ အဓိကအတိုက်အခံများဟု ယူဆထားသော အောက်ရွာလေးကျေးရွာမှ တောင်သူ (၂) ဦးအား မိုးညိုရဲစခန်း၌ (၁) လခန့် ခေါ်ယူစစ်ဆေး မေးမြန်းခဲ့သည်ဟု သိရသည်။

“ဘာပုဒ်မတပ်ပြီး ဖမ်းတာလဲဆိုတာ စခန်းမှာ မေးလို့မရဘူး။ ဒီ (၂) ယောက်ကို ဖမ်းလိုက်ရင် ကျန်တောင်သူတွေရဲ့ လယ်မြေကိစ္စ ရပ်တန့်သွားမယ်ထင်လို့ ဖမ်းတာ။ တောင်သူတွေဘက်ကလည်း နေပြည်တော်အထိ တက်ပြီး အသနားခံစာ တင်ထားပါတယ်။ ဥပဒေမယ့် ဖမ်းဆီးထားတဲ့ အကြောင်းလည်း တင်ပြခဲ့ပါတယ်။ ချုပ်ရက်တလပြည့် ပြီးခဲ့တဲ့ဇွန်လကုန်မှာ ခြေချုပ် တနှစ်နဲ့ ပြန်လွှတ်ပေးတယ်” ဟု အောက်ရွာလေး တောင်သူတို့က ပြောသည်။

ထို့နောက် မိုးစပါးစိုက်ပျိုးရန် တောင်သူများ ထွန်ယက်နေစဉ် မိုးညို၊ ရေကင်းရဲစခန်းတို့မှ တပ်ဖွဲ့ဝင် (၃၀) ကျော် ရောက်ရှိလာပြီး လယ်မြေများမှ ပြန်တက်ကြရန် အမိန့်ပေးကြောင်း၊ မလိုက်နာပါက သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးမည်ဟု ဒု-ရဲအုပ်တဦးမှ ခြိမ်းခြောက်ကြောင်း ငကျီးကျေးရွာ တောင်သူတို့က ပြောသည်။

အဆိုပါ လိပ်ခဲတည်းလည်း အခြေအနေကို ရန်ကုန်မြို့ ဌာနဆိုင်ရာ အရာထမ်းတဦးက “တိုင်းမှူး အမိန့်အပေါ် မယက က လိုက်နာသယောင် ပြုတယ်။ ပြေစာပေါက် လယ်တွေကို ပိုင်ရှင်မဲ့အဖြစ် အကွက်ဖော်တယ်။ ဒီစရိတ်စကကို နိုင်ငံတော် ဘတ်ဂျက်က သုံးစွဲရမှာပဲ။ မြို့နယ် အိတ်စိုက်ဆိုရင်လဲ အထက်အာဏာပိုင်တွေကို တင်ပြပြီး အဖြေရှာသင့်တယ်။ တောင်သူတွေဘက်ကလည်း သူတို့လယ်သူတို့ ပြန်လိုချင်မှာပဲ။ မကြာမီ ဒီကိစ္စ ရုန်းရင်းဆန်ခတ် ဖြစ်လာနိုင်တယ်။ တိုင်းမှူး သို့မဟုတ် ၀န်ကြီးအဆင့်က ဆုံးဖြတ်ချက် အမြန်ချဖို့ လိုနေတယ်” ဟု ဝေဖန်ထောက်ပြသွားသည်။

လတ်တလော အခြေအနေတွင် အာဏာပိုင်တို့က သီးစားခ (၁) သောင်းကျပ် ဆက်လက်တောင်းခံနေပြီး တောင်သူအချို့ကလည်း အမည်ပေါက် ပြေစာမူရင်း (၄၀) ခန့်နှင့် နေပြည်တော် အကြီးအကဲများထံ တင်ပြထားသည်။

တောင်သူအများစုကမူ စိုက်ချိန်လွန် မိုးစပါး စိုက်ကွက်များအတွင်း အထိတ်တလန့်ဖြင့် ထွန်ယက် စိုက်ပျိုးနေကြသည်ဟု သိရသည်။

အာဏာပိုင်တို့ သိမ်းယူထားသော လယ်မြေ (၃၀၈) ဧကသည် မြစ်မခ ရေကာတာ၏ အနောက်ဘက်တွင် တည်ရှိသည်။ မြေတိုင်းအမှတ် (၉၀) ဟု မြေစာရင်းအမည်ပေါက်ပြီး အောင်ရွာလေး (အောက်ရွာလေး)၊ ဂလောက်၊ ဘိသလွန်၊ ငကျီး အပါအ၀င် ကျေးရွာ (၆) ရွာမှ လယ်သမား (၅၀) ဦးခန့်ပိုင် အမည်ပေါက် လယ်မြေများဖြစ်ကြသည်။ Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */