“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, August 09, 2008

ရှစ်လေးလုံး အနှစ် (၂၀) ပြည်တွင်းပြည်ပဆန္ဒပြ

NEJ / ၈ သြဂုတ် ၂၀၀၈

ဒီမိုကရေစီရေးဆန္ဒပြသည့် လူထုကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်သည့် ၈၈၈၈ လူထုအရေး တော်ပုံ အနှစ် (၂၀) ပြည့်နေ့အဖြစ် ရခိုင်ပြည်နယ် တောင်ကုတ်မြို့၌ လူငယ် (၅၀) ခန့် ယနေ့ နံနက်က မြို့တွင်း စီတန်း လှည့်လည် ဆန္ဒပြခဲ့ပြီး အာဏာပိုင်များ၏ ဖမ်းဆီးခံရသည်။

ဆန္ဒပြသူလူငယ်များသည် ၈၈၈၈၊ ဒီအချိန်ရောက်ပြီ စည်းလုံးကြ၊ (၈) နာရီသို့ညွှန်ပြထားသည့် နာရီပုံပါ အင်္ကျီ များ ၀တ်ဆင်ကာ တောင်ကုတ်မြို့ ချောင်းကောက်ကူးတို့ဆိပ်မှာ လျှောက်လာစဉ် ရဲစခန်းအနီး ဖမ်းဆီးခံ ရခြင်း ဖြစ်ပြီး အမျိုးသမီး (၆)ဦး အပါအ၀င် လူငယ် (၅၀) ၀န်းကျင် ဖမ်းဆီး ခံရသည်ဟု တောင်ကုတ်မြို့နယ် အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်သိန်းအောင်က ပြောသည်။

၎င်းက “နံနက် (၇) နာရီခွဲလောက်က ချောင်းကောက် ရပ်ကွက်ကနေ ဦးဥတ္တမလမ်းအတိုင်း ငြိမ်းငြိမ်းချမ်းချမ်း လမ်းလျှောက်လာကြတယ်။ မယကရုံးနဲ့ ရဲစခန်းအရှေ့နားကိုရောက်တဲ့အခါ ရဲတပ်ဖွဲ့ဝင်တွေက မယကရုံးထဲကို ခေါ်သွားတယ်။ အပြင်ဘက်မှာ မီးသတ်ကား ဟိုဘက်ထိပ် ဒီဘက်ထိပ်ကို သံစူးကြိုးနဲ့ ကာပြီး လမ်းကို ပိတ် ထား လိုက်တယ်” ဟု ပြောသည်။

ဖမ်းဆီးခံထားရသူများအားပြန်လွှတ်ပေးရန် တောင်ကုတ်အန်အယ်လ်ဒီက အာဏာပိုင်များကို စာရေးတောင်း ဆိုထားသော်လည်း အရေးယူဆောင်ရွက်ပေးခြင်းမရှိဟု ဦးတင်သိန်းအောင်က ပြောသည်။

စစ်တွေတက္ကသိုလ်၌လည်း ကျောင်းသားများက အင်္ကျီအနက်ရောင်တူညီဝတ်စုံများ ၀တ်ဆင် လာကြ ကြောင်းနှင့် သံတွဲမြို့ အောင်ဓမ္မရိပ်သာကျောင်းတိုက်၌ ၈၈ မျိုးဆက်ကျောင်းသားဟောင်း များက ရှစ်လေးလုံး တွင် ကျဆုံးသွားကြသူများအတွက် ဆွမ်းကပ်လှူခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းတွံတေးမြို့၌လည်း ကျူရှင်ဆရာဦးအောင်ဖေက ယနေ့နံနက် (၇) နာရီခွဲခန့်က ၈၈၈၈ စာတမ်း ရေး ထားသည့်အလံတပ်ကာ မြို့တွင်းလှည့်လည် စက်ဘီးစီး၍ ဆန္ဒပြခဲ့ကြောင်း တွံတေး မြို့ခံ အန်အယ်လ်ဒီ လူငယ်တဦးက ပြောသည်။

ထိုင်း၊ မလေးရှား၊ ဂျပန်၊ အိန္ဒိယ၊ သြစတြေးလျ၊ စသည့်နိုင်ငံများ၌လည်း မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှား သူများက ဆန္ဒပြပွဲများ အသီးသီးကျင်းပခဲ့ကြသည်။

ဘန်ကောက် မြန်မာသံရုံးရှေ့၌ ထိုင်းနှင့်မြန်မာ (၃၀၀) ခန့် စုဝေးဆန္ဒပြခဲ့ကြပြီး မြန်မာပြည်လွတ် မြောက်ရေး ကြွေးကြော်သံများ အော်ဟစ်ကာ သွေးစွန်းသောနေ့ ဒို့မမေ့ စာတမ်း ချိတ်ထားသည့် မိုးပျံပူပေါင်းနှင့် စစ်အာဏာရှင် အလိုမရှိ စာတမ်းပါ စက္ကူစွန်အနီရောင်များ သံရုံးတွင်း ပစ်လွှတ်ခဲ့ ကြကြောင်း သိရသည်။

ရန်ကုန်မြို့ ဆူးလေတ၀ိုက်နှင့် မြေနီကုန်း ဒဂုံစင်တာတို့တွင် လက်နက်ကိုင် ရဲ၊ စစ်တပ်နှင့် စွမ်း အားရှင်များ လုံခြုံရေးအပြည့်ချထားသည်ဟု ရန်ကုန်မြို့ခံတို့က ပြောသည်။

နအဖစစ်အုပ်စုကိုဖြိုချ၍မရခြင်းမှာ မြန်မာ့အရေးဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများ ရှစ်လေးလုံး စိတ် ဓာတ်မရှိခြင်းကြောင့်ဖြစ်သည်ဟု သံဃာ့တပ်ပေါင်းစုအဖွဲ့ဥက္ကဋ္ဌ အရှင်ပညာ ဇောတက ထိုင်း-မြန်မာ နယ်စပ်တွင် ယနေ့နံနက်က ပြုလုပ်သည့်နှစ် (၂၀) မြောက် ရှစ်လေးလုံး နှစ်ပတ်လည်နေ့ အခမ်းအနား တွင် ပြောကြားသည်။

အဆိုပါအခမ်းအနားအား ရှစ်လေးလုံးအင်အားစုများက ကျင်းပခြင်းဖြစ်ပြီး အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များနှင့် ပရိသတ် (၃၀၀) ခန့်တက်ရောက်ကြသည်။ မယ်တော်ဆေးခန်းတွင်လည်း ရှစ်လေးလုံး အထိမ်း အမှတ် သံဃာတော်များအား ဆွမ်းဆက်ကပ်ပြီး ဟောပြောပွဲများ ကျင်းပခဲ့ သည်။ http://www.khitpyaing.org/news/august08/8-8-08f.php

၈၈ နှစ် ၂၀ ပြည့် ရန်ကုန်မြင်ကွင်း
သြဂုတ် ၈။ တေဇ

၈၈ အရေးအခင်း နှစ် ၂၀ ပြည့်သည့် အထိမ်းအမှတ် လှုပ်ရှားမှုများ ပေါ်ပေါက်လာမည်ကို စိုးရိမ်သဖြင့် ရန်ကုန် တမြို့လုံးတွင် ယနေ့ စစ်သားနှင့်လုံထိန်းများ ထူထပ်စွာ ချထားသည်။

အထက်တန်းကျောင်းများ အနီးတွင် လက်နက် အပြည့်အစုံနှင့် စစ်ကားတစီးစီ အသင့်ချထားသည်ကို တွေ့ ရသည်။ ရွှေတိဂုံဘုရား အရှေ့မုခ်တွင် မီးသတ်ကား တစီးနှင့် ထောင်ကား (အချုပ်ကား)တစီး အပါအ၀င် ကား ၁၀ စီး အသင့်ချထားသည်။ ရွှေတိဂုံမီးပွိုင့်အနီးရှိ ဗုဒ္ဓသာသနာပြု အဖွဲ့ချုပ် ၀င်းအတွင်းတွင် ကား ၁၀ စီးနှင့် လုံခြုံရေး အင်အား ၂၀၀ ခန့် မြင်ရသည်။ ရန်ကုန်မြို့လယ်အနီး လသာ ကားမှတ်တိုင် အနီးတွင်လည်း ကား ၄ စီး ယူနီဖောင်းဝတ်အင်အား ၈၀ ခန့် စောင့်နေသည်။

ဆူးလေဘုရားလမ်းရှိကုန်သည်ကြီးများဟိုတယ်အနီးတွင် သေနတ်၊ ဒိုင်းများကိုင်ဆောင်ထားသော လုံထိန်း ၀တ် စုံ ၀တ်များ တွေ့ရသည်။ ကားများပေါ်တွင် ပါဝင်သော လုံခြုံရေးများကို ရဲယူနီဖောင်းဝတ် ရဲခြေလျင်တပ်ရင်းမှ အဓိကရုဏ်း နှိမ်နင်းရေး ရဲများအသွင် တွေ့မြင်ရသော်လည်း ရဲယူနီဖောင်းဝတ်ထားသည့် စစ်သားများ ဟုတ်မ ဟုတ် မသဲကွဲပေ။ အရေးအခင်းများတွင် သွေးမြေကျ နှိမ်နင်းမှုကြောင့် စစ်သားများကို အများပြည်သူ မုန်းတီးမှု ပိုမို လာသည့်နောက်ပိုင်း မြို့တွင်း ကင်းလှည့်ရာတွင် ရဲဝတ်စုံဝတ် လုံထိန်းများကို အဓိက အသုံးပြုလာခဲ့သည်။

ပြည်ထောင်စု အေးရိပ်ငြိမ်ဝင်းနှင့် လွှတ်တော်ဝင်းများထဲတွင် တပ်မ ၁ နှင့် ၇၇ စစ်ယူနီဖောင်းများနှင့် တပ်စွဲထားသည်။ တပမ နှစ်ခုပေါင်း အင်အား ၃၀၀ ခန့် ရှိပြီး ရဲခြေလျင်တပ်ရင်းမှ ရဲသား ၁၀၀ ခန့်လည်း တွေ့ရ သည်။ ဝေါ်ကီတော်ကီ ကိုင်ထားသော အရပ်ဝတ်များကိုလည်း တွေ့ရရသည်။

တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို သံဆူးကြိုးနှစ်ထပ် ချထားသည်။
ယမန်နေ့ ညနေကတည်းက ရန်ကုန်မြို့တွင်းတ၀ိုက် ကား အစီး ၂၀ စီ သုံးဖွဲ့ခွဲ၍ ကင်းလှည့်နေကြသည်။ အကောင်းဆုံး မြေသြဇာ အဖွဲ့မှ ရန်ကုန်မြို့တွင် သြဂုတ်လ တလလုံး အနီရောင်ဆေးများ လိုက်သုတ်မည်ဟု ကြေညာချက် ထွက်လာသော်လည်း လှုပ်ရှားမှု မမြင်ရသေးပေ။ http://www.hittaing.org/news/

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */