“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, July 25, 2008

ကျောင်းကောင်း

ကျောင်းကောင်း အပိုင်း (၁)
မောင်သစ်ဆင်း

(ဆရာ မောင်သစ်ဆင်း၏ ကလေးတို့ မနက်ဖြန် (သင့်ဘ၀မျက်နှာဖုံး ဆောင်းပါးစု) မှ ကောက်နှုတ်ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာ့အား ကိုယ်တိုင် ဆက်သွယ်ခွင့်တောင်းနိုင်ခြင်း မရှိသေးဘဲ ဖော်ပြခြင်းအတွက် ဤနေရာမှ အနူးအညွတ် တောင်းပန်အပ်ပါသည်။)

၁၉၀၀ ပြည့်နှစ်၊
နွေဦးရာသီ။

အီတလီနိုင်ငံ ရောမမြို့တော်ရှိ တစ်ခုသော စာသင်ကျောင်းတစ်ကျောင်းတွင် ယနေ့ စာမေးပွဲတစ်ရပ် ပြုလုပ်မည်ဖြစ်သည်။ ကျောင်းတစ်ကျောင်းတွင် စာမေးပွဲကျင်းပသည်မှာ အထူးအဆန်း မဟုတ်သော်လည်း ယနေ့ ပြုလုပ်မည့် စာမေးပွဲနှင့် ပတ်သက်၍မူ ကျောင်းသည် သိသာစွာ ထူးခြား၍နေသည်။ ထိုကျောင်းမှ ကလေးငယ်များ တဖွဲဖွဲဝင်လာနေကြစဉ် ဆရာတွေမှာ ဟိုနားစုစု၊ သည်နားစုစုဖြင့် တိုးတိုးကြိတ်ကြိတ် ပြောဆိုလျက်ရှိကြသည်။ ရံဖန်ရံခါ ကျောင်းအ၀င်လမ်းဆီသို့လည်း လှမ်းကြည့်ကြ၏။

“ကျောင်းအုပ်ကြီးက ဒီကိစ္စကို လက်ခံလိုက်ဖို့ မကောင်းဘူးဗျာ” ဟု ဆရာတစ်ယောက်က ဆိုသည်။

“ဒါကတော့ ၀န်ကြီးကိုယ်တိုင်ရဲ့ ခွင့်ပြုချက်ပဲဗျာ။ ဘယ်တတ်နိုင်မလဲ” ဟုနောက်ဆရာတစ်ယောက်က သက်ပြင်း ချသည်။

ထိုစဉ် အလုပ်ဝင်သည်မှာ မကြာသေးသော ဆရာငယ်လေးတစ်ယောက် ရောက်လာကာ ဟိုဟိုသည်သည် ကြည့်ပြီး မေးလိုက်၏။

“ဘာတွေဖြစ်နေကြတာလဲဗျ . . . ဟင်”

“သြော် . . ဆရာလေး မသိသေးဘဲကိုး။ ဒီနေ့ ကျောင်းကလုပ်တဲ့ စာမေးပွဲမှာ ဟိုစိတ်ရောဂါဆေးရုံက ကျပ်မပြည့် တဲ့ ကလေးတွေက ပထမတန်းအနေနဲ့ ၀င်ဖြေကြမှာတဲ့ဗျ”

“ဟင် . . . သူတို့ကို ဘယ်သူက စာသင်ပေးလို့လဲ”

“ဟိုအမျိုးသမီးလေ၊ ဒေါက်တာမွန်တက်ဆိုရီ”

“ကြံကြီးစည်ရာဗျာ၊ သူပါ ရူးနေသလားမသိဘူး”

“သူရူးတာမရူးတာထက် အဲဒီအရူးလေးတွေ၊ အနုံ အ,အလေးတွေနဲ့ ကျုပ်တို့ကျောင်းက ကလေးတွေ အတူရောပြီး ဖြေရမှာဗျ၊ လူစဉ်မမီတဲ့ ကလေးတွေနဲ့ လူကောင်းပကတိလေးတွေ ပြိုင်ရသလို ဖြစ်နေတယ်။ ကျက်သရေမရှိလိုက်လေဗျာ”

“ကျုပ်ကြားဖူးတာတော့ သူ့စာသင်နည်းက အဆန်းဆိုပဲ။ ကလေးစိတ်သဘာဝကို အသုံးချတယ်ဆိုလား၊ နံမည်တော့ထွက်စ ပြုနေတယ် နော” ဟု တစ်ယောက်က ဆိုသည်။

“အလကားပါဗျာ ပေါက်တတ်ကရတွေ”

ထိုအခိုက် ဆရာတစ်ယောက်က “ဟော . . . လာနေကြပြီဗျို့” ဟု ခပ်ကျယ်ကျပ် ပြောလိုက်သည်။

အသက်သုံးဆယ်ခန့် အမျိုးသမီးတစ်ဦးနှင့် ကလေးငယ် တစ်အုပ်သည် ကျောင်းအတွင်းသို့ ဆူဆူညံညံ ၀င်လာကြ၏။ ဤကျောင်းမှ ကလေးများကဲ့သို့ ရိုရိုကျိုးကျိုးမဟုတ်ဘဲ လှုပ်လှုပ်ရှားရှား ခုန်ပေါက်လာကြသော ထိုကလေးများကို ကြည့်ကာ ဆရာအိုကြီးတစ်ယောက်က “ဟင်း . . . စည်းမဲ့ကမ်းမဲ့ ငတုံးငအလေးတွေ” ဟု ရှုံ့မဲ့ပြီး ရေရွတ်လိုက်သည်။

ထိုကလေးများ၏ ဆရာမဆိုသူ အမျိုးသမီးက သူ့ကလေးတွေကို နေရာချထားပြီး မကြာခင်မှာပင် စာမေးပွဲစချိန် ရောက်လေသည်။ နှေးကွေးတုံ့ဆိုင်းခြင်း မရှိဘဲ လျင်မြန်သွက်လက်စွာ ဖတ်ရှုရေးချွတ် ဖြေဆိုနေကြသော လူစဉ်မမီဟုဆိုကြသည့် ကလေးများကို မြင်ရသောအခါ ဆရာပေါင်းတို့ မျက်လုံးပြူသွားကြလေသည်။ ထိုပြူးသောမျက်လုံးများကို ပို၍ပြူကျယ်စေသည်မှာကား ထိုကလေးများ၏ ရမှတ်နှင့် သူတို့ကျောင်းမှ ပုံမှန်က လေးများ၏ ရမှတ်တို့ တူညီနေကြခြင်းပေတည်း။

“ဒေါက်တာမွန်တက်ဆိုရီ” ဟူသော အမည်သည် ကျောင်းဝင်းအတွင်း ဟိန်းညံသွားလေ၏။ လူတိုင်း သူမကို လာ၍ ချီးမွမ်းထောပနာ ပြုကြသည်။

“အံ့သြစရာကောင်းလိုက်တာ ဒေါက်တာမွန်တက်ဆိုရီရယ်။ ခင်ဗျား ဒီအရွယ် စာတွေ တအားသင်ဖို့ စောလွန်း သေးတယ်။ သူတို့ကို ဘယ်လိုလုပ်လိုက်တာလဲဟင်”

ဒေါက်တာမွန်တက်ဆိုရီက ထိုဆရာကို အေးချမ်းစွာ ပြန်ကြည့်လိုက်သည်။ ထို့နောက် တစ်လုံးချင်း ပြောလိုက် သည်။

“ကျွန်မ ဘာမှ ထူးထူးခြားခြား မလုပ်ပါဘူး။ ကလေးသဘာဝကို နားလည်အောင်ကြိုးစားပြီး သူတို့သဘာဝနဲ့ ကိုက်ညီတဲ့ ပညာရေးကို ရှာဖွေတာပါပဲ။ ကျွန်မလည်း တစ်ခုမေးချင်ပါတယ်။ ကျွန်မရဲ့ ကံမကောင်း အကြောင်းမလှရှာတဲ့ ကလေးတွေနဲ့ တန်းတူရည်တူ ဖြစ်သွားလောက်အောင် အဲဒီ အကောင်းပကတိ ပုံမှန်ကလေးတွေကို ဆရာတို့ ဘယ်လိုလုပ်လိုက်ကြတာလဲ။ ကျွန်မ သိပါရစေ . . .”


********************

ကျောင်းကောင်း အပိုင်း (၂)
မောင်သစ်ဆင်း

(ဆရာ မောင်သစ်ဆင်း၏ ကလေးတို့ မနက်ဖြန် (သင့်ဘ၀မျက်နှာဖုံး ဆောင်းပါးစု) မှ ကောက်နှုတ်ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာ့အား ကိုယ်တိုင် ဆက်သွယ်ခွင့်တောင်းနိုင်ခြင်း မရှိသေးဘဲ ဖော်ပြခြင်းအတွက် ဤနေရာမှ အနူးအညွတ် တောင်းပန်အပ်ပါသည်။)

ဘယ်လိုမျိုးမှ ကျောင်းကောင်းခေါ်သလဲလို့ မိဘတချို့နဲ့ ဆရာငယ်တချို့ကို မေးကြည့်တဲ့အခါ . . .

“အောင်ချက်ကောင်းရင် ကျောင်းကောင်းပေါ့”

“စည်းကမ်းကောင်းရင် ကျောင်းကောင်းပေါ့”

“တတ်နိုင်တဲ့သူတွေ နေတဲ့ကျောင်း”

“အသင်အပြကောင်းရမယ်လေ”

“ခန့်ပြီးဟိန်းနေတဲ့ကျောင်းကြီး” အစရှိသဖြင့် အမျိုးမျိုးသော အဖြေတွေ ရပါတယ်။ ရှေ့ဆက် စဉ်းစားစရာ အဖြေတွေပေါ့။

မွန်တက်ဆိုရီအပါအ၀င် ထင်ရှားတဲ့ ပညာရေးသမားတွေကတော့ တစ်ခွန်းတည်းသော စကားကို တူညီစွာ ပြောခဲ့ကြပါတယ်။

“ကလေးသည်သာ အရာရာလို့ ခံယူကျင့်သုံးတဲ့ ကျောင်းမျိုးမှ ကျောင်းနဲ့တူတဲ့ ကျောင်း” တဲ့။

ရှေးတုန်းကတော့ ပညာရေးဆိုတာ ကလေးတွေကို ဘယ်လိုလုပ်ရမယ်လို့ အမိန့်ပေးတဲ့၊ ပုံစံမကိုက်ရင် အပြစ်ပေးတဲ့၊ ဘာကိုမှတ်ထားလို့ ပြောပြီး ကလေးတွေဆီက ‘ဟုတ်ကဲ့ မှတ်ထားပါတယ်’ လို့ အဖြေတောင်းတဲ့၊ သူတို့ဆီကနေ မကြိုက်တဲ့လေသံ မထွက်စေနဲ့။ ဆရာ ပြောတဲ့အတိုင်း တသွေမတိမ်း အတုံးလိုက် အတစ်လိုက် အဖြေလွှာပေါ် ရေးချဖို့ ကျောင်းသားခေါင်းထဲ သွင်းပေးတဲ့အလုပ်လို့ ထင်ခဲ့ကြတာပါ။

ခေတ်သစ်ပညာရေးရဲ့ ရည်မှန်းချက်တွေဖြစ်တဲ့ လွတ်လပ်ခြင်း၊ တီထွင်ဖန်တီးမှုရှိခြင်း၊ အမှီအခိုကင်းခြင်း၊ ကိုယ်ကျင့်ကောင်းမွန်ခြင်း၊ ပျော်ရွှင်သော လူသားဘ၀ . . . ကို ရရှိအောင် ဖန်တီးပေးဖို့ဆိုတာတွေနဲ့ ယှဉ်ကြည့် တဲ့အခါ အနှစ်သာရချင်းက တခြားစီ။

အဲဒီအနှစ်သာရတွေကို ဘ၀တစ်လျှောက်လုံး ရရှိသွားနိုင်ဖို့ အရေးကြီးဆုံးအဆင့်ဟာ အခြေခံအကျဆုံး ပညာပေးဌာနဖြစ်တဲ့ ‘မူကြိုပညာရေး’ လို့ ခေတ်သစ်ပညာရေးက မြင်ပါတယ်။ ကလေးရဲ့ပင်ကိုယ် ဖြစ်နိုင်စွမ်းနဲ့ လွတ်လပ်ပြီး မေတ္တာလွှမ်းတဲ့ဝန်းကျင်မှာ ကလေးရဲ့ စွမ်းရည်ဖွံ့ဖြိုးမှုကို အထူးပြုတဲ့ အမြင်ပါ။ ပညာရေးဆိုတာ ကလေးတစ်ယောက်စီရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ စွမ်းရည်နဲ့ အသိတရားတွေ အစွမ်းကုန် ဖွံ့ဖြိုးလာစေပြီး အဲဒီဖွံ့ဖြိုးမှုဟာလည်း တခြားဘာအတွက်မှ မဟုတ်စေရဘဲ ကလေးဘ၀အတွက်သာ ဖြစ်တယ်ဆိုတဲ့ အမြင်ပါ။ ကလေးသာလျှင် ဆရာရဲ့ အန္တိမအလုံးစုံဖြစ်တယ်။ အမြတ်တနိုး တန်ဖိုးအရှိဆုံးဖြစ်တယ်ဆိုတဲ့ အမြင်ပါ။ ကလေးသည်သာ အရာရာဆိုတာ ဒီလိုအမြင်တွေကို ပြောတာပါ။

ကဲ . . . အခု အဲဒီအမြင်တွေကို အခြေခံပြီး တည်ဆောက်ထားတဲ့ ကျောင်းတစ်ကျောင်းဆီ သွားရောက် လည်ပတ်တယ်လို့ စိတ်ကူးကြည့်ရအောင်။

ဘာတွေ တွေ့ရ၊ မြင်ရ၊ ကြားရ၊ သိရ၊ နားလည်သဘောပေါက်လာရလေမလဲ။

********************

ကျောင်းကောင်း အပိုင်း (၃)
မောင်သစ်ဆင်း

(ဆရာ မောင်သစ်ဆင်း၏ ကလေးတို့ မနက်ဖြန် (သင့်ဘ၀မျက်နှာဖုံး ဆောင်းပါးစု) မှ ကောက်နှုတ်ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာ့အား ကိုယ်တိုင် ဆက်သွယ်ခွင့်တောင်းနိုင်ခြင်း မရှိသေးဘဲ ဖော်ပြခြင်းအတွက် ဤနေရာမှ အနူးအညွတ် တောင်းပန်အပ်ပါသည်။)

ကျောင်းက တောင်ကုန်း မော့မော့လေးပေါ်မှာ ပြေပြေကလေး တက်သွားရတယ်။ စိုစိမ်း တဲ့ ဥယျာဉ် စိုက်ခင်းနှင့် အားကစားကွင်း အလယ်မှာ သပ်သပ်ရပ်ရပ်ပါ။ ကျွန်တော်တို့ကို ကျောင်းအုပ် ဆရာမကြီးက ထွက်ကြိုနေပါ တယ်။

“ကျောင်းကဖြင့် နေချင်စဖွယ်ပါပဲ ဆရာမကြီး” လို့ နှုတ်ဆက်လိုက်တော့ ဆရာမကြီးက ပြုံးပြီး “မိဘပြည်သူ ကျေးဇူးပါရှင်” လို့ အေးချမ်းပြီး သံလိုက်ဓာတ်ပါတဲ့ အသံနဲ့ ပြောပါတယ်။ ဂ၀ံမြေနီနီလမ်းကလေးအတိုင်း လျှောက် လာကြရင်းနဲ့ ဆရာမကြီးက . . .

“ကျောင်းကောင်းဆိုတာ အဆောက်အဦ ကောင်းတာကို ပြောတာ မဟုတ်ပေမယ့် လုံခြုံသပ်ရပ်တဲ့ အဆောက် အဦမျိုးတော့ အနည်းဆုံး လိုပါတယ်။ ထို့အတူပဲ ရှန်တိနိကေတန်လို သစ်ပင်တစ်ပင်အောက် ထွက်ပြီး သင် ယူကြတာမျိုးလည်း လိုအပ်ရင် လုပ်ရပါတယ်။ ၁၉၆၀ လောက်တုန်းက အမေရိကမှာ ကျောင်းအဆောက်အဦ နံရံတွေကို ဆန့်ကျင်လှုပ်ရှားမှုတွေ ဖြစ်ခဲ့သေးတယ်။ နံရံဖွင့်ကျောင်း၊ နံရံဖွင့် အတန်းတွေ တည်ဆောက်ဖို့ ငွေအား၊ ဥာဏ်အားတွေ သုံးခဲ့ကြသေးတယ်။ အဲဒီတုန်းက ဆောင်ပုဒ်က ‘နံရံတွေဆွဲချ’ တဲ့။ အခုတော့လည်း နံရံလေးဘက်ထဲ စာသင်ခြင်းရဲ့ ထိရောက်မှုတွေ ပြန်တွေ့လာလို့ ‘နံရံတွေပြန်ထောင်’ ကြပြန်ပါပြီ။ အမှန်တော့ သင်ကြားရေးမှာ နံရံက အဓိက မဟုတ်ပါဘူး။ အခြေခံအယူအဆက အဓိကပါ။ ဖွင့်ထားတဲ့ စိတ်ဓာတ်၊ ဖွင့်ထားတဲ့ အယူအဆ၊ ဖွင့်ထားတဲ့ သင်ပုံသင်နည်းတွေနဲ့သာ ‘ပွင့်’ တဲ့ကျောင်းဖြစ်အောင် လုပ်လို့ရတာပါ။”

“အဲဒီဖွင့်ထားတဲ့ အခြေခံအယူအဆတွေ ဆိုတာက”

“ဒါဆို ကျွန်မတို့ မူကြိုအတန်းတွေက စကြည့်ရအောင်”

မူကြိုကလေးတွေကို ကြည့်ရတာ ကြည်နူးစရာပါ။ ကြမ်းခင်းပေါ်မှာ ဆရာမတွေနဲ့အတူ ရောင်စုံစက္ကူလေးတွေ ညှပ်ကြ ကပ်ကြ၊ တချို့က ပုံတွေဆွဲ၊ အုပ်စုတစ်စုက သစ်သားတုံးလေးတွေနဲ့ ‘တစ်ခုခု’ တည်ဆောက်လို့။ သဲပုံးထဲ ရေထည့်ပြီး သဲအိမ်ဆောက်သူကဆောက်၊ တချို့အခန်းမှာ သီချင်းတွေဆို၊ ဆရာမ ပုံပြောနေတာကို စိတ်ဝင်တစား ငေးသူကငေး။ သူတို့ကို ကြည့်ရတာ လွတ်လွတ်လပ်လပ်ကြီး ပျော်နေကြပုံပဲ။ သူတို့အပျော်က ကျွန်တော်တို့ကိုပါ ကူးစက်လာပါတယ်။

“ကလေးတွေ အတော်ပျော်နေပုံပဲနော်”

“ပျော်ရမှာပေါ့ရှင် မူကြိုအတန်းဆိုတာ ကလေးတွေ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာ၊ ပျော်ပျော်ရွှင်ရွှင် နေထိုင်ကြ တဲ့နေရာ၊ ကိုယ့်ဘာသာ ကိုယ်စိတ်ကြိုက် လွတ်လွတ်လပ်လပ် လှုပ်ရှားကစားနိုင်တဲ့နေရာ ဖြစ်သလို ဆရာက စီစဉ်ပေးတဲ့ ပါဝင်လုပ်ဆောင်တဲ့နေရာ၊ အရေးအကြီးဆုံးက ကလေးတွေကိုယ်တိုင် လုပ်တတ်ကိုင်တတ် အစွမ်းအစထုတ် ဆောင်ရွက်တတ်အောင် လေ့ကျင့်ပေးတဲ့နေရာပဲလေ”

“အဲဒီလို နေရာဖြစ်ဖို့၊ ကလေးအနေနဲ့ ကျောင်းဟာ ငါ့ရဲ့နေရာပဲလို့ သိသွားဖို့ ဘာတွေလိုသလဲ ဆရာမကြီး”

“စိတ်ပိုင်းဆိုင်ရာဝန်းကျင် ဖန်တီးပေးဖို့ လိုတာပေါ့။ ကလေးတိုင်းကို သူ့သဘာဝအတိုင်း နားလည်လက်ခံတဲ့ဝန်းကျင် လိုပါတယ်။ ကလေးတိုင်းကို နွေးနွေးထွေးထွေး ကူညီပံ့ပိုးတဲ့ ၀န်းကျင် လိုပါတယ်။ ဒီဝန်းကျင်မျိုးတွေ ရလာဖို့ အခြေခံအချက်ကတော့ ကလေးရဲ့သဘာဝကို သိထား၊ နားလည်ထားဖို့ပါပဲ။ လူအတော်များများ ထင်နေ ကြတာက ကလေးဆိုတာ လူကြီးလောင်းလေးတွေ၊ သဘာဝချင်း သိပ်မကွာဘူး ထင်ကြတယ်။ အမှန်က မတူပါဘူး။ ကလေးနဲ့ လူကြီးဆိုတာ မတူညီတဲ့ ပုံသွင်နှစ်ခုပါ။ ရှေးတုန်းကတော့ ကလေးရဲ့ ဖြစ်တည်မှုကို သီးသန့်ဖြစ်တည်နေတာလို့ မမြင်ခဲ့ကြဘူး။ လူ့ဘ၀တစ်ခုလုံးအတွက် အရေးကြီးတယ်လို့ မမြင်ခဲ့ကြဘူး။ ကလေးရဲ့ ကိုယ့်ကိုကိုယ် တည်ဆောက်ယူခြင်းအကြောင်း မပြောခဲ့ကြဘူး။

ကလေးရဲ့ ဖွံ့ဖြိုးမှုဖြစ်စဉ်မှာ ပတ်ဝန်းကျင်ရယ်၊ လွတ်လပ်မှုရယ်၊ ဒီနှစ်ခု အရေးကြီးပါတယ်။ သူ့ပတ်ဝန်းကျင်နဲ့ လွတ်လွတ်လပ်လပ် ထိတွေ့ဆက်ဆံနိုင်ဖို့ အရေးကြီးပါတယ်။ ခန္ဓာကိုယ် လှုပ်ရှားနေဖို့ အရေးကြီးတယ်။ မလှုပ်ရှားရင် စိတ်ပိုင်းဆိုင်ရာ အပြည့်အ၀ ဖွံ့ဖြိုးဖို့ မဖြစ်နိုင်ဘူး။ ငြိမ်နေတဲ့ ကလေးဟာ စိုးရိမ်ဖို့ ကောင်းတယ်။ ဟောဟို ကလေးကိုကြည့်”

ဆရာမကြီးပြတဲ့ ကလေးကို ကြည့်လိုက်တော့ လှုပ်ရှားနေကြတဲ့ ကလေးကြားထဲမှာ မလှုပ်မခြောက် ငြိမ်ငေးနေတဲ့ ကလေးတစ်ယောက် ကို တွေ့ရပါတယ်။

“ဒီလိုကလေးမျိုးကို တချို့မိဘတွေက အေးတယ်၊ သဘောကောင်းတယ်၊ မိဘကို ဒုက္ခမပေးဘူးဆိုပြီး သဘောကျတတ်ကြတယ်။ အမှန်တော့ အဲဒါ မကောင်းဘူး။ တစ်ခုခုဖြစ်နေပြီလို့ သိရမယ်။ ဟိုဘက်က ကလေးကို ကြည့်ပါဦး” တုံးတွေကို ဆင့်နေထပ်နေတာ မြင်ရတယ်။ သစ်တားတုံးအသေးပေါ်မှာ အကြီးတင်မိ တဲ့အခါ ပြိုပြိုကျတာပေါ့။ ရှစ်ကြိမ်လောက် ပြိုကျပြီးမှ အကြီးပေါ် အသေးတင်ရင် ပြိုမကျဘူးဆိုတာ သူသိသွားပုံ ပေါ်ပါတယ်။ သစ်သားတုံးတွေ ဆင့်လို့ထပ်လို့ မဆုံးတော့ပါဘူး။ သူ့မျက်နှာမှာ ကျေနပ်ပျော်ရွှင်မှုတွေကို အထင်းသား မြင်ရပါတယ်။

“အဲဒါ ကလေးတွေ သင်ယူပုံပါပဲ။ သာမန်အမြင်မှာတော့ သူတို့ ဆော့နေ၊ ကစားနေတယ်ပေါ့။ အမှန်တော့ သူတို့ စူးစမ်းနေတာ၊ သင်ယူနေတာ၊ အလုပ်လုပ်တာက အပြီးသတ်ရလဒ် အကျိုးတစ်ခုခုရဖို့အတွက်၊ ကလေးတွေ အလုပ်လုပ်တာက လုပ်နေတဲ့ဖြစ်စဉ် သက်သက်အတွက်ပဲ။ ဒါပေမယ့် အဲဒါက သူတို့အတွက် သိပ်အရေးကြီးတယ်။ ဒါကိုသွားပြီး အနှောင့်အယှက် ပေးလိုက်မိရင် ဥပမာ - ကလေးက သူကြိုက်တဲ့အရာနဲ့ သူလုပ်ကြည့်ချင်တာ လုပ်ကြည့်နေတယ်ပေါ့။ အဲဒါကို လူကြီးက ကိုယ်ကြိုက်တာနဲ့ လုပ်စေချင်လို့ ပြောင်းပေးလိုက်တာမျိုးပေါ့။ ကလေးရဲ့ လွတ်လပ်တဲ့ ရွေးချယ်မှု ပျက်ပြားသွားပြီး စိတ်ဝင်စားမှုလည်း နည်းသွားရော၊ ကလေးရဲ့ မွေးရာပါ ‘အောင်’ ဓာတ်ဟာ တစ်ခါတည်း ဆုံးရှုံးသွားတော့တာပဲ၊ ဒီအရွယ်မှာ ကလေးတွေဟာ သူတို့ရဲ့ လိုအင်တွေနဲ့ စပ်ပြီးတော့ပဲ သင်ယူကြတာပါ။ လှုပ်လှုပ်ရှားရှားနေချင်တယ်။ ကိုယ်တိုင်လုပ်ချင်တယ်။ သူတို့ရဲ့ ကြွက်သားတွေကို အသုံးချချင်တယ်၊ အဓိက အားဖြင့်တော့ ကစားမယ်၊ အမှတ်မထင် ရယူမယ်၊ စီစဉ်ဖန်တီထားတဲ့လုပ်ငန်းမှာ ပါဝင်မယ်ဆိုတာတွေနဲ့ သင်ယူတတ်မြောက် လာကြတာပါ။”

“ဒါဆိုရင် ကလေးတွေကို လိမ္မာယဉ်ကျေးပြီး စာတော်လာအောင် ဘယ်လို ပုံသွင်းရမလဲ”

ရုတ်တရက် မေးလိုက်တဲ့မေးခွန်းရှင်ဘက်ကို ဆရာမကြီးက ဆတ်ခနဲ လှည့်ပြီး ချက်ချင်းပဲ ဖြေပါတယ်။

“ကျွန်မတို့ ကျောင်းမှာတော့ ကလေးတွေကို ပုံမသွင်းပါဘူး။ ကလေးတွေဟာ ရွှံ့တုံးရွှံ့ခဲတွေ၊ ဖယောင်းတုံးတွေ မဟုတ်ဘဲ လူတွေဖြစ်တဲ့အတွက် ကျွန်မတို့ ပုံမသွင်းနိုင်ပါဘူး။ ကျွန်မတို့ လုပ်နိုင်တာက တစ်ခုပဲ ရှိပါတယ်။ ကလေးတွေမှာ ကိုယ့်ဘာသာကိုယ် တည်ဆောက်ယူနိုင်စွမ်း၊ ပင်ကိုယ်ဖြစ်နိုင်စွမ်းတွေ ရှိတဲ့အတွက် အဲဒီစွမ်းရည်တွေကို သဘာဝအတိုင်း ဖွံ့ဖြိုးလာအောင် ကူညီဖို့ပါ။ ကလေး သူ့ကိုယ်သူ လုပ်နိုင်တယ်၊ စွမ်းဆောင်နိုင်တယ်လို့ မြင်လာအောင် ကလေးရဲ့ အသိဥာဏ်ဖွံ့ဖြိုးမှု၊ ပတ်ဝန်းကျင်နဲ့ ထိတွေ့ ဆက်ဆံမှု၊ စွမ်းရည်ဖွံ့ဖြိုးမှုတွေ ရှိလာအောင် ဆရာက သွယ်ဝိုက်ပြီး (လိုအပ်မှ တိုက်ရိုက်အားဖြင့်) ကူညီပေးတာပါ။

ကျောင်းကောင်းတစ်ခုဆိုတာ သူ့ကျောင်းသားတွေကို အတန်းတွေအောင်ဖို့ လုပ်ပေးရုံလေးမဟုတ်ပါဘူး၊ လောကကြီးထဲ လူတစ်ယောက် အဖြစ်နဲ့ ၀င်ဖို့ကိုလည်း ပြင်ဆင်ပေးရပါတယ်။ ကျွန်မတို့ ကလေးတွေကို လူတစ်ယောက် ပီပီသသဖြစ်လာအောင် ကြိုးစားရတာပါ။ လိမ္မာယဉ်ကျေးတာ စာတော်တာတွေ ဖြစ်မလာခင် လူတစ်ယောက် ပြည့်ပြည့်၀၀ ဦးဆုံးဖြစ်လာအောင် ကူညီပေးရတာပါ။ လူဆိုရာမှာလည်း ပုံစံတူလူတွေ မဟုတ်ပါဘူး။ ကျွန်မတို့ကျောင်းက ပုံစံတူ လူရုပ်လေးတွေ ထုတ်လုပ်တဲ့ စက်ရုံတစ်ခု မဟုတ်ပါဘူး။ လူတိုင်း ကိုယ့်သီးခြား လက္ခဏာနဲ့ကိုယ်၊ ကိုယ့်အယူအဆနဲ့ကိုယ်၊ ကိုယ့်စိတ်ဝင်စားမှုနဲ့ကိုယ်၊ ကြိုးစားလုပ်ဆောင်နိုင်တဲ့ ကျောင်းပါ။ စက်ရုံနာမည်တပ်ချင်ရင်တော့ ပညာစက်ရုံ (Knowledge Factory) လို့ ခေါ်ကြတာပါ။”

********************

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */