အိုင်စီ ဖျော်ဖြေပွဲ လက်မှတ်အတု မလုပ်ရန် အသားတံဆိပ် စီဒီဖြင့် ရောင်းချ
http://www.mizzimaburmese.com/news/inside-burma/1552-2008-08-20-09-17-31.html
မဇ္ဈိမသတင်းဌာန။ ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ 20 2008 15:33 - မြန်မာစံတော်ချိန်
ရန်ကုန်။ ။ မြန်မာနိုင်ငံ ဂီတအစည်းအရုံးက စီစဉ်တင်ဆက်သည့် နာဂစ်ရန်ပုံငွေ အိုင်စီ (Iron Cross) ဂီတဖျော်ဖြေပွဲ လက်မှတ်များကို လက်မှတ်အတု မထွက်နိုင်ရန်အတွက် စီဒီပြားပေါ်တွင် အသားတံဆိပ် ရိုက်နှိပ်ပြီး ယနေ့မှ စတင်ကာ ရောင်းချနေသည်။
လက်မှတ်အတုများ ပေါ်ပေါက်လေ့ရှိသဖြင့် လိုက်ရှိုးဝင်ငွေ ဆုံးရှုံးရသည့်အပြင် ထိုင်ခုံနေရာများ ထပ်ထည့်ရသည့် ပြဿနာများကို ဖြေရှင်းရတတ်သဖြင့် လက်မှတ်စီဒီပြားပေါ်တွင် အိုင်စီအဖွဲ့သားများ ဓာတ်ပုံရိုက်နှိပ်ပြီး ရောင်းချနေခြင်းဖြစ်သည်။
"ရန်ကုန်မှာ လုပ်တဲ့ လိုက်ရှိုးပွဲတွေမှာ နာမည်ကြီးပြီဆိုတာနဲ့ လက်မှတ်အတုတွေ ထွက်လာပါတယ်။ လာကြည့်တဲ့ လက်မှတ်တွေကို ပြန်စစ်ဆေးလိုက်ရင် လက်မှတ်အတုက ပျမ်းမျှခြင်းအားဖြင့် ၃၀ ရာခိုင်နှုန်းလောက် ပါတာကို တွေ့ရပါတယ်။ ဒါကြောင့် ဒီပွဲမှာ လက်မှတ်အတု မပေါ်ပေါက်ရေးအတွက် စီဒီပြားပေါ်မှာ ပုံနှိပ်ခဲ့တာပါ" ဟု မြန်မာနိုင်ငံ ဂီတအစည်းရုံးဝင်တဦးက ပြောသည်။
အိုင်စီလိုက်ရှိုးကို ကြည့်ရှုလိုသူ များပြားသဖြင့် ယခုလ ၂၄ ရက်နှင့် ၂၅ ရက် နှစ်ရက်ခွဲကာ ကျင်းပမည်ဖြစ်ကြောင်းနှင့် လက်မှတ်များကို ကျပ် ၉ ထောင်၊ တသောင်းနှင့် တသောင်းခွဲတန်းဟူ၍ ရောင်းချသွားမည်ဖြစ်ကာ ရရှိလာသည့် ၀င်ငွေများကို လေဘေးသင့် ဒေသများသို့ ပေးလှူသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် စီဒီပြားရိုက်စက်မှာ မန္တလေးရှိ ဟုန်ပန် ကုမ္ပဏီနှင့် ရန်ကုန်ရှိ Excellent Creation တေးထုတ်လုပ်ရေး တို့တွင်သာ ရှိခြင်းကြောင့် လက်မှတ်အတု ထွက်နိုင်ဖွယ်ရာ မရှိဟု ဂီတအစည်းအရုံးဝင်က ပြောဆိုသည်။
ယခု အိုင်စီပွဲကို လူစိတ်ဝင်စားမှု များပြားရခြင်းမှာ အိုင်စီ ၁၅ နှစ်မြောက် နှစ်ပတ်လည် ပွဲအပြီးကတည်းက လိုက်ရှိုး လုံးဝ မဆိုတော့သည့် အဆိုတော် လေးဖြူလည်း ပြန်လည်ကာ ပါဝင်သီဆိုခြင်းကြောင့် ဖြစ်နိုင်သည်ဟု ပရိသတ်များက သုံးသပ်ပြောဆိုကြသည်။

0 comments:
Post a Comment