စနေသတင်းများ.အာဇာနည်နေ့
အန်အယ်လ်ဒီရုံးတွင် အာဇာနည်နေ့ အခမ်းအနား ကျင်းပ
မဇ္ဈိမသတင်းဌာန
စနေနေ့၊ ဂျူလိုင်လ 19 2008 12:36 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ အာဏာပိုင်များ စောင့်ကြည့်နေသည့်ကြားက အတိုက်အခံ နိုင်ငံရေးပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် အာဇာနည်နေ့ အခမ်းအနားကို ကျင်းပနေဆဲ ဖြစ်သည်။ အနည်းဆုံး အင်အား တထောင်ကျော်ရှိသော ကြံ့ခိုင်ဖွံ့ဖြိုးရေး၊ စွမ်းအားရှင်၊ လုံထိန်းရဲနှင့် မီးသတ်တို့က အဖွဲ့ချုပ် ရုံးတဝိုက်နှင့် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှိရာ လမ်းမကို ပိတ်ဆို့ စောင့်ကြပ်နေခဲ့သည်။ အဖွဲ့ချုပ်ရုံးသို့ သွားရာလမ်းများတွင် ယာဉ်သွားလာမှု ပိတ်ပင်ထားပြီး လမ်းလျှောက်၍သာ ဖြတ်သန်း သွားလာခွင့်ရှိပြီး ဒေါ်စုနေအိမ် သွားရာလမ်းကို အပြင်လူ ဖြတ်သွားလာခွင့် ပိတ်ပင်ထားသည်။>
သို့သော်လည်း ၆၁ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရာ အဖွဲ့ချုပ်ဝင် ၄ဝဝ ခန့် တက်ရောက်ခဲ့ကြသည်ဟု တက်ရောက်ခဲ့သူ ပါတီဝင် လူငယ်တဦးက ပြောသည်။
“ကျနော်တို့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ဓမ္မရုံမှာ စွမ်းအားရှင်နှင့် ကြံ့ဖွံ့များကားများ ၈ စီးလောက်ရှိပြီး ကျောက်ဆည် ဓမ္မာရုံး လုံထိန်းကားတွေ ရပ်ထားတယ်။ ရွှေဂုံတိုင်လမ်းကို ရုံးဘက်ကိုဝင်တဲ့ ကားလမ်းကို ပိတ်ထားတယ်။ ပြည်လမ်းကနေ ရုံးဘက်ကိုဝင်တဲ့ လမ်းကို ပိတ်ထားတယ်။ ထွက်ရင် ထွက်လို့ ရတယ်။ အဲဒီဘက်မှာလည်း စွမ်းအားရှင်နှင့် ကြံ့ဖွံ့များကားများ ၁၅ စီးလောက် ရပ်ထားတယ်” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သတင်း နှင့် ပြန်ကြားရေး အဖွဲ့ဝင် ဒေါက်တာဝင်းနိုင်က ပြောသည်။
“ထူးခြာတာကတော့ ရပ်မိရပ်ဖတွေ လိုပြောပေမဲ့လည်း လာတဲ့သူတွေက စနစ်တကျ ကားတွေဘာတွေနဲ့ စုစည်းပြီးတော့ လာကြတယ်ဆိုတော့ လူတစု အဖွဲ့တခုကနေပြီးတော့ စီစဉ်တဲ့ သဘောရှိတယ်။ အရင်တုန်းက ကားနံပါတ်တွေကို ဒိုင်နာတွေမှာ အရင်တုန်းက ဗျောင်ရေးထားပေမဲ့လည်း အခုဟာက နံပါတ်ပြားတွေ ဖြုတ်ထားတယ်။ လိုင်းနာမည်ကိုလည်း စတစ်ကာနဲ့ ပိတ်ထားတယ်” ဟု သူက ဆက်ပြောသည်။
ရွှေတိဂုံဘုရားသို့ တက်ရာလမ်းကြောင်းများတွင်လည်း အစစ်အဆေးများ ပိုက်စိတ်တိုက် လုပ်ဆောင်ခဲ့ပြီး ရန်ကုန်မြို့ လူစည်ကားရာ နေရာများတွင် လုံထိန်းများက စောင့်ဆိုင်းနေခဲ့ကြသည်။
ဗိုလိချုပ်ပြတိုက်ကို ယနေ့ ဖွင့်လှစ်ထားခဲ့ရာ လာရောက် ကြည့်ရှုသူများ ရှိခဲ့သည်။ ပြတိုက်အပေါ်ထပ်သို့ တက်ရောက်ခွင့်ကို ပိတ်ပင်ထားခဲ့ပြီး နာဂစ်မုန်တိုင်းကြောင့် ဗိုလ်ချုပ်အောင်ဆန်း နေခဲ့သော အိမ်သည် ပျက်စီး ထိခိုက်မှုများ ရှိခဲ့သည်ဟု ပြတိုက် တာဝန်ရှိသူများ အပြောအရ သိရသည်။
အာဇာနည်နေ့ အခမ်းအနားများ အတိုက်အခံများ ကျင်းပ
မဇ္ဈိမသတင်းဌာန
စနေနေ့၊ ဂျူလိုင်လ 19 2008 23:19 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ ၆၁ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့ရှိ အဖွဲ့ချုပ်ရုံးနည်းတူ အခြား မြို့နယ်များတွင်လည်း အခမ်းအနားများကို ကျင်းပကြသည်။
ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အဖွဲ့ချုပ်ရုံးတွင် အဖွဲ့ချုပ်၊ အဖွဲ့ဝင်များ၊ မိတ်ဖက် နိုင်ငံရေးပါတီ အသီးသီးမှ ကိုယ်စားလှယ်များ၊ ဝါရင့်နိုင်ငံရေး သမားကြီးများ၊ သံရုံးဝန်ထမ်းများနှင့် နိုင်ငံခြား သတင်းထောက် တက်ရောက်ကြသည်။
မိတ္ထီလာ၊ ရေနံချောင်း၊ မန္တလေး၊ အောင်လံ၊ မှော်ဘီမြို့နယ်များရှိ အဖွဲ့ချုပ် ရုံးများတွင် ကျင်းပသလို အိန္ဒိယနိုင်ငံနှင့် ဂျပန်နိုင်ငံများတွင်လည်း အတိုက်အခံများက အာဇာနည် ခေါင်းဆောင်ကြီးများကို အောက်မေ့ ဂါရဝပြု အခမ်းအနားများ ကျင်းပခဲ့ကြသည်။
မိတ္ထီလာမြို့ အဖွဲ့ချုပ်က လွမ်းသူပန်းခွေကို အာဇာနည်ကျောက်တိုင်တွင် လုပ်ရန် ခွင့်တောင်းခြင်းကို အာဏာပိုင်များက ပိတ်ပင်၍ ဘုန်းကြီးဆွမ်းကပ်ခြင်းနှင့် ရုံးတွင်း အခမ်းအနားသာ ပြုလုပ်ခဲ့ရသည်။
“အာဏာပိုင်တွေက နေပြည်တော်နဲ့ ဗဟိုက လွဲပြီးတော့ ဘယ်မှ လုပ်ဖို့ အစီအစဉ် မရှိပါဘူးပြောတယ်။” ဟု မိတ္ထီလာ အဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်မြင့်မြင့်အေးက ပြောသည်။
အာဏာပိုင်များက မိတ္တီလာမြို့တွင် လုံခြုံရေးများ ထူးကဲစွာချထားပြီး လမ်းများတွင် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
အလားတူပင် ရေနံချောင်းမှာလည်း အာဇာနည်နေ့ အခမ်းအနားကို ပြုလုပ်ခဲ့ကြသည်။
“ကျဆုံးသွားတဲ့ အာဇာနည်များရဲ့ ကိုယ်ကျိုးစွန့် စိတ်ဓာတ်ကို နောင်လာနောက်သားတွေ သိဖို့လုပ်ရမယ် ဖော်ထုတ်ရမယ်။ ကျေးဇူးကို ဆပ်ရမယ်။ မစားဘဲနဲ့ စွန့်သွားတဲ့ ပုဂ္ဂိုလ်တွေ ကို မစွန့်ဘဲနဲ့ စားတဲ့ လူတွေကို ဘာလို့ မနာလိုနေရတာလဲ မသိဘူး” ဟု ရေနံချောင်း အဖွဲ့ချုပ် ဒုဥက္ကဌ ဖြစ်တဲ့ ဒေါ်ခင်စောဌေးက ပြောသည်။
အဖွဲ့ချုပ်ဝင်များက ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများကို ပြန်လွတ်ပေးရန် ထပ်မံ တောင်းဆိုလိုက်ပြီး ဖျက်သိမ်းခံ နိုင်ငံရေး ပါတီများအား တရားဝင် ပြန်လည်ဖွဲ့စည်းခွင့်၊ စည်းရုံး လှုံ့ဆော်ခွင့်များ ပေးရန် တောင်းဆိုခဲ့ကြသည်။
Rest of your post
Sunday, July 20, 2008
အော် .. သေနတ်နဲ့ ပေမယ့် အားပျော့တဲ့ ယောင်္ကျားသားတွေမို့ ကြောက်ပါရဲ့ 
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment