“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, October 15, 2011

ဇာဂနာလွတ်ပြီ

အကုန် လွှတ်လိုက်တော့ ဘာဖြစ်သွားမှာလဲပို့ လာသူ - အိမ်မက်မဟုတ်ပါ
http://moemaka.blogspot.com/2011/10/talks-with-zargana.html


လွန်ခဲ့တဲ့ ၂ဝဝ၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုအပြီး မြစ်ကြီးနားထောင်မှာ
ထောင်ဒဏ် ၃၅ နှစ် ချခံခဲ့ရတဲ့ နိုင်ငံကျော် လူရွှင်တော် ဇာဂနာဟာ ၃ နှစ်နဲ့
၅ လ အကြာမှာ လွတ်လာခဲ့ပေမယ့် ကျန်းမာရေးလည်း အတော်လေး ကောင်းမွန်နေသလို
ပြင်ပမှာ ရှိနေစဉ်အတိုင်း

အာအက်ဖ်အေရဲ့ မေးခွန်းတွေကို တက်ကြွတဲ့အသံနဲ့ ဟာသတွေနှောပြီး ဖြေခဲ့ပါတယ်။`

ပထမဆုံး ထောင်ကထွက်ရတဲ့ ခံစားမှုကို သူက အခုလို ပြောပါတယ်။

“သမ္မတကြီးရဲ့ မေတ္တာစေတနာနဲ့ တနှစ် လျော့သွားတော့ ၃၄ နှစ်ပေါ့။ အခု ၃ နှစ်
၅ လ နေရတော့ Ten Percent ပေါ့၊ ဘဏ်က အခု အတိုးနှုန်း
ပြောင်းသွားတယ်မို့လား ten percent ။ အဲဒီထဲ ကျနော် ပါသွားတာပေါ့။
တကယ်ဆို ထောင်ကလွတ်တာ ပျော်စရာပေါ့။

ဒါပေမယ့် ကျနော် မပျော်နိုင်ဘူး၊ သူငယ်ချင်းတွေ အများကြီး ထောင်ထဲမှာ
ကျန်ရစ်ကြတယ်။ ဘာလို့ အစိုးရ တွန့်တိုတာလည်း နားမလည်ဘူး ဖြစ်ရတယ်။
လွတ်မယ့်သာ လွတ်လာတယ် လွတ်ရကျိုး မနပ်ဘူးပေါ့”

ကိုဇာဂနာ နဲ့အတူ မြစ်ကြီးနားထောင်မှာ ၁၄ နှစ်နီးပါး နေခဲ့ရတဲ့
ဦးမျိုးအောင်သန့်နဲ့ ၂ဝဝ၇ သံဃာ့လှုပ်ရှားမှုမှာ ဖမ်းခံရတဲ့ သာကေတမြို့နယ်က
ကိုယဉ်မင်းထွန်းဆိုသူ ကျောင်းသားတို့ ၃ ဦးသာ လွတ်ပြီး သံဃာတော်တွေ
အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၅

ယောက်လောက် ကျန်ခဲ့တယ်လို့ သိရပါတယ်။

“ဘုန်းကြီး ၄ ပါး ကျန်ခဲ့တယ်၊ ဆရာတော် ဦးဥာဏရယ် မန္တလေးက ဆရာတော်ချည်းပဲ
၎ ပါး၊ ဆရာတော် ဦးဝေဒသူ ရယ်၊ ဦးဓမ္မသာမိ ရယ်၊ နောက် ဆရာတော်
ဦးကဏ္ဍသာရရယ်။ နိုင်ငံရေးသမားတွေကတော့ သီဟသက်တင်၊ ဇေယျာအောင်၊
မျိုးမင်းသန်း၊

ကိုကြည်တိုး၊ နိုင်ငံတော်အစိုးရ လက်မခံတဲ့ နိုင်ငံရေးအကျဉ်းသားတွေပေါ့
သူတို့ ကျန်ခဲ့တယ်”

နိုင်ငံရေး လှုပ်ရှားမှုကြောင့် ထောင် စုစုပေါင်း ၄ ကြိမ် ကျခဲ့ဖူးတဲ့
ကိုဇာဂနာဟာ အရင်ကာလတွေက ထောင်မှာ နေခဲ့တာထက် ဒီတခါ မြစ်ကြီးနားထောင်တွင်း
အခြေအနေတွေ ကောင်းမွန်လာတယ်လို့ ပြောပါတယ်။ သူကိုယ်တိုင် ခံစားနေရတဲ့
သွေးတိုးရောဂါလည်း

မြစ်ကြီးနားက ဆရာဝန်ရဲ့ စောင့်ရှောက်မှုကြောင့် ကောင်းလာတဲ့အကြောင်း ပြောပါတယ်။

ကိုဇာဂနာ မလွတ်မြောက်ခင် အချိန်အထိ တနှစ်နဲ့ ၅လလောက် ထောင်ဝင်စာ
ပိတ်ခံရတာနဲ့ ပတ်သက်လို့လည်း သူက အကျဉ်းသားအခွင့်အရေး
ချိုးဖောက်ခံရတာမို့ အတော်လေး ခံပြင်းခဲ့ရတယ်လို့ ပြောပါတယ်။

“ဒါဟာ ဆိုးရွားတဲ့လုပ်ရပ်ပါ၊ အကျဉ်းသားတယောက်ဟာ အကျဉ်းထောင် ဥပဒေ
ချိုးဖောက်ရင် လုပ်ပေါ့၊ ကျနော့်မှာ ဘာမှ မချိုးဖောက်ဘူး။ ခယ်မက
ထောင်ဝင်စာ လာတွေ့ တယ်။ ထောင်ဝန်ထမ်းတွေနဲ့ အဆင်မပြေ ဖြစ်တယ်။
သူတို့ချင်း ဖြစ်တာ ကျနော့်ကို

အရေးယူတယ်ဆိုပြီး ကျနော့်ကို ထောင်ဝင်စာ ပိတ်တာ။ နောက်နောင်
ဒါမျိုးမဖြစ်အောင် ထောင်ပိုင်ကို တရားဝင် ပြောခဲ့ပါတယ်”

ကိုဇာဂနာရဲ့ မိခင်နဲ့ ဖခင် ၂ ဦးလုံးဟာ ထင်ရှားတဲ့ စာရေးဆရာကြီးတွေ
ဖြစ်သလို လွန်ခဲ့တဲ့ ၂ဝဝ၉ ခုနှစ်နဲ့ ၂ဝ၁ဝ ခုနှစ်ကပဲ ရှေ့ဆင့်နောက်ဆင့်
ကွယ်လွန်ခဲ့ကြတာပါ။ မိဘ၂ ပါးထံက အနုပညာအမွေ ဆက်ခံနိုင်ခဲ့ပြီး
တက္ကသိုလ်ကျောင်းသား ဘဝကတည်းက

အငြိမ့်လူပြက်အဖြစ် နာမည်ရခဲ့ပြီး မဆလခေတ် တလျှောက်လုံး တပါတီ
အာဏာရှင်စနစ်ရဲ့ အုပ်ချုပ်ရေးစနစ်ရဲ့ အမြီးအမောက် မတည့်တာတွေကို
သိမ်မွေ့တဲ့ နိုင်ငံရေး သရော်ချက်တွေ၊ ပျက်လုံးတွေ ထုတ်ခဲ့လို့
မြန်မာပြည်သူတွေရဲ့ အသည်းစွဲ ဖြစ်ခဲ့ပါတယ်။

အခုရော ထောင်ထဲမှာ ပြက်လုံးတွေ ဖန်တီးဖြစ်သလား၊ မကြာသေးခင်က ၂
ပိုင်းကွဲပြီး ပြည်တော်ပြန်သွားတဲ့ သီးလေးသီး အဖွဲ့ကို ဘယ်လို
သဘောထားရှိလဲလို့ တဆက်တည်း မေးကြည့်ပါတယ်။

“ပြက်လုံးတော့ မပြောဘူးဗျို့။ သီးလေးသီးတွေ ခိုးချသွားမှာ ကြောက်လို့။
ကျနော် အခု ပြန်ထွက်လာပြီ ဆိုတော့ ပြောစရာ ၂ ခုပဲ ရှိတယ်။ သီးလေးသီး
ကမယ့်ဟာ သဘောမတူနိုင်ဘူး။ ဘာလို့လဲဆို သီးလေးသီး ဆေးရောင်စုံ ဆိုတာ
ကျနော့်နာမည် ဖြစ်တာမို့ သီး ၂

သီး ထဲ ပွဲကတာ လက်မခံနိုင်ဘူး၊ အသီး ၄ သီး စုံမှသာ လက်ခံနိုင်မယ်။
နောက်တချက်က မြပုဏ္ဏမာရင်သွေး ဆိုပြီး အသုံးပြုခွင့် မရှိဘူး၊ မြပုဏ္ဏမာ
ဆိုတာ ဇာဂနာ၊ အရိုင်း၊ ကင်းကောင်၊ ငှက်ပျော်ကြော်၊ ညောင်ညောင်၊
ဂေါ်ဇီလာရယ် မင်းသမီးဝင့်သိဂ င်္ီစုံမှသာ

ကခွင့်ပြုမယ်”

“အစိုးရအသစ် ဆီးကြိုတဲ့ လူတွေရဲ့ သဘောနဲ့ သော်လည်းကောင်း၊ ဂေါ်ဇီလာ
သဘောနဲ့ သော်လည်းကောင်း အဲဒီနာမည်နဲ့ ခွင့်မပြုနိုင်ဘူး။ အခု လေယာဉ်ပျံ
ကွင်းဆင်းနေပြီ၊ လေယာဉ်ပေါ်က ဆင်းတာနဲ့တပြိုင်နက် အဲဒီပွဲကို အဓိက
သွားတားမယ်”

ကိုဇာဂနာဟာ လောလောဆယ် ဘာဆက်လုပ်မယ်ဆိုတာ ယတိပြတ် မပြောနိုင်သေးပေမယ့်
ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်ရောက်တာနဲ့ တွေ့ဖို့ ရှိတဲ့အကြောင်း၊
အဲဒီအခါ သူ ဘာလုပ်ရမယ်ဆိုတာ အဖြေပေါ်လာမယ်လို့လည်း ပြောပါတယ်။

ဒီကနေ့ ကိုဇာဂနာအပေါ် ချစ်ခင်လေးစားတဲ့ ပြည်သူတွေ နိုင်ငံရေးသမားတွေကို
ဘာပြောချင်လဲ လို့လည်း မေးကြည့်ပါသေးတယ်။

“တိုင်းပြည်မှာရှိတဲ့ နိုင်ငံရေးနဲ့ ပတ်သက်သူတွေအားလုံးကို တခုတော့
ပြောချင်တယ်ဗျာ။ အဲဒါကတော့ ‘နေတိုး’ တွေ မလုပ်ကြပါနဲ့၊ ‘ပြေတီဦး’ တွေ
လုပ်ကြပါလို့၊ အဲဒါ ပြောချင်တယ်။ ‘နေတိုး’ ဆိုတာ NATO ‘No Action- Talk
Only’ စကားတွေချည်းပဲ ပြောပြီး

ဘာအလုပ်မှ မလုပ်တဲ့ဟာတွေ မလုပ်ကြပါနဲ့။ ‘ပြေတည်ဦး’ တွေ လုပ်ကြပါ။
တိုင်းပြည် တည်ထောင်ဖို့အတွက်ကို ကျနော်တို့ ဦးခေါင်းထဲ ထည့်ပြီး
ဦးတိုက်လုပ်ကြပါ၊ အဲဒါ ပြောချင်ပါတယ်”

ဇာဂနာနှင့် မဇ္ဈိမ အင်တာဗျူး

ဆိုမာလီဓါးပြ အဖမ်းခံရတဲ့လူလို ဖြစ်နေပါတယ် ဆိုတဲ့ ဇာဂနာ

မြစ်ကြီးနားအကျဉ်းထောင်မှ လွတ်မြောက်လာပြီး ရန်ကုန်မြို့နေအိမ်သို့
ပြန်လည်ရောက်ရှိလာသော ဟာသ သရုပ်ဆောင် ဇာဂနာကို မဇ္ဈိမသတင်းထောက်
ကိုကျော်ခက တယ်လီဖုန်းမှတဆင့် မေးမြန်းထားခြင်း ဖြစ်သည်။

ဒီကနေ့ လွတ်မြောက်မယ်ဆိုတာ ဘယ်လိုသိခဲ့ရပြီး ထွက်လာတော့ရော
ဘာတွေလုပ်ခဲ့ရသေးလဲခင်ဗျ။
“ကျနော်တို့မနက် ငါးနာရီ ခွဲလောက်မှာ အိပ်နေတာ လာနှိုးပြီးတော့
ဒီနေ့ကျနော့်ကို လွှတ်ပါပြီလို့ လာပြောတယ်။ အဲဒါနဲ့ပဲ ထွက်လာတာ။
အဲဒီအချိန်ကတည်းက ထွက်နေတာ။ ခုထက်ထိ ထွက်နေတုန်းပဲ။”

ထောင်က မလွတ်ခင်အချိန်မှာ ထောင်က ထွက်လာခဲ့ရင် ဘာတွေလုပ်မယ်ဆိုတဲ့
ရည်ရွယ်ချက်ထားခဲ့တာ ရှိလားခင်ဗျ။ နိုင်ငံရေး၊ လူမှုရေးနဲ့
အနုပညာကိစ္စတွေကိုရော ဆက်လုပ်ဖို့ရှိသေးလား။
“ခုပြောတဲ့ ကဏ္ဍသုံး ခုလုံးကို ကျနော်က လုပ်ဖို့ ဆုံးဖြတ်ထားတဲ့အတွက်
အဲဒါကို ကျနော် ဆက်လုပ်သွားမှာပါ။ ကျနော် ဝါသနာပါတာကလည်း အဲဒီအလုပ်တွေပဲ
ရှိတော့၊ အဲဒီအလုပ်တွေကိုပဲ ဆက်လုပ်သွားမှာပါ။”

ဦးဇာဂနာ အပါအဝင် နိုင်ငံရေးအကျဉ်းသား အချို့နဲ့ တခြား အကျဉ်းသားတွေကို
အစိုးရသစ်က လွှတ်ပေးလိုက်တဲ့ အပေါ် ဘာလို့လွှတ်ပေးလိုက်တယ်လို့ ထင်လဲ။
“အဲဒါကတော့ ဘာကြောင့် လွှတ်တယ် ဆိုတာကတော့ ဦးသိန်းစိန်ပဲ သိမှာပါ။
လွတ်လာတာကတော့ ကျနော်ဆိုတာ သေချာတယ်။ ဘာကြောင့် ဆိုတာတော့ ကျနော်မသိဘူး။”

အစိုးရသစ်ရဲ့ လှုပ်ရှားနေမှုတွေနဲ့ ပတ်သက်ပြီး ထောင်ထဲမှာ ဘယ်လိုမျိုးသိခဲ့ရလဲ။
“ထောင်ထဲမှာ သတင်းစာတွေ ဂျာနယ်တွေ ဖတ်ရပါတယ်။ အဲဒီကနေသိရပါတယ်။”

အဲဒီလို ဖတ်သိရတယ်ဆိုတော့ အစိုးရသစ် အပေါ်မှာ အားရ ကျေနပ်မှု ရှိလား။
“စောစောပိုင်းကတော့ ရှိတယ်ဗျ။ ဒီနေ့လွတ်တဲ့ အပေါ်မှာ မူတည်ပြီးတော့
မရှိတော့ဘူး။ သိပ်ပြီးတော့ အားမရဘူး။ သိတဲ့အတိုင်းပဲလေ။ တို့တိတို့တိနဲ့
လုပ်တာ ကျနော်တို့က ဆိုမာလီ ဓါးပြတွေ အဖမ်းခံရတဲ့လူလို ဖြစ်နေတယ်။
ကျနော်တို့ကို ဘာနဲ့ပြန်ရွေးရမလဲ

အဲလိုဖြစ်သွားပြီ။”

အခု မြစ်ကြီးနားထောင်က လွတ်လာတာ ကိုဇာဂနာ နဲ့ တခြားနိုင်ငံရေး အကျဉ်းသား
ဘယ်သူတွေ ပါသေးလဲ။ နောက်ပြီးတော့ ကျန်ခဲ့တဲ့လူတွေ ရှိလား။
“ကျနော်နဲ့အတူတူ ကိုမျိုးအောင်သန့် ပါလာပါတယ်။ သူကတော့ ၁၄
နှစ်လောက်ရှိပြီ ထောင်ထဲရောက် နေတာလေ။ နောက် ဇင်မင်းထွန်းဆိုတဲ့
ကလေးပါတယ်။ သူကတော့ သံဃာတော် အရေးတော်ပုံမှာ အဖမ်းခံရတာ သူကတော့
လေးနှစ်လောက် ရှိသွားပြီပေါ့နော်။

ကျန်တာကတော့ အများကြီးပဲ။ ဘုန်းကြီး လေးပါး ပါတယ်။ လူထဲကတော့ ဘိုကလေးက
သီဟသက်ဇင်၊ ပဲခူးက ဇေယျာအောင်၊ ပုဂံက မျိုးမင်းသန်း၊ တောင်သာက ကြည်စိုး
ကျန်ခဲ့တယ်။”

ကျန်ခဲ့တဲ့လူတွေအတွက် ဘာပြောချင်လဲ။
“အကောင်းဆုံးကတော့ အကုန်လုံး လွတ်သွားတဲ့ အချိန်ကြရင် အကောင်းဆုံးပဲ။
အဲဒီအချိန်ကြရင် ပြောလို့ဆိုလို့ လုပ်လို့လည်း ကောင်းမယ်။ ကျနော်ကတော့
အဲဒီအချိန်ကိုပဲ စောင့်မယ်။ အားလုံးလွတ်အောင်လဲ ကျနော်တို့ ကြိုးစားမယ်။”

ထောင်ထဲမှာရော၊ ကျန်းမာရေး စောင့်ရှာက်မှု၊ စားဝတ်နေရေးနဲ့ ကျန်မာရေး
စောင့်ရှောက်ခွင့်တွေ ကောင်းကောင်းမွန်မွန် ရရဲ့လားခင်ဗျ။ တိုးတက်လာလား။
“အာ အများကြီးကွာတယ်။ အရင်တုန်းကထက် အများကြီး တိုးတက်လာပါတယ်။
ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့လည်း အိုကေတယ်။ ဆရာဝန်တွေ ဘာတွေလဲ ရှိတယ်။
အဲဒါကတော့ ပြောစရာ မလိုပါဘူး။ ကောင်းတယ်။ ကျနော် ထောင်လေးခါ ကျတဲ့အထဲမှာ

ဒီတခေါက်ကျတာ ဓမ္မာရုံ ရောက်သလိုပဲ။”

ဦးဇာဂနာ မွေးထုတ်ပေးလိုက်တဲ့ သီးလေးသီး ဇာတ်အဖွဲ့တကွဲတပြားစီဖြစ်သွားတဲ့
အပေါ် ဦးဇာဂနာရဲ့ သဘောထားက ဘယ်လိုရှိလဲခင်ဗျ။
“အခုကျနော့်ဘေးမှာကို စိန်သီးနဲ့ ဇီးသီးနဲ့ နှစ်သီးရှိတယ်။ တိုင်းပြည်
ပြင်ပမှာ သွားသီးနေနဲ့ အသီးက ပန်းသီးရယ်။ ကြယ်သီးရယ်။ မီးသီးရယ်
ဆိုတာရှိတယ်။ အကုန်လုံး အားလုံးပေါင်းပြီး ကနေတာကို တွေ့ကြရဦးမှာပေါ့။
ကျနော် ပြန်ရောက်လာရင်

အကုန်ဖြစ်သွားမှာပါ။ အားလုံးကို ကျနော်ဦးဆောင်ပါမယ်။”


ဇာဂနာနှင့် ဧရာဝတီ အင်တာဗျူး
“အခုမနက်ကစပြီး မယုံတော့ဘူး”

ကိုဇာဂနာသည် ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် မေလတွင် တိုက်ခတ်ခဲ့သည့်
နာဂစ်မုန်တိုင်း ဒုက္ခသည် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်နေစဉ် ဇွန်
လဆန်းပိုင်း၌စမ်းချောင်း မြို့နယ်ရှိ နေအိမ်တွင် အဖမ်းခံခဲ့ရသည်။ ၎င်းကို
စစ်အစိုးရက နိုင်ငံတော်လုံခြုံရေး

ထိခိုက်စေရန်လှုံ့ဆော်မှု၊ ဗီဒီယိုအက် ဥပဒေနှင့် အီလက်ထရွန်နစ် အက် ဥပဒေ ၃
ခု အပါအဝင် ပုဒ်မ ၅ ခုဖြင့် ထောင်ဒဏ် ၅၉ နှစ် ချမှတ်ခဲ့ရသည်။ ၂၀၀၉ ခုနှစ်
ဖေဖော်ဝါရီလတွင် အာဏာပိုင်များက အီလက် ထရွန်နစ် အမှု တမှုလျှင် ၈ နှစ်စီ
ဖြင့် ၂၄ နှစ် လျှော့ပေးခဲ့ရာ

ထောင်ဒဏ် ၃၅ နှစ် ကျခံရမည်ဖြစ်သည်။ ၎င်းသည် ယမန်နေ့ကအထိ ကချင်ပြည်နယ်
မြစ်ကြီးနားထောင် တွင် ရှိနေခဲ့သည်။

ယမန်နေ့တွင် အစိုးရက လွတ်ငြိမ်းချမ်းသာခွင့် ကြေညာ၍ အကျဉ်းသား ၆
ထောင်ကျော်ကို ယနေ့ သီတင်းကျွတ်လပြည့်နေ့မှ စတင် လွှတ်ပေးခဲ့ရာ ထိုအထဲတွင်
ကမ္ဘာသိ လူရွှင်တော် ကိုဇာဂနာလည်း ပါရှိသည်။ မြစ်ကြီးနားမှတဆင့်
ရန်ကုန်သို့ လေယာဉ်နှင့်

ပြန်လာခဲ့ပြီး ယခု နေအိမ်တွင် ရောက်ရှိနေပြီဖြစ်သော ကိုဇာဂနာကို
ဧရာဝတီမဂ္ဂဇင်းက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်း ခဲ့ပါသည်။

မေး။ ။ ထောင်ထဲမှာ ကိုဇာဂနာကို ကောင်းကောင်းထားရဲ့လား။
ညှဉ်းပန်းနှိပ်စက်တာတို့ ဘာတို့ကော ခံခဲ့ရလား။
ဖြေ။ ။ မဆိုးဘူးပြောရမယ်၊ အရင်ကထက် အများကြီးကောင်းလာတယ်။ ICRC
(ကမ္ဘာ့ကြက်ခြေနီအဖွဲ့) နဲ့တော့ မတွေ့ခဲ့ရဘူး။ နှိပ်စက်တာတို့ ဘာတို့
မရှိပါဘူး။ ဟိုးအရင် ၁၉၉၄ ခုနှစ်မတိုင်ခင် ကျနော်တို့ ထောင်ထဲရောက်တုန်းက
ပုံစံနဲ့ အခုနဲ့တော့ အများကြီး

ကွာသွားပါပြီ။ ကျနော်တို့ကို လေနဲ့တောင် မပစ်မှားရဲဘူး။

မေး။ ။ ကိုဇာဂနာ မလွတ်ခင်မှာ အစိုးရဘက်က လာညှိတာ ရှိလား။
ဖြေ။ ။ မရှိပါဘူး။ လွတ်မယ်ဆိုတာတောင် ဒီနေ့ မနက် အစောကြီး ၅
နာရီခွဲလောက်ကမှ လာနှိုးပြီးပြောလို့ သိတာ။ ကိုဇာဂနာ လွတ်ပြီ ဆိုပြီး
လာပြောတော့ ကျနော်ကတောင် နောက်လိုက်သေးတယ်၊ ဘာလဲ စိတ်နဲ့ကိုယ်နဲ့
လွတ်တာလားလို့။

မေး။ ။ ထောင်ထဲမှာ ဂျာနယ်တောင် ဖတ်လို့ရတယ်ဆိုတော့ ကိုဇာဂနာ
လွတ်ပြီဆိုတဲ့ သတင်းတွေ တကယ် မကြားရဘူးလား။
ဖြေ။ ။ မကြားရဘူးဗျ။ မနေ့ကတော့ ရေဒီယို နားထောင်ရတယ်လေ။ မနေ့က FM မှာ
နိုင်ငံတော်က လွတ်ငြိမ်းချမ်းသာခွင့် ပြုမယ်ဆိုပြီး ကြေညာတာတော့ သိတယ်။
ဒါပေမယ့် အဲဒီလွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ ကျနော်တို့ မပါဘူးလို့ပဲ
ထင်နေတာပေါ့။

ဂျာနယ်တွေဖတ်ရတဲ့ထဲမှာလည်း အဲဒီလို သတင်းတွေ မပါဘူးလေ။

မေး။ ။ အခု လွတ်လာပြီဆိုတော့ ဘာတွေ ဆက်လုပ်မယ် စဉ်းစားထားလဲ။
ဖြေ။ ။ ကျနော်မှာတော့ ကျနော့်ရဲ့ နဂိုလုပ်ထားတဲ့ အစီအစဉ်ရှိတယ်။
ကျနော့်ခံယူချက်က နိုင်ငံရေးနဲ့ အနုပညာဆိုတာ တွဲနေတာ ဆိုတော့ ကျနော်
အဲဒါပဲ ဆက်လုပ်ရမှာ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့က ၁၉၈၈ ခုနှစ်တုန်းက
ပါတီစုံ ဒီမိုကရေစီ ရရှိရေး ဆိုပြီး

တောင်းခဲ့ကြတာကိုး၊ အဲဒီလို တောင်းခဲ့ပြီးတော့
ကျနော်တို့တောင်းဆိုခဲ့တာတွေ အခု ပြည့်စုံပြီလားလို့ ကျနော့်ကိုယ် ကျနော်
မေးကြည့်လိုက်တဲ့ အခါကျတော့ မပြည့်စုံဘူး ဆိုတဲ့ အဖြေပဲရတယ်။
ပါတီစုံဒီမိုကရေစီ မဖြစ်သေးဘူး၊ ဒီမိုကရေစီ ဆိုတာလည်း စစ်စစ်မှန်မှန်

မရသေးဘူး။ အဲဒီအချက် နှစ်ချက်ကို ကျနော် စဉ်းစားမိတဲ့အတွက် အနုပညာနဲ့
နိုင်ငံရေး တွဲပြီး ဆက်လုပ်ရဦးမယ်လို့ ပြောတာပါ။

မေး။ ။ မြန်မာပြည် ပြောင်းလဲနေပြီ၊ ဖွံ့ဖြိုးတိုးတက်နေပြီလို့ ကာ့တ်
ကမ်းဘဲလ်ကလည်း ပြောတယ်၊ EU ကလည်း ပြောတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့
ဦးသိန်းစိန်နဲ့တွေ့တာကိုလည်း နိုင်ငံတကာက ထောက်ခံကြတယ်။ ကိုဇာဂနာက
ထောင်ထဲကနေပြီး အဲဒီလို

ပြောတာတွေ ကြားရတော့ ဘယ်လိုခံစားရလဲ၊ ဘာပြောချင်လဲ။
ဖြေ။ ။ မနေ့က ညနေလောက်အထိကတော့ အန်တီ (ဒေါ်အောင်ဆန်းစုကြည်) ပြောတဲ့
ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ် ရောက်နေပြီ ဆိုတာကို
ယုံချင်သလိုလိုပဲ။ အဲဒါပြီးတော့ ဒီနေ့မနက်ကစပြီး မယုံတော့ဘူး။ တကယ်
မလိုလားဘူး ကျနော်ထင်တယ်လေ။

ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ကို လွှတ်တာတောင်မှ တွန့်တိုနေတာ
မဟုတ်လား။ လွှတ်လိုက်ပါလား အကုန်လုံး၊ သူတို့ အိတ်ထဲက စိုက်ပေးရလို့လား။
ဒီအမှုတွေအားလုံးက ဦးသိန်းစိန်အစိုးရလက်ထက်မှာ ချထားတဲ့ ပြစ်ဒဏ်တွေ
တခုမှမဟုတ်ဘူး။

အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို တကယ်လိုလားတယ်ဆိုရင် လွှတ်လိုက်ပါလို့
ပြောချင်တယ်။

ကျနော်တို့ ဖြစ်စေချင်တာက အကုန်လုံး အကုန်လုံး လွတ်စေချင်တာ။
မင်းကိုနိုင်မှ မဟုတ်ဘူး အကုန်လုံးပဲ။ လူမသိသူမသိလို့ ပြောလို့ရတဲ့
ကျနော်နဲ့ အတူတူ ထောင်ထဲမှာ နေခဲ့ရတဲ့ ဘုန်းကြီး ၄ ပါးရှိတယ်၊
အဲဒီဘုန်းကြီး ၄ ပါးလည်း လွတ်စေချင်တာပဲ၊ ဟိုး

တောင်သာက ကြည်စိုးလည်း လွတ်စေချင်တာပဲ၊ မျိုးမင်းသန်းဆိုတဲ့ ပုဂံက
ကောင်လေးကော၊ ဘိုကလေးက သီဟသက်ဇင်ကော၊ နာမည်ကြီးတဲ့ ဦးဂမ္ဘီရကော အကုန်၊
အကုန်လွတ်စေချင်တာပဲ။ အဲဒီလိုပဲ ဗိုလ်ချုပ်ကြီး ခင်ညွန့်လည်း
လွတ်စေချင်တာပဲ။

မေး။ ။ ဘာဖြစ်လို့ ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို လွတ်စေချင်တာလဲ၊ သူက
နိုင်ငံရေးအကျဉ်းသား မို့လို့လား။
ဖြေ။ ။ ကျနော်က နိုင်ငံရေးအကျဉ်းသားလို့ မပြောပါဘူး။ မြန်မာပြည်မှာ
နိုင်ငံရေးအကျဉ်းသား ရှိလို့လား။

(၎င်းအဖြေ အပြီးတွင် တယ်လီဖုန်းလိုင်း ပြတ်တောက် သွားပါသည်)

ဇာဂနာ နှင့် BBC အသံလွှင့်ဌာန
ဇာဂနာ အစိုးရကို စ သရော်

မြစ်ကြီးနား အကျဉ်းထောင်က ဒီကနေ့မနက် ၈ နာရီခွဲက လေးကြိမ်မြောက်
အကျဉ်းကျရာကနေ ပြန်လွတ်မြောက်လာတဲ့ ကမ္ဘာကျော် မြန်မာ့လရွှင်တော် ဇာဂနာက
အစိုးရကို စတင် ဝေဖန် ပြောကြား လိုက်ပါတယ်။

ဇာဂနာက အပြင်ရောက်တာနဲ့ အစိုးရကို ချက်ချင်း သရော်ပါတယ်။ နိုင်ငံတော်
သမ္မတက အမျိုးသား ပြန်လည် သင့်မြတ်ရေးကို တကယ် သွားတယ်ဆိုရင် အခု ပုံစံထက်
နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေး သင့်တယ်လို့ အကျဉ်းထောင်က
ထွက်ထွက်ခြင်း

ဘီဘီစီနဲ့ သီးသန့် မေးမြန်းခန်းမှာ ပြောသွားတာ ဖြစ်ပါတယ်။

အခု ပုံစံက နိုင်ငံကျော် ရော့ခ် အဆိုတော် လေးဖြူကို ကလေးသီချင်း ဖြစ်တဲ့
ရောင်စုံ ဘောလုံး သီချင်းကို ဆိုခိုင်းသလို လေဖြတ်နေတဲ့ သက်ကြီး
အမျိုးသမီးကို မိတ်ကပ်လိမ်းပြီး အရပ်ထဲ လွှတ်သလို ဖြစ်နေတယ် လို့ ဥပမာ
ဥပမေယျတွေနဲ့ ထိထိ ရောက်ရောက် ဝေဖန်

ပြောကြားပါတယ်။

သူ့အနေနဲ့ သမ္မတကို ပြောခွင့်ရမယ် ဆိုရင်တော့ သူတို့တွေဟာ သမ္မတ ဦးဆောင်တဲ့
အစိုးရသစ် လက်ထက်မှာ အဖမ်းခံထားရတဲ့ သူတွေ မဟုတ်တဲ့ အကြောင်း၊ နိုင်ငံရေး
အကျဉ်းသား ဆိုတဲ့ စကားလုံးကိုလည်း ကလေးဆန်ဆန် အငြင်းပွား နေတဲ့ သူတွေ
မဟုတ်

ကြောင်း ပြောလိုပြီး အခုတော့ သူ လွတ်လာပေမယ့် သူငယ်ချင်းတွေ ထောင်ထဲမှာ
ရှိနေဆဲ ဖြစ်လို့ စိတ်မကောင်းကြောင်း ပြောပါတယ်။

လွတ်လပ်ခွင့်တွေ ပိုရတော့မလား၊ ပြောရေးဆိုခွင့်တွေ သာလာနိုင်မလားလို့
ဘီဘီစီက မေးတာကိုတော့ ပြောခွင့်ရနေတယ် လို့တော့ သူကြားတဲ့အကြောင်း၊
သတင်းစာတွေထဲမှာလည်း စတုတ္ထ မဏ္ဍိုင် ဆိုတဲ့ စကားလုံးကို
လှိုင်လှိုင်သုံးထားကြောင်း၊ ဒါပေမဲ့ စတုတ္ထ

မဏ္ဍိုင်က ဘယ်သူများလဲလို့ သေချာ စေ့ငုလိုက်တော့ ပြန်ကြားရေးဝန်ကြီး
ဖြစ်နေတာ တွေ့ရတယ်လို့ ကမ္ဘာကျော် မြန်မာ့ လူရွှင်တော်ကြီးက အကျဉ်းထောင်က
ထွက်ထွက်ခြင်း အစိုးရကို သရော်ခဲ့ပါတယ်။

ဒီကနေ့ သူတို့ကို လွှတ်တာဟာ သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်
သက်သက်ကြောင့် မဟုတ်ဘဲ နိုင်ငံရေးမှုနဲ့ ပြန်ဖမ်းဆီး ထောင်ချလို့ ရတဲ့ ၄၀၁
ကိုလည်း အကြောင်းပြချက်နဲ့ ထည့်ထားတာကို လွှတ်ဝရမ်းထဲ တွေ့ရတယ်လို့ ဇာဂနာက
ဘီဘီစီကို ပြောပါတယ်။

ဇာဂနာနှင့် The Voice ဂျာနယ် အင်တာဗျူး

မြန်မာနိုင်ငံတွင် လူအသေအပျောက် အများဆုံးနှင့် ပျက်စီးဆုံးရှုံးမှု
အကြီးမားဆုံး သဘာဝ ဘေးအန္တရာယ်အဖြစ် သတ်မှတ်ခဲ့ရသော နာဂစ် ဆိုင်ကလုန်း
မုန်တိုင်းဒဏ် ခံစားနေရသော ပြည်သူများကို ကယ်ဆယ်ထောက်ပံ့ရေး လုပ်ငန်းများ
ဆောင်ရွက်နေစဉ်အတွင်း

ဖမ်းဆီးခြင်း ခံခဲ့ရသူ စွယ်စုံရ ဟာသအနုပညာရှင် (ဦး) ဇာဂနာ (ခေါ်)
ကိုသူရမှာ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ပြန်လည် လွတ်မြောက်လာခဲ့ရာ
ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်က မြစ်ကြီးနား လေယာဉ်ကွင်းသို့ ရောက်ရှိနေစဉ်
The Voice Weekly က တယ်လီဖုန်းဖြင့်

မေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။

မြစ်ကြီးနားအကျဉ်းထောင်ကနေ ဘယ်နှစ်ယောက် လွတ်လာပြီလဲ။
- စုစုပေါင်း နိုင်ငံရေးအကျဉ်းသား ၄ ဦး၊ အချို့တစ်ဝက်ပေါ့။

ဘယ်သူတွေ ပါလဲ။
- ကျွန်တော်၊ ကိုဇင်မင်းထွန်း၊ ဦးမျိုးအောင်သန့်၊ ဦးတင့်ဆန်း

ခုလောလောဆယ် သူတို့ လေယာဉ်ကွင်းရောက်နေတယ်ဆိုတော့ ဘယ်လေယာဉ်နဲ့ ပြန်လာမှာလဲ။
- မြန်မာ့လေကြောင်း ဂျက်လေယာဉ်နဲ့။ တစ်နာရီကို ရန်ကုန် ဆိုက်မယ်။

လွတ်လာပြီဆိုတော့ ဘာလုပ်မလဲ။
- လောလောဆယ် ရုတ်တရက်ဆိုတော့ မဆုံးဖြတ်ရသေးဘူး။ သူငယ်ချင်းတွေနဲ့
တွေ့ပြီး တိုင်ပင်ပြီးတော့ ရက်ပိုင်းအတွင်း ဆုံးဖြတ်မယ်။

လွတ်လာတဲ့အပေါ်မှာ မလွတ်ခင် တစ်စုံတစ်ရာ ညှိနှိုင်းတာမျိုး ရှိလား။
- မရှိပါဘူး။

လွတ်လာချိန်မှာ အနှောင်အဖွဲ့ တစ်ခုခု ရှိလား။
- မရှိပါဘူး။

အရင်လို နိုင်ငံရေး ယုံကြည်ချက်အတွက် ဆက်လုပ်တာမျိုး လုပ်ဖို့ ရှိလား။
- လုပ်မှာပါ။ နဂိုဗီဇ ဝါသနာအရ အစကတည်းက ဝါသနာပါတယ်။ လိုချင်တာတွေ ရအောင်
ပြီးဆုံးတဲ့အထိ လုပ်မယ်။ မသေမချင်းပေါ့။

အစိုးရသစ်ကို Information တွေအရ ဘယ်လိုသုံးသပ်သလဲ။
- ကျွန်တော် သုံးသပ်တာက အကျဉ်းသားလွှတ်တဲ့ ကိစ္စမျိုးပဲ။ ဒါမျိုးမှာ
မကျေနပ်သေးဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့
ရင်ကြားစေ့ရေး ဆိုတဲ့အစီအစဉ်မှာ ကောင်းအောင် အရမ်းအော်ထားတယ်။
ဂျာနယ်တွေထဲမှာ စာစောင်တွေထဲမှာ

ဖော်ပြထားတယ်။ လွတ်တော်ကိုယ်စားလှယ်တွေ တင်ပြတာကို တပ်မတော်
ကိုယ်စားလှယ်တွေက ထောက်ခံတယ်။ လူလေး သုံးလေးယောက်ပဲ လွှတ်တာ ကျန်တာတွေ
ဘာလို့ မလွှတ်သေးတာလဲ။ ကျွန်တော်တို့က ဆိုမာလီ ပင်လယ်ဓားပြတွေ လက်ထဲ

ရောက်နေတဲ့လူတွေလို ဖြစ်နေတယ်။ အဲဒီတော့ အမျိုးသား ပြန်လည်
သင့်မြတ်ရေးနဲ့ ရင်ကြားစေ့ရေးအတွက် အကုန် လွှတ်လိုက်တော့ ဘာဖြစ်သွားမှာလဲ။
အဲဒီအတွက် စိတ်ထဲ မကောင်းဘူး။ ဒါကိုတော့ သမ္မတကို တိုက်ရိုက်ပြောချင်တယ်။
ဘာလို့ ဒီလိုလုပ်ရတာလဲ။

အိတ်ထဲက စိုက်ပေးရတာမှ မဟုတ်တာ။

အခု အဲဒီမြစ်ကြီးနား အကျဉ်းထောင်မှာ ဘယ်သူတွေ ကျန်သေးသလဲ။
- မြစ်ကြီးနားက စုစုပေါင်း ဘုန်းကြီးလေးပါး ကျန်တယ်။ အဲဒီကိုယ်တော်တွေက
မန္တလေးက ဆရာတော်တွေ၊ မန္တလေးက ဆရာတော် ဦးဉာဏ၊ ဦးဝီရသူ၊ ဦးဂန္ဓသာရ၊
ဦးဓမ္မသာမိ။ လူတွေထဲက ကိုမျိုးမင်းသန့်၊ ကိုကြည်တိုး၊
ကိုဇေယျအောင်(ပဲခူး)၊ ကိုသီဟသက်တင်

(ဘိုကလေး)။

ဒီလူတွေက စာရင်းထဲ မပါတာလား။ မလွှတ်သေးတာလား။
- ကျွန်တော်သိတာတော့ ဒီနေ့အထိပဲ။ နိုင်ငံတော်ရဲ့ စေတနာ ပိတ်သွားပြီ။

အသုတ်လိုက်လွှတ်မယ်လို့ ပြောနေသံ ကြားတယ်။ ဟုတ်သလား။
- မဟုတ်ဘူး ကောလာဟာလ တွေပါ။ အသုတ်ရော၊ ရေကြည်ရော၊ ငါးသိုင်းချောင်းတွေရော
ကောလာဟလတွေပါ။ မျက်မြင်ကိုပဲ လက်ခံတယ်။ ဘယ်လိုပြောပြော လက်မခံဘူး။

လွတ်လာချိန်မှာ အစိုးရအဖွဲ့နဲ့ တွေ့ပြီး ဆွေးနွေးဖို့ အစီအစဉ် ရှိသလား။
- ရှိတယ်။ ဒီကိစ္စ ဆက်ပြောဦးမယ်။ တောင်းဆိုထားတဲ့ ကိစ္စတွေကို၊

အမျိုးသားရင်ကြားစေ့ရေးမှာ အကျဉ်းသား လွတ်မြောက်တဲ့ကိစ္စမှာ တစ်ချို့ကို
လွှတ်တဲ့ကိစ္စက တိုင်းပြည်ပေါ်မှာ ဘယ်လို အမြင်လွဲစေသလဲ။
- အားလုံး စိတ်မကောင်း ဖြစ်ကြမယ်ဗျာ။ မယုံမကြည် ဖြစ်မယ်။ လွတ်လာတဲ့
ကျွန်တော်တို့ကိုယ်တိုင် မယုံကြည်နိုင်ဘူး။ ဘာလို့ ဒီလို လုပ်တယ်ဆိုတာ
နားမလည်နိုင်တော့ဘူး။ ဖြစ်စေချင်တာက လွှတ်လိုက်ပါလား အကုန်လုံး။
ကိုယ်လက်ထဲမှာ ကျူးလွန်ထားတဲ့သူ

မဟုတ်ဘူး။ ဦးသန်းရွှေ လက်ထဲမှာ ကျူးလွန်လို့ ချခဲ့တဲ့ ပြစ်မှုတွေ၊
ဒီအမှုတွေကို ပယ်လိုက်ပါ။ လွှတ်လိုက်ပါ။ ကိုယ့်အိတ်ထဲက စိုက်ပေးရတာမှ
မဟုတ်တာ။ ပိုပြီးတော့ စေတနာကို သဘောပေါက်မယ်။ ကျေနပ်မယ်။ လက်ကမ်းတယ်ဆိုတာ
သဘောထားကြီးတယ်

ဆိုတာက အာဏာရှိတဲ့သူနဲ့ နေရာ အပေါ်က ရောက်တဲ့သူပဲ သဘောထားကြီးနိုင်တယ်။
ဘယ် သူတောင်းစားကမှ အပေါ်ကို သဘောထား မကြီးနိုင်ဘူး။

တိုင်းပြည်ကို လက်တွဲ လုပ်မဲ့လူတွေပဲ လွှတ်မယ်။
နောက်ကြောင်းပြန်မဲ့လူတွေလို့ ဖြစ်လာနိုင်တဲ့ လူတွေ မလွှတ်ဘူး ပြောနေတယ်။
အဲဒီအတွက် လူရွေးပြီး လွှတ်တာလား။
- လက်တွဲနိုင်တယ်၊ မတွဲနိုင်ဘူး ဆိုတာ လုပ်ကြည့်ပြီးပြီလား။ …
မလုပ်ရသေးဘူး။ မြက်စားနေတာမှ မဟုတ်တာ။ လက်တွဲဖို့ မလိုပါဘူး။ လက်တွဲရင်
လက်ကမ်းမှာပါပဲ။ လက်ကမ်းဖို့ပဲ လိုပါတယ်။ ဂျာနယ်တွေထဲမှာ ပါနေတယ်။
အိုဘားမား ပြောသလို ကျွန်တော်တို့က

လက်ဖြန့်ထားပါတယ်။ လက်ဖြန့်ရအောင် ကျွန်တော်တို့က တောင်းစားနေတာ မဟုတ်ဘူး။

ဘာများ ထပ်ပြောချင်တာ ရှိသေးလဲ။
- မရှိပါဘူး။ ကျွန်တော်လည်း အသံတွေ နာနေပါပြီ

(The Voice ဂျာနယ် facebook တွင် တွေ့ရသော အင်တာဗျူးကို မိုးမခက ကူးယူ ဖော်ပြသည်)


ဇာဂနာနှင့် Eleven Media Group အင်တာဗျူး

မြစ်ကြီးနားအကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသည့်
ကိုသူရ(ခေါ်)ကိုဇာဂနာအား ရန်ကုန်သို့ မပြန်မီ လေယာဉ်ပေါ်
တက်တော့မည်အချိန်အတွင်း ပြုလုပ်ခဲ့သော Eleven Media Group နှင့်
အင်တာဗျူးကို ဖော်ပြလိုက်ပါသည်။

မေး- အခု ပြန်လွတ်လာတဲ့ အပေါ်မှာ ကိုသူရအနေနဲ့ ဘယ်လိုခံစားရပါသလဲ။
ဖြေ- အေးပေါ့ဗျာ။ လွတ်လာတာတော့ လွတ်လာတာပေါ့။ ဒီလိုလွတ်လာပေမယ့်
ကျန်ခဲ့တဲ့သူတွေအတွက် စိတ်မကောင်းဖြစ်မိတယ်။

မေး- လက်ရှိအချိန်မှာ မြန်မာနိုင်ငံက အပြောင်းအလဲဆီသွားနေတယ်ဆိုတဲ့ အပေါ်မှာ
ကိုသူရလည်း သိထားတာတွေရှိမှာပါ။ ဒီအပေါ်မှာ ဘယ်လိုမြင်မိပါသလဲ။
ဖြေ- အပြောင်းအလဲဆိုတဲ့ ကိစ္စမှာ အခု တွေ့ကြုံနေရတာတွေကြောင့်
အပြောင်းလဲကြီး ဖြစ်နေပြီလားဆိုတာကို မယုံရဲသေးဘူး ဖြစ်နေတယ်။

မေး- တွေ့ကြုံနေရတဲ့ အခြေအနေဆိုတာ အဲဒီက အနေအထားကိုပြောတာလား၊ အကုန်လုံး
ပြန်မလွတ်လာသေးတဲ့ အခြေအနေကို ပြောတာလား။
ဖြေ- မစို့မပို့လွှတ်တာကိုပဲ ပြောချင်တာပါ။

မေး- အခုလိုလွတ်လာပြီးတဲ့နောက် ဘာတွေဆက်လုပ်ဖို့ စဉ်းစားထားတာရှိလဲ။
ဖြေ- ဘာမှတော့ မစဉ်းစာရသေးပါဘူး။ ကျွန်တော့်ညီတွေအတွက် သီချင်းတွေ၊
ပြက်လုံးတွေ လုပ်ရပါဦးမယ်။ ကျွန်တော်တို့ အလုပ်လုပ်ရမယ်။ လုပ်ရမယ့်
အလုပ်တွေ မပြီးသေးဘူး။ နိုင်ငံရေးအလုပ်တွေကို ဆက်လုပ်ရဦးမယ်။

မေး- နိုင်ငံရေးအလုပ်ဆက်လုပ်မယ်ဆိုတာက လက်ရှိအခင်းအကျင်းထဲကနေ ပါတီတစ်ခု၊
ပါတီဝင် တစ်ဦးအနေနဲ့ ၀င်ပါမှာကို ပြောတာလား။
ဖြေ- ပါတီထောင်ဖို့၊ ပါတီဝင်လုပ်ဖို့ဆိုတာထက် ၈၈တုန်းက ကျွန်တော်တို့
ဘာကြောင့် လမ်းပေါ်ထွက်ခဲ့ကြလဲ။ ပျင်းလို့ထွက်ခဲ့ကြတာမဟုတ်ပါဘူး။
လိုချင်တာတွေ ရှိလို့ ထွက်ခဲ့ကြတာပါ။ ကျွန်တော်တို့ တကယ်လိုချင်တာ
ရပြီလား။ အပြည့်အ၀ မရသေးဘူးဆိုရင်

ရအောင်လုပ်ကြရမယ်။ ရန်ကုန်ရောက်မှပဲ ဆက်ပြောကြတာပေါ့။ အခုတော့
လေယာဉ်ပေါ်တက်ရတော့မယ်


။ဇာဂနာနှင့်အင်တာဗျူးများ – အပိုင်း ၂ (talks with Zargana – part 2)
http://moemaka.com/2011/10/zargana-interviews-part-2/
နိုင်ငံကျော် စွယ်စုံ အနုပညာရှင် ဇာဂနာကို ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့
အရေးအခင်းဖြစ်ပွားစဉ် သံဃာ့များအား ဆွမ်းကပ်သည့် ကိစ္စဖြင့် တကြိမ်ခေါ်ယူ
စစ်ဆေးခြင်းခံရသည်။ ထို့နောက် လအနည်းငယ်အကြာ နာဂစ် မုန်တိုင်း
ဘေးအန္တရာယ်ကြောင့်

ဒုက္ခရောက်နေသူများအား ကူညီကယ်ဆယ်ရေး လုပ်ဆောင်ခဲ့သည်။ ထိုသို့ ကူညီ
ကယ်ဆယ်ရေး လုပ်ဆောင်နေစဉ် ဖမ်းဆီးခံရပြီး အီလက်ထရွန်နစ် အက်ဥပဒေ၊
နိုင်ငံတော် အစိုးရအား အကြည်ငြိုပျက်အောင် လုပ်ဆောင်မှု အစရှိသည့်
ပုဒ်မများဖြင့် ထောင်ဒဏ် ၅၉

နှစ် ချခဲ့သည်။ နောက်ပိုင်းတွင် ထောင်ဒဏ် ၃၅ နှစ်သို့ ပြောင်းလဲသွားသည်။
ယမန်နေ့က ထုတ်ပြန်သည့် လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် မြစ်ကြီးနားထောင်မှ
လွတ်မြောက်လာခဲ့သည်။ ယခု အင်တာဗျူးမှာ နေအိမ်သို့ ရောက်ရှိပြီး
နာရီပိုင်းအကြာတွင် ပြုလုပ်ထားခြင်း

ဖြစ်သည်။

YPI၊ ဦးဇာဂနာကို ဘာလို့လွှတ်ပေးတာလဲ။
ဖြေ၊ အဲဒါတော့ ဦးသိန်းစိန် သွားမေးမှ သိမယ်။ ကျွန်တော်လည်း ဘယ်လိုလုပ်
သိမလဲ။ မထူးဆန်းလှပါဘူး၊ ကျွန်တော့်ကို ထောင်ချကတည်းက ချမှတ်တဲ့
ပုဒ်မတွေကို ပြောရင်ရယ်စရာကြီး၊ ဟာသအနေနဲ့ ပြောရရင် ဥပမာ
ကျွန်တော့်ကိုချတော့ ဗီဒီယို အက်

ဆိုတာပါတယ်။ အဲဒီ ဗီဒီယိုအက်က ဘာလို့ ၃ နှစ်ချလဲလို့ ကျွန်တော်မေးတော့
နာဂစ်မုန်တိုင်းဓာတ်ပုံ ပါလို့ တဲ့၊ မုန်တိုင်းတိုက်တာနေတာ ဘာလို့လဲ၊
ဆင်ဆာမတင်လို့တဲ့၊ မုန်တိုင်း တိုက်တာကို ဆင်ဆာ တင်ရဦးမှာလား၊
မုန်တိုင်းတိုက်တဲ့အလုပ်ကို ခဏ ရပ်ထားဦး

ရိုက်ကူးရေး သွားတင်ပါရစေဦးလို့ ပြောလို့မရဘူးလေ။

နောက်တမှု ၅၀၅ (ခ) က ဘုန်းကြီးဆွမ်းကပ်လို့ တဲ့၊ ဘုန်းကြီးဆွမ်းကပ်တာ
ဘာအပြစ်လဲ၊ အဲဘုန်းကြီးတွေက လမ်းပေါ်လမ်းလျှောက်တယ်တဲ့၊ လမ်းလျှောက်တာတွေ
ကျွန်တော်မသိဘူး၊

ဘုန်းကြီးဆွမ်းကပ်တာ ကျွန်တော့်အမြင်ဆို ကျွန်တော်ဒီနေ့ ဗုဒ္ဓဘာသာကနေ
ထွက်မယ်၊ ဒီတော့ ဒီအမှုက သဘာဝ မကျတော့ဘူး၊

နောက် အင်တာနက်ပုဒ်မ အားလုံး အင်တာနက် သုံးတဲ့သူတွေပါ၊ ဒီ အင်တာနက်
ပုဒ်မမှာ ကျွန်တော့်ကို အမိန့်ချတဲ့ တရားသူကြီးက အင်တာနက်ဆိုတာ မသိဘူး။
ရယ်စရာ ဘယ်လောက်ကောင်းလဲဆို၊ ခင်ဗျား မိုးသီးဇွန်တို့ အောင်ဒင်တို့နဲ့
ဘယ်မှာချက်လဲဆိုတော့

မီးဘိုမှာချက်တယ်လို့ ပြောတယ်။ စိတ်ဆိုးတယ်။ meebo ဆိုတဲ့ ၀က်ဆိုက်က
နာမည်လို့ ပြောတာ၊ ညနေမှ ကျွန်တော် မသိလို့ပြောမိတာတဲ့၊ ကွန်ပျူတာတောင်
မကိုင်ဖူးတဲ့ အဲလိုလူက အမိန့်ချတာ၊ ကျွန်တော်ဘယ်လို နားလည်ရမလဲ။

အစိုးရရှေ့နေက တရားရုံးမှာ ကိုဇာဂနာ ရှင့်အီးမေးလ် ပြော တဲ့၊
thura61@gmail.com ပေးတော့ ကျွန်မ ပြောနေတာ အီးမေးလ် နော်၊ ဂျီမေးလ်
မဟုတ်ဘူး တဲ့၊ အဲလို ဘာမဟုတ်တဲ့ အမှုတွေအတွက် ကျွန်တော် သုံးနှစ်ကျော်
နေရတာ များတောင် များသေးတယ်။

ဒီပုဒ်မတွေနဲ့ အီးမေးလ် စာတစောင်ကို ၁၅ နှစ်နဲ့ချလိုက်တာ၊
ကြားမကြားဖူးဘူး၊ ကျွန်တော့်ဆီ ရောက်လာရင် ကြည့်ရမှာပေါ့၊
ဘာကြောင့်လွှတ်လဲဆိုရင် ဒီလိုနေရတာတောင် ပိုများသေး။

YPI အထဲမှာနေခဲ့တဲ့ အချိန်တွေကို ဘယ်လို ဖြတ်သန်းခဲ့ရလဲ။

ဖြေ အထဲမှာတော့ ဒီလိုပါပဲ၊ အရင်တုန်းက အခြေအနေနဲ့ ခုအခြေအနေနဲ့ တော်တော်
ကွာသွားပါပြီ၊ ဒီနေ့ ခေတ်က တော်တော် ပြုပြင် ပြောင်းလဲသွားပြီ။ အရင့်အရင်
ခေတ်ကနဲ့တော့ တော်တော် တိုးတက်နေပြီ၊ အနီးဆုံး တိုးတက်မှုကို ပြောရရင်
ကြိုက်သလောက်

လမ်းလျှောက်ခွင့်ရှိတယ်။ တနေ့မှာ ၂၄ နာရီ ရှိရင် ၂၄ နာရီလုံး အခန်းထဲမှာ
ပိတ်နေရတယ်။ အခုတော့ ၁၂ နာရီလောက် လမ်းလျှောက်ခွင့် ရသွားပြီ။

YPI ကျန်းမာရေး စောင့်ရှောက်မှုအနေနဲ့ ရော ဘယ်လိုတွေပေးခဲ့လဲ။

ဖြေ အဲဒါတော့ အရင်ရောက်ခါစက သိပ်အဆင်မပြေဘူး၊ အခုနောက်ပိုင်း
ဆရာဝန်တွေထားပြီ၊ အဲဒီမှာပဲ ဆရာဝန်တွေရှိတယ်။ ကျွန်တော်ဆို အဲဒီထောင်က
ဆေးလာကုပေးတဲ့ ဆရာဝန်တွေရဲ့ ဆေးနဲ့ တော်တော်တည့်တယ် လို့ပြောလို့ရမယ်။
ကျန်းမာရေး ဒီနောက်ပိုင်း

တစ်နှစ် တစ်နှစ်ခွဲအတွင်း ကောင်းပါတယ်။

YPI နိုင်ငံရေး အရပြောင်းလဲမှု ရှိတယ်လို့ မြင်လား

ဖြေ ပြောင်းလဲမှု ရှိသလားတော့ ပြောရင်တော့၊ ကျွန်တော့ စိတ်ထဲ
ပွင့်ပွင့်လင်းလင်း ပြောရင်တော့ မနေ့ကထိ ပြောင်းလဲမှု ရှိသလိုလို ထင်တယ်။
ဒီနေ့တော့ မထင်တော့ဘူး၊ ဒီနေ့ မနက် လူလွှတ်တဲ့ အပေါ် မူတည်ပြီး
ကြည့်လိုက်တော့ ပြောင်းလဲချင်ရင် ဒီလို မလုပ်ပါနဲ့

ဒါက တွန့်တိုလွန်းတယ်။ လွှတ်စရာရှိရင် လွှတ်လိုက်ပါ အားလုံး၊ ဘာဖြစ်လို့လဲ၊
သဘောထားကြီးပါ၊ အာဏာရှိတဲ့သူက သဘောထားကြီးပါ၊ အာဏာမရှိတဲ့ သူက ဘာလို့
သဘောထားမကြီးလို့ ရလဲ၊ သူက သဘောထား မကြီးသမျှကာလပတ်လုံး
ကျွန်တော်တို့လည်း

ဘယ်လို နားလည်ရမလဲ။ အဲတော့ ပြောင်းလဲချင်လား၊ တကယ်ပြောင်းလဲချင်တယ်
ဆိုရင် အကုန်လွှတ်ပေးလိုက်ပါ၊

အကုန်လွှတ်ပေးလိုက်ပါလို့ ကျွန်တော်တို့က ပြောရင် နိုင်ငံရေးနဲ့
ကျတဲ့ကောင်မို့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးပါလို့ ပြောတယ် ထင်မယ်။
မဟုတ်ဘူး၊ ဗိုလ်ချုပ်ကြီး ခင်ညွှန့်အပါအ၀င် အကုန်လွှတ်ပေးလိုက်ပါ။

YPI အပြင်ပြန်ရောက်တော့ ဘာလုပ်ဖို့ အစီအစဉ်ရှိလဲ။

ဖြေ လောလောဆယ်တော့ ယတိပြတ် မဆုံးဖြတ်ရသေးဘူး၊ နိုင်ငံရေးနဲ့ အနုပညာ
အလုပ်က နကိုကတည်းက ကျွန်တော် ၀ါသနာပါတဲ့ အလုပ်ဖြစ်တာကြောင့်၊
ဒီအလုပ်နှစ်ခုကျွန်တော် လုပ်သွားမှာပါ။ အဲဒီအတွက် လောလောဆယ် ထပ်ပြီး
ဦးစားပေးလို့ပြောရရင် ပထမ

နိုင်ငံရေးပဲ၊ ဒုတိယက အနုပညာပဲ၊


သမ္မတကြီး​ ဦး​သိန်း​စိန်ဆီမှာ ဇာဂနာရဲ့ အသက်ကို အ​ပေါင်ထား​ပါမယ်
ဒီမိုကရက်တစ်မြန်မာ့အသံ - အောက်တိုဘာ ၁၂


နိုင်ငံ​ကျော် ဟာသအနုပညာရှင်၊​ လူမှုကူညီ​ရေး​လုပ်ငန်း​လုပ်​ဆောင်သူ သရုပ်
ဆောင် ဒါရိုက်တာ မောင်သူရ (ခေါ်) ဇာဂနာ ဒီက​နေ့ လွတ်ငြိမ်း​ချမ်း​သာခွင့်
နဲ့ ကချင်ပြည်နယ်မြစ်ကြီး​နား​ထောင်က ပြန်လွတ်ပါတယ်။

မြစ်ကြီး​နား​ထောင်မှာ နိုင်ငံ​ရေး​အကျဉ်း​သား​ ၁၈ ဦး​ရှိတဲ့​အနက်
သူအပါအဝင် သုံး​ဦး​သာ လွတ်​မြောက်တယ်လို့ သူက ပြောပါတယ်။ ပြန်လည်လွတ်
မြောက်လာတဲ့​ ကိုဇာဂနာကို မေး​မြန်း​ထား​ပါတယ်။

မြစ်ကြီး​နား​ထောင်က ထွက်တယ်ဆို​တော့​ လက်ရှိ ကျန်း​မာ​ရေး​ အ​ခြေအ​နေကို
ပြောပြ​ပေး​ပါလား​။

“​ကောင်း​ပါတယ်။ ဒီ​နေ့က လေယာဉ်​ပေါ် စမ​ရောက်ခင်ကတည်း​က အခုချိန်ထိ
မြန်မာပြည်က ပြုပြင်​ ပြောင်းလဲလာ​တော့​ စတုတ္ထမဏ္ဍိုင်များ​နဲ့ တိုး​နေ
တော့​ ခေါင်း​တွေလည်း​ ကိုက်၊​ လည်ပင်း​တွေလည်း​နာ ဖြစ်ကုန်တာပဲ။”

အခု ဒီတကြိမ် ထောင်က​နေထွက်တဲ့​အချိန်က အရင်ကလို စစ်အစိုး​ရ​ခေတ် မဟုတ်
တော့​ဘူး။ သမ္မတဦး​သိန်း​စိန် အုပ်ချုပ်တဲ့​ခေတ် ရောက်ပြီဆို​တော့
ပိုပြီး​ လွတ်လပ် ပွင့်​လင်း​လာမှာ​ပေါ့​။

“အဲဒီလိုကြီး​တော့​ ဟုတ်တယ်လို့ မ​ပြောချင်ဘူး​။ ဘာလို့လဲဆို​တော့
ထောင်က လွတ်တာ​လေး​တခုကိုပဲ ကြည့်​ပြီး​ ပိုပြီး​ လွတ်လပ် ပိုပြီး​တော့
ပွင့်​လင်း​လာတယ်လို့ ကောက်ချက် မဆွဲနိုင်ဘူး​။ ကျ​နော်က​တော့​ သိပ်ပြီး
ထူး​ခြားတဲ့​ ပြောင်း​လဲမှုကို မ​တွေ့​ရ​သေး​ဘူး​လို့

ပြောချင်တယ်။”

ကိုဇာဂနာတို့ အကျဉ်း​ထောင်ထဲမှာ အရင်တုန်း​ကလိုမဟုတ်ဘဲနဲ့ စာအုပ်စာ​ပေ
တွေ ဖတ်ခွင့်​ရတယ်၊​ ရုပ်မြင်သံကြား​တွေ ကြည့်​ခွင့်​ရ​တော့​ အပြင်
လောကမှာ ဖြစ်ထွန်း​ တိုး​တက်မှု​တွေ အကုန်သိတယ်လို့ ယူဆနိုင်လား​။

“အဲဒီလို​တော့​ ယူဆနိုင်ပါတယ်။ အထဲမှာ သတင်း​စာဖတ်ရတယ်။ ဂျာနယ်လည်း
ဖတ်ရတယ်။ တပတ်ကို ဂျာနယ် ၁၂ စောင်၊​ ၁၃ စောင် ဖတ်ရတဲ့​အတွက် ဂျာနယ်ထဲက
ဖြစ်​ပေါ်​ပြောင်း​လဲတာ​တွေ၊​ ဓာတ်ပုံ​တွေ သတင်းတွေ ဖတ်ရတယ်။ အဲဒီအတွက်
ကြောင့်​ အို

ကေပါတယ်။ တီဗွီက​တော့​ လွတ်သာလာတယ် မကြည့်​ရပါဘူး​။”

ထောင်ထဲက မထွက်လာခင်အချိန်ထိ မြန်မာပြည်နိုင်ငံ​ရေး​ တိုး​တက်မှု​တွေ အ
ပေါ်မှာ ဘယ်လိုများ​ ကောက်ချက် ဆွဲချင်ပါသလဲခင်ဗျ။

“မ​နေ့က ထိ​တော့​ ပြောင်း​လဲမှုကို ဦး​တည်​နေတယ်လို့ အန်တီက​ပြောတယ်​လေ။
ပြုပြင်​ပြောင်း​လဲ​နေပါပြီလို့ သူမ​ပြောဘူး​ တဲ့​။ ပြုပြင်​ပြောင်း​လဲ
နေတယ်လို့ သူထင်တယ်လို့ ပြုပြင်​ပြောင်း​လဲတဲ့​ လမ်း​ကြောင်း​ဘက်ကို သွား
နေတယ်လို့ ထင်တယ်လို့ သူက​ပြောတယ်။ မ

နေ့ကထိ​တော့​ အဲလိုပဲယုံတယ်။ ဒီ​နေ့မနက်​တော့​ မယုံချင်​တော့​ဘူး​။
ပြုပြင်​ပြောင်း​လဲ​နေတာ ဟုတ်မှ ဟုတ်ရဲ့လား​လို့ သံသယ ဝင်သွား​တယ်။ ဘာ
ကြောင့်​လဲ ဆို​တော့​ ထောင်ထဲမှာရှိတဲ့​ လူ​တွေကို ဘာ​ကြောင့်
မလွှတ်တာလဲ အဲဒါကို နား​မလည်ဘူး​။ အခု

လွှတ်လိုက်တယ်ဆိုတာ မဖြစ်စ​လောက်​လေး​ လူနည်း​နည်း​လေး​ပဲ။ ဗမာပြည်
ထောင်ထဲမှာရှိတဲ့​ လူ​တွေအကုန်လုံး​ကို လွတ်​စေချင်တယ်။ ယုတ်စွအဆုံး
ဗိုလ်ချုပ်ခင်ညွန့်​ကိုပါ လွှတ်​ပေး​စေချင်တယ်။ ဘာလို့လဲ ဆို​တော့​ ဦး
သိန်း​စိန် လက်ထက်မှာ ဖမ်း​ထား​တဲ့​လူ​တွေ

မဟုတ်ဘူး​။ ဦး​သိန်း​စိန်လက်ထက်မှာ ပြစ်ဒဏ် ချမှတ်ခံထား​ရတဲ့​သူ​တွေလည်း
မဟုတ်ဘူး​။ တပ်မ​တော်​ထောက်လှမ်း​ရေး​က လူ​တွေ​ရော အ​ကောက်ခွန်က လူ​တွေ
ရော အကုန်လုံး​ လွှတ်​ပေး​လိုက်ပါ။ တိုင်း​ပြည်ကို ပြန်ပြီး​တော့​ အမျိုး
သား​ရင်ကြား​စေ့​ရေး​ကို

လိုချင်တယ်ဆိုရင် ဒီလူ​တွေကို ဘာလို့ ဒီ​လောက်ထိ ထား​မှာလဲ။ ဘာလို့
တို့တိတို့တိ လုပ်​နေမှာလည်း​။ ဒီ​ပေါ်မှာမူတည်ပြီး​တော့​ ပြောင်း
လဲမှုဖြစ်တယ်ဆိုတာကို ယုံကြည်ဖို့ အလွန်ခက်သွား​ပါတယ်။ ကျ​နော့်​ကို လွှတ်
ပေး​တဲ့​အတွက် ပြောင်း​လဲသွား​ပါပြီလို့ မ​ပြောပြနိုင်ဘူး​။”

ဒီဟာနဲ့ပတ်သက်ပြီး​တော့​ လွှတ်​တော်​တွေမှာလည်း​ နိုင်ငံ​ရေး​အကျဉ်း​သား
တွေလည်း​ လွှတ်​ပေး​ဖို့ဆိုတဲ့​နေရာမှာ ဝန်ကြီး​တ​ယောက်က​နေ အား​လုံး
လွှတ်လိုက်ရင် တည်ငြိမ်မှုအတွက်ကို ဘယ်သူက အာမခံမလဲဆိုပြီးတော့​ ပြန်လည်
မေး​ခွန်း​ထုတ်ပါတယ်။ အဲဒီအစိုး​ရ

ဝန်ကြီး​ရဲ့ စိုး​ရိမ်ပူပန်မှုက တကယ်​ရော မဖြစ်နိုင်ဘူး​လား​။
ကိုဇာဂနာတို့ရော ဘယ်လိုမြင်ပါလဲ။

“အဲလိုဆိုရင် ကျ​နော်ကလည်း​ ပြန်​ပြောစရာ စကား​ရှိပါတယ်။
အဲဒါနဲ့ပတ်သက်ပြီး​တော့​ ပြောကြမယ်ဆိုရင် ကျ​နော် သမ္မတကြီး​ ဦး​သိန်း
စိန်ဆီမှာ ဇာဂနာရဲ့ အသက်ကို အ​ပေါင်ထား​ပါမယ်။ အဲဒီလူ​တွေလွှတ်လိုက်လို့
တိုင်း​ပြည်မှာ ဆူဆူပူပူ ဖြစ်မယ်ဆိုရင် ကျ​နော့်​ကို

အရင် သတ်လိုက်ပါ။ ကျ​နော့်​ဘက်က ပြန်စိန်​ခေါ်တာပဲ။ ကြေး ထပ်မယ် ဆိုရင်
အပြတ်ထပ်၊​ အသက်ကို ထပ်တယ်။”

ဒီတ​ခေါက်ပြန်လည်လွတ်​မြောက်လာချိန်မှာ အရင်ကလို မဟုတ်ဘဲနဲ့ သမ္မတ​ခေတ်၊
ဒီမိုက​ရေစီအစိုး​ရဆိုတာကို သူတို့အစိုး​ရက ကြေညာ​နေတယ်။ အဲဒီအခါမှာ
ပြည်ပမှာရှိတဲ့​ အယူအဆ မတူသူ​တွေလည်း​ ပြန်လာမယ်ဆိုရင် လာခွင့်​ပြုတယ်
ဆိုပြီး​ ကမ်း​လှမ်း​နေတဲ့

အချိန်နဲ့ကြုံတော့​ ပြည်ပမှာရှိတဲ့​မြန်မာပြည်သား​တွေကို ကိုဇာဂနာအ​နေနဲ့
ဘယ်လိုအမြင်ရှိလဲ။ ချက်ချင်း​ပြန်လာသင့်​လား​။ ဘယ်လိုသုံး​သပ်လဲ။

“တခွန်း​တည်း​ပဲ တိုတို​လေး​ပြောရမယ်ဆိုရင် စောင့်​ကြည့်​ကြပါဦး​လို့
ပြောချင်တယ်။”

အပြင်​လောကမှာ နိုင်ငံ​ရေး​ဖြစ်စဉ်​တွေမှာ ဘယ်လိုမျိုး​ ပါဝင်မယ်လို့
ပြင်ဆင်ထား​ပါသလဲ။

“ကျ​နော့်​ရဲ့ စိတ်ကူး​ပေါ့​။ အသက်အရွယ်ကလည်း​ ရလာ​တော့​ လူငယ်​တွေရဲ့
လက်ထဲကို ဒီနိုင်ငံ​ရေး​နဲ့ ပတ်သက်တဲ့​ နား​လည်တဲ့​ နိုင်ငံ​ရေး​၊​ စီး
ပွား​ရေး​၊​ လူမှု​ရေး​ ကျွမ်း​ကျင်တဲ့​ လူငယ်​တွေ အ​မြောက်အမြား
ပေါ်ထွန်းလာဖို့ အတွက် အဓိက ပညာ​ရေး​ပိုင်း​ကို အား​ပေး​ပြီး

တော့​ အဲဒီဘက်မှာ ကိုယ်စွမ်း​ ဉာဏ်စွမ်း​ရှိသမျှ ဝင်လုပ်​ပေး​ချင်တယ်။
လူငယ်​တွေကို အဓိက ပြုစုပျိုး​ထောင်​ပေး​ချင်တယ်။ ဒါပါပဲ။”

ကိုဇာဂနာက​နေ မြစ်ဆုံ​ရေကာတာ စီမံကိန်း​နဲ့ ပတ်သက်လို့ ဘယ်လိုအမြင် ရှိပါသလဲ။

“အခုလည်း​ ပြီး​သွား​ပြီပဲ။ အခုချိန်မှာ​တော့​ မ​ဝေဖန်ချင်​တော့​ဘူး​။
လုပ်သင့်​ လုပ်ထိုက်တဲ့​လူ​တွေလည်း​ လုပ်ပြီး​ပြီ။ ကျ​နော်တို့လည်း​ နား
လည် မတတ်ကျွမ်း​ပါဘူး​။ သို့သော် ဆန္ဒ​လေး​တခုအ​နေနဲ့ပဲ လုပ်​ပေး​ခဲ့​တာ။
အဲ​တော့​ လုပ်ကြတဲ့​သူ​တွေအတွက်လည်း​ ဝမ်း

သာပါတယ်။”

ကိုဇာဂနာ​ရေ အခု ဒီသမ္မတကြီး​ရဲ့ ကမ်း​လှမ်း​ချက်အရဆိုရင် ကိုဇာဂနာရဲ့
တပည့်​တွေကိုလည်း​ ပြောလို့ရပါတယ်။ သီး​လေး​သီး​ သီး​ညီ​နောင်​တွေက
တချို့က ဗမာပြည်ကို ပြန်သွား​တယ်။ တချို့က​တော့​ ကျန်​နေခဲ့တယ်။ အဲ​တော့
ဘယ်လိုမျိုး​ တပည့်​လက်သား​တွေအ

ပေါ်မှာ ဇာတ်နဲ့ပတ်သက်လို့ ဘယ်လိုများ​ ဆက်လက်​ဆောင်ရွက်ပါမလဲ။

“အသီး​နှစ်သီး​ရော ဂေါ်ပြား​ရော ရှိတယ်။ ၂ သီး​လုံး​က ပုပ်​နေ​တော့
ဂေါ်ပြား​ကော်တာ​ပေါ့​။ ဒီသ​ဘောပါပဲ။ ကျနော် သူတို့နဲ့လည်း​ မ​ဆွေး​နွေး​ရ
သေး​ဘူး​။ တခြား​လူ​တွေနဲ့သာ စကား​ပြော​နေရတာ။ သူတို့ကိုလည်း​ ပွင့်
ပွင့်​လင်း​လင်း​ မေး​စရာရှိတာ မေး​ရဦး​မယ်။ ကျ​နော်

မကြိုက်ဆုံး​စကား​က သူတို့ရဲ့ အင်တာဗျူးထဲမှာ ပါတဲ့​ ပြည်ပမှာရှိတဲ့
နိုင်ငံ​ရေး​သမား​တွေနဲ့ ပတ်သက်ပြီး​တော့​ သူတို့ပြောတဲ့​ စကား​ကို ကျ
နော် မကြိုက်ဆုံး​ပဲ။ အဲဒါနဲ့ပတ်သက်ပြီး​တော့​ သူတို့ကို ပွင့်​ပွင့်
လင်း​လင်း​ မေး​ရမယ်။ ကျ​နော့်​စိတ်ထဲမှာ မ​ကျေနပ်ရင်လည်း

သူတို့ကို အ​မွေဖြတ်ဖို့ ဝန်မ​လေး​ပါဘူး​။”


ဇာဂနာပြောသော လွှတ်တော်အမတ်ရဲ့ အိုင်ကျူ
VOA အသံလွှင့်ဌာန၊ အောက်တိုဘာ ၁၂


ထိန်းသိမ်းခံထားရာကနေ ပြန်လွတ်လာပြီး မကြာခင်မှာပဲ ဗွီအိုအေကို
ဇာဂနာပြောတဲ့ နောက်ဆုံးဟာသ။

“အိုင်စတိုင်းနဲ့ လူလေးယောက်နဲ့ တွေ့တယ်။ အိုင်စတိုင်းနဲ့ လူလေးယောက်နဲ့
တွေ့တဲ့အခါကျတော့ တယောက်က စပြောတယ်။ ဟာ အိုင်စတိုင်းရေ၊ ကျနော်ကတော့၊
ကျနော့်ရဲ့အိုင်ကျူက ၁၈၀ ရှိတယ်ဗျတဲ့။ အဲဒီတော့ အိုင်စတိုင်းက လက်ဆွဲ
နှုတ်ဆက်ပြီး ကောင်းပါပြီ

မိတ်ဆွေ၊ ခင်ဗျားနဲ့ ကျနော်နဲ့တော့ ကွမ်တန် ဖိဆစ် (Quantum Physics)
အကြောင်း ကျနော်တို့ ဆွေးနွေးကြတာပေါ့။

ကျနော်ကတော့ အိုင်ကျူ ၁၅၀ ပဲ ရှိတယ် အိုင်စတိုင်း ဆိုပြီးတော့။ ဟာ
ကောင်းပြီဗျာ တဲ့၊ ခင်ဗျားနဲ့ကျနော်တို့ နောက်ဆုံးပေါ် သင်္ချာသီအိုရီတွေ
ဆွေးနွေးကြတာပေါ့ တဲ့။

နောက်တယောက် ထပ်ပြောတယ်၊ ကျနော်ကတော့ ၁၂၀ ဘဲ ရှိတယ်ဗျ တဲ့။ ဟာ ခင်ဗျားနဲ့
ကျနော်နဲ့ ရုပ်ရှင်အကြောင်း ဆွေးနွေးမယ် တဲ့။

နောက်ဆုံးလူကကျတော့ ထပြောတယ်၊ မျက်နှာလေးက ပျက်လို့။ အိုင်စတိုင်းရေ တဲ့၊
ကျနော်ကတော့ အိုင်ကျူ ၅၀ ပဲ ရှိပါတယ်ဗျား။ ဟား….. ၀မ်းသာသွားတယ်
အိုင်စတိုင်းက။ အဆင်ပြေလိုက်တာဗျာ၊ ခင်ဗျား လွှတ်တော်ထဲမှာ ဘာတွေ
တင်ပြခဲ့သလဲ တဲ့။”

ဒါကတော့ အောက်တိုဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့က မြစ်ကြီးနားထောင်က ပြန်လည်
လွတ်မြောက်လာတဲ့ နိုင်ငံကျော် လူရွှင်တော် ကိုဇာဂနာက ရန်ကုန်မှာရှိတဲ့
သူ့နေအိမ်ကို ပြန်ရောက်ပြီး မကြာခင်မှာဘဲ ဗွီအိုအေ မြန်မာပိုင်းကို
ပြောပြခဲ့တဲ့ နောက်ဆုံး ဟာသ တခုဖြစ်ပါတယ်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */