ရန်ကုန်မြို့မှာ အပူဒဏ်နေ့စဉ်ရက်ဆက် ပြင်းထန်တာကြောင့် အပူဒဏ်က သက်သာရာ ရှာပြီး ခေါင်းကို ရေလောင်းမိသူတွေ၊ အသက်အ ရွယ်ကြီးရင့်သူတွေ ယခုရက်ပိုင်း သေဆုံးကြရတာ နေ့စဉ်နဲ့ အမျှကြားသိနေရပါတယ်။ သင်္ကြန်ပြီးကတည်းက တောက်လျှောက်ပူ လာ လိုက်တာ ၃ပတ်ကျော်လာခဲ့ပြီး မိုးတကြိမ်မှ မရွာသေးတာကြောင့် တနေ့တာကို ကုန်ဆုံးဖို့ရာ အပူဒဏ်ကနေ သက်သာရာရှာရင်း အလုပ် လည်း မပျက်ရအောင် ချိန်ညှိပြီးနေထိုင်နေကြရပါတယ်။
ခါတိုင်း ထီးမဆောင်းတဲ့သူတွေလည်း အခုတော့ ထီးကိုဆောင်ရပါတော့တယ်။ နံနက် ၉နာရီကျော်ရင် နေအ ပူရှိန်ဟာ ထီးမဆောင်းလို့မရလောက်အောင် ဖြစ်နေပါပြီ။ ညနေ ၅နာရီကျော်ထိ ထီးဆောင်ကြရပါတယ်။ ခါတိုင်း ထီးကိုင်လေ့ မရှိတဲ့ အမျိုးသားတွေ၊ လူငယ်တွေတောင် ပြင်းထန်လွန်းတဲ့ နေရောင်နဲ့ အပူဒဏ်ကို မခံနိုင်လို့ထီးကိုယ်စီ ဆောင်နေကြတာတွေ့ရပါတယ်။ တိုက်အရိပ်ကိုလည်း ခိုဖို့မလွယ်တော့။ နေက တောင် နဲ့မြောက်အရပ် ဘယ်ဘက်ကိုမှ မယိမ်းတော့ပဲ အလယ်တည့်တည့် ပူတာကြောင့် ရန်ကုန်မြို့ရဲ့အရှေ့အနောက် တန်းဖောက်ထားတဲ့ လမ်းမကြီးတွေမှာ တိုက်ရိပ် မခိုနိုင်တော့ပါ။
အချို့ကတော့ အနားကျယ်ကျယ် မြက် ဦးထုပ်တွေဆောင်း၊ နေကာမျက်မှန်တပ်၊ ရေသန့်ဗူးကို လက်မှာကိုင်လို့ အပြင်ထွက်ပြီးတော့ နေ့တနေ့ရဲ့ လုပ်စရာကိုင်စရာတွေကို လုပ်ကြရပါတယ်။ ရန်ကုန်မြို့ရဲ့ နေ့လည် မွန်းလွဲပိုင်းတွေမှာ လမ်းတွေပေါ်မှာ အသွားအလာကျဲပြီး ဘတ်စကားတွေပဲ များများစားစား တွေ့ရပါတယ်။ နေ့လည်နေ့ခင်း ဆိုက်ကားနင်းသူတွေခမျာ နေ့တွက်မကိုက်သေးတော့ နားလည်း မနေနိုင်၊ မွန်းလွဲ ၁နာရီ ၂နာရီမှာ ငှားစီးသူလာရင် လိုက်ရတာပါပဲ။ ဒီနေ့ မွန်းလွဲ ၂နာရီကြီးမှာ ဆိုက်ကားငှားတော့ အသက် ၄၀ ကျော်အ ရွယ် ဆိုက်ကားဆရာမှာ လိုက်ရရှာပါတယ်။ နေပူပြင်းတုန်း နားမနေနိုင်ဘူးလားလို့ မေးတော့ ``မနားနိုင်ပါဘူး။ ငှားတဲ့သူလာတုန်း လိုက်ရတာ။ နေ့လည် ၁၂နာရီကတည်းက စောင့်နေတာ အခုမှ တယောက်ရတာ´´လို့ ပြောပါတယ်။
ဒီရက်အတွင်း ကိုရင်ဝတ်ဖို့ နေပူပူထဲ ရှင်လောင်းလှည့်ပြီး ပြန်အလာ ဆံချကာ ရေလောင်းချိုးပြီးနောက် ကိုရင်လောင်း ၉ပါး အသက်ဆုံး ရှုံးသွားရတယ် ဆိုတဲ့ သတင်းတွေ ရန်ကုန်မှာ ပြန့်နှံ့နေပါတယ်။ သင်္ဃန်းကျွန်း မြို့နယ်က ကျောင်းထိုင်ဆရာတော် တပါးကတော့ သူ့အ နေနဲ့ အဲဒီအဖြစ်ကိုလည်း ကြားတယ်။ သူ့ကျောင်းမှာ ကိုရင်ဝတ်၊ ရဟန်းလာဝတ်သူဆို အေးအေးဆေးဆေး ဖြစ်တဲ့ ညနေ ၅နာရီကျော်မှ ဆံချပေးတဲ့အကြောင်း မိန့်တော်မူပါတယ်။
ဒီရက်ပိုင်းအတွင်း သာကေတ ကားမှတ်တိုင်မှာ လူတယောက် လဲကျနေတာကို အခြားခရီးသည်တွေ တွေ့တော့ ရဲစခန်းအကြောင်း ကြားကြပြီး ရဲကလာစစ်ဆေးတော့ အပူရှိန်ဒဏ်ကြောင့် ဦးနှောက် သွေးကြောပြတ်ပြီး လဲကျနေတာလို့ သိရပါတယ်။ အသက်ရွယ် ကြီးရင့်သူတွေလည်း ပူပြင်းတဲ့ဒဏ်ကြောင့် အသက်ဆုံးရှုံး နေကြတာ ကြားသိနေရပါတယ်။ နာရေး ကြော်ငြာကြည့်လိုက်ရင် ၈၀ကျော်မှ ၉၀ ၀န်းကျင်တွေ အတော်များများတွေ့ နေရပါတယ်။
ယခုလို ပြင်းထန်လွန်းပြီး ရက်ဆက်နေတဲ့ အပူရှိန်ဒဏ်ကို ရက်အတန်ကြာ ထပ်မံခံစားကြရဦးမယ့် အခြေအနေရှိပါတယ်။ မိုးလေ၀သ ခန့်မှန်းချက်တွေ အရမြန်မာပြည် အလယ်ပိုင်းကို မေလရဲ့ တတိယ ၁၀ ရက်ပတ်မှာမှ မုတ်သုန်လေ ၀င်ရောက်မယ်လို့ ဆိုထားလို့ပါပဲ။
အပူဒဏ်သက်သက်မဟုတ်ပဲ မိုးနောက်ကျတာကြောင့် ရေတွင်းရေကန်တွေပါ ခန်းခြောက်ကုန်တဲ့ သတင်းတွေ ရန်ကုန်၊ မော်လမြိုင်၊ ပဲခူး စတဲ့အရပ်ဒေသတွေမှာ ထွက်ပေါ်နေပါတယ်။
13th April 2010 - MoeMaKa Daily
Thursday, May 13, 2010
အပူဒဏ်ကြောင့် သေဆုံးမှုများပြား
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment