“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, August 20, 2008

ဂမ်ဘာရီ ခရီးစဉ် မည်သည့် ထိုးဖောက်အောင်မြင်မှုမျှ မရခဲ့ဟု မြန်မာ အတိုက်အခံပါတီ ပြော

မုံပီး
အင်္ဂါနေ့၊ သြဂုတ်လ 19 2008 15:19 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ မြန်မာနိုင်ငံ၏ အဓိက အတိုက်အခံ ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီ၏ ခရီးစဉ်ကို ကြိုဆိုလိုက်သော်လည်း ဂမ်ဘာရီ၏ ကြိုးပန်းမှု မှန်သမျှသည် ယခုအထိ နိုင်ငံရေးအရ ထိုးဖောက်အောင်မြင်မှု ရရှိခဲ့သေးပါဟု ဝေဘန် ထောက်ပြလိုက်ပါသည်။

ဒီချုပ် (NLD) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက သူတို့အနေနှင့် ကုလသမဂ္ဂ၏ ကြိုးပန်းမှု မှန်သမျှကို ကြိုဆိုနေပါကြောင်း၊ ယခုလည်း လက်ရှိ မြန်မာနိုင်ငံ၏ ရှေ့မတိုးနောက်မဆုတ် လိပ်ခဲတည်းလည်း ဖြစ်နေသော အနေအထားမှ ထွက်ပေါက် ရစေနိုင်မည့် ထိုးဖောက်အောင်မြင်မှု တရပ်ကို ယခုခရီးစဉ်က ဆောင်ကျဉ်းပေး
နိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်းဖြင့် ပြောကြားသွားခဲ့ပါသည်။

"မစ္စတာ ဂမ်ဘာရီက ဒီတခါတော့ ဒေါ်စုနဲ့ ဦးအောင်ကြည်အကြား ဆွေးနွေးပွဲတွေ ပြန်လည် စတင်နိုင်အောင်လုပ် ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဟု ဦးဥာဏ်ဝင်းက ပြောသွားပါသည်။

စက်တင်ဘာ ဆန္ဒပြပွဲမှ ဆန္ဒပြသူများကို စစ်အစိုးရက ရက်ရက်စက်စက် နှိမ်နင်းအပြီး မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့ပြီးနောက် စစ်အစိုးရက အလုပ်သမား ဝန်ကြီး ဦးအောင်ကြည်ကို ဒေါ်စုနှင့် တွေ့ဆုံနိုင်ရန် အတွက် ဆက်ဆံရေး ဝန်ကြီးအဖြစ် ခန့်ထားခဲ့သည်။

ထိုအချိန်ကတဲကစ၍ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ ၅ ကြိမ်တိုင် တွေ့ဆုံခဲ့ကြသော်လည်း ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်က တွေ့ဆုံ ဆွေးနွေးမှုများမှာ နှေးကွေးလွန်းသည်ဟု ဇန်နဝါရီလအတွင်းက ပြစ်တင် ပြောဆိုပြီးကတဲက ရပ်တန့်သွားခဲ့သည်။

"အခုအထိတော့ မစ္စတာ ဂမ်ဘာရီရဲ့ ခရီးစဉ်တွေက မယ်မယ်ရရ လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ အဖြေတရပ် ထွက်မလာသေးဘူး၊ ဒါပေမဲ့အခုတော့ ထိုးဖောက် အောင်မြင်မှု တခုခုရအောင် လုပ်နိုင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်" ဟု ဦးဥာဏ်ဝင်းက ပြောသွားပါသည်။

ယမန်နှစ် စက်တင်ဘာလက ဆန္ဒပြသူများကို စစ်အစိုးရက ရက်ရက်စက်စက် နှိမ်နင်းပြီးကတဲက တနင်္လာနေ့တွင် စတင်မည့် မစ္စတာ ဂမ်ဘာရီ၏ ခရီးစဉ်သည် မြန်မာနိုင်ငံသို့ ၄ ကြိမ်မြောက် လာရောက် လည်ပတ်သည့် ခရီးစဉ် ဖြစ်ပါလိမ့်မည်။

သို့သော် ဤခရီးစဉ်တွင် စစ်အစိုးရ ထိပ်ပိုင်း အရာရှိကြီးများနှင့်သော်၎င်း၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံနှင့် တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံခွင့် ရမည် မရမည်မှာ မသေချာသေးပါ။

ယခင် ခရီးစဉ်များအတွင်းက မစ္စတာဂမ်ဘာရီနှင့် တွေ့ဆုံခွင့် ရခဲ့သော ဒီချုပ် (NLD) ခေါင်းဆောင်များကမူ ကုလ ကိုယ်စားလှယ်နှင့် တွေ့ဆုံရန် ဖိတ်ကြားချက်ကို လက်ခံရရှိခြင်း မရှိသေးကြောင်း ပြောကြားသွားကြပါသည်။

ထိုင်းနိုင်ငံမှ မြန်မာ့အရေး လေ့လာသူ ဦးဝင်းမင်းကမူ မစ္စတာ ဂမ်ဘာရီသည် အစီအစဉ်သစ် တရပ်ကို ရှာဖွေဖေါ်ထုတ်ဘို့ထက် သူ၏အစီအစဉ်ဟောင်း ဖြစ်သော တွေ့ဆုံ ဆွေးနွေးပွဲများ ပြန်လည် စတင်နိုင်ရန်သာ လုပ်ဆောင်မည် ဖြစ်သည့် အတွက် ယခုခရီးစဉ်သည် ထူးခြားဖွယ် မရှိနိုင်ကြောင်း ပြောဆို သွားပါသည်။ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ အကြား ဆွေးနွေးပွဲများကို ရပ်ဆိုင်းထားခဲ့ပြီး ဖြစ်သောကြောင့် ဖြစ်သည်ဟု သူကဆိုပါသည်။

“စစ်အစိုးရက အရင်ကလဲ မစ္စတာ ဂမ်ဘာရီရဲ့ အကြံပြုချက်တွေ ဖြစ်တဲ့ ဖွဲ့စည်းပုံ ရေးဆွဲရာမှာ အားလုံး ပါဝင်စေဘို့နဲ့ ဆန္ဒခံယူပွဲ ကျင်းပရာမှာ ကုလသမဂ္ဂကို စောင့်ကြည့် အကဲခတ်ခွင့် ပေးဘို့ ဆိုတာတွေ ဘာတခုမှ နားထောင်ခဲ့တာ မဟုတ်ဘူး။ ဒီတော့ အခုတခါလဲ နားထောင်မဲ့ အလားအလာ မရှိပါဘူး” ဟု သူက ဆက်လက်ပြောဆိုသွားခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ရှေ့နေ ဦးကြည်ဝင်းတို့ကို ရှားရှားပါးပါး တွေ့ဆုံခွင့် ပေးလိုက်ခြင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ အကြား တွေ့ဆုံ ဆွေးနွေးပွဲများအစား မစ္စတာဂမ်ဘာရီ ကျေနပ်စေရန် အနည်းငယ် လိုက်လျောခြင်းမျှသာ ဖြစ်နိုင်ကြောင်းလည်း သူက ပြောဆို သွားပါသေးသည်။

ဒေါ်အောင်ဆန်းစုကြည်ကို တလအတွင်း သူမ၏ ရှေ့နေ ဦးကြည်ဝင်းနှင့် ဒုတိယအကြိမ်မြောက် တွေ့ဆုံခွင့် ပေးခဲ့သည်။ အလားတူ သူမ၏ မိသားစုဆရာဝန် ဒေါက်တာ တင်မျိုးဝင်းနှင့်လည်း တွေ့ဆုံခွင့် ပြုခဲ့သည်။

မေလအတွင်း ပြုလုပ်ခဲ့သည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ မတိုင်မီ တလကျော်အလို မတ်လအတွင်း လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း မစ္စတာဂမ်ဘာရီက စစ်အစိုးရကို ဤဆန္ဒခံယူပွဲတွင် ကုလသမဂ္ဂအား လေ့လာအကဲခတ်ခွင့် ပေးပါရန် တင်ပြ တိုက်တွန်းခဲ့သေးသည်။

သို့သော် မြန်မာစစ်အစိုးရက သူတို့အနေဖြင့် လွတ်လပ်မျှတသော ဆန္ဒခံယူပွဲ တရပ်ကို လုပ်ကိုင်နိုင်စွမ်း ရှိပါကြောင်း ပြောကြားကာ မစ္စတာဂမ်ဘာရီ၏ အကြံပြုချက်ကို ပြတ်ပြတ်သားသား ပယ်ချခဲ့သည်။

သို့သော် လူ့အခွင့်အရေး အဖွဲ့အစည်းများ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက စစ်အစိုးရ ကျင်းပခဲ့သော ဆန္ဒခံယူ ပွဲကို မဲမသမာမှုများရှိခဲ့ပြီး ယုံကြည်စိတ်ချရမှုလည်း မရှိကြောင်းဖြင့် ဝေဘန် ပြောကြားခဲ့ကြသည်။

ဤသို့ နိုင်ငံတကာ အသိုင်းအဝိုင်းက ကန့်ကွက်ရှုတ်ချမှုများ လုပ်နေကြလင့်ကစား စစ်အစိုးရကမူ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အတည်ပြုရန်အတွက် ဆန္ဒခံယူပွဲကို စီစဉ်ထားသည့်အတိုင်း ဆက်လက် ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံမှ မဲပေးပိုင်ခွင့် ရှိသူဦးရေ၏ ၉၂% ကျော်က ထောက်ခံမဲ ပေးခဲ့ကြောင်း ကြေညာခဲ့သည်။ စစ်အစိုးရ ကြေညာသည့် မဲလာထည့်သည့် မဲဆန္ဒရှင် ရာခိုင်နှုံးသည် ၉၈% ကျော် ရှိသည်။

http://www.mizzimaburmese.com/news/regional/1548-2008-08-19-09-04-29.html

Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */