“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, May 29, 2010

ခွပ်ဒေါင်းအလံ

ဒေါင်းပျိုထိုးဆွပ်
ဘယ်ညာခွပ်၍
လွတ်လပ်ရလေ
တို့တတွေသည်
အိုးဝေ ကျေးဇူးပါတကား- လို့
ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်းတို့ရဲ့ ဆရာလဲဖြစ်၊ ရဲဘော် ရဲဘက်လဲဖြစ်တဲ့ စာဆိုကြီး မင်းသုဝဏ်က ခွပ်ဒေါင်းအလံကို ဂုဏ်ပြုဖွဲ့ဆိုခဲ့ပါတယ်။

ရှေးက မြန်မာနိုင်ငံတော်ရဲ့ အလံဟာ “ကဒေါင်းပုံ” ဖြစ်ပါတယ်။ “ကဒေါင်း”ဆိုတာ အမြီးဖြန့်ကားပြီး ကနေတဲ့ဒေါင်းပေါ့။ ကဒေါင်းကို “နေ” ကယူပါတယ်။ “နေ”ထဲမှာ ဒေါင်းပုံ ပါရှိပြီး “လ” ထဲမှာ “ယုန်” ပုံ ပါရှိတယ်လို့ ဗမာ့ရိုးရာ အယူအဆ ရှိပါတယ်။ ၀ံသာနုခေတ်မှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက “ဒေါင်းဋီကာ” “ဒေါင်ဂဏ္ဌိ” စတဲ့ “ဒေါင်း” အဖွင့် စာပေတွေ ပြုစုလို့ အမျိုးသားကျောင်းတွေမှာ ပြဋ္ဌာန်းခဲ့ဖူးပါတယ်။ ၀ံသာနုခေတ်လို့ ခြုံငုံပြီးခေါ်တဲ့ခေတ်မှာ အရေးပါတဲ့ အဖွဲ့အစည်းက ဗမာပြည်တ၀န်းရှိ ၀ံသာနု ၀ိုင်အမ်မ်ဘီအေ အသင်းတွေကို စုစည်းထားတဲ့ ဂျီစီဘီအေ အသင်းချုပ်ကြီးပါ။

ဗုဒ္ဒဘာသာကလျာဏယုဝအသင်း ပေါ်ပေါက်လွှမ်းမိုးတဲ့ခေတ်ကို ၀ံသာနုနိုင်ငံရေးခေတ်လို့ ခေါ်လေ့ရှိပြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်း နာယကအဖြစ်နဲ့ ဦးဆောင်တဲ့ သခင်အောင်ဆန်း၊ သခင်လှဖေ (ဗိုလ်လက်ျာ)၊ သခင်သိန်းဖေ၊ သခင်ဗဟိန်းစတဲ့ သခင်လူငယ်တွေ လွှမ်းမိုးတဲ့ နိုင်ငံရေးခေတ်ကိုတော့ သခင်နိုင်ငံရေးခေတ်လို့ ခေါ်ခဲ့ကြပါတယ်။

သခင်ခေတ်မှာ လွတ်လပ်ရေးကို လက်ဖြန့်တောင်းလို့ မရတော့ဘူး၊ တိုက်ယူမှ ရတော့မယ်ဆိုပြီး ဆရာကြီးမှိုင်းကစ လူသိရှင်ကြားပြောဟောခဲ့ပါတယ်။ ခေတ်သစ်လူငယ်လေးတွေ ဆိုတာ ၁၉၃၆ ခုနှစ် ဒုတိယကျောင်းသားသပိတ်က မွေးထုတ်လိုက်တဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂ ကျောင်းသားတွေက ဖြစ်လာခဲ့တာပါပဲ။ ၀ံသာနုခေတ်လို့ အမျိုးသားရေး အလွမ်းသည်တဲ့ ခေတ်မဟုတ်တော့ဘဲ လက်သီးလက်မောင်းတန်းတဲ့ ခေတ်ဖြစ်လာပါပြီ။ တက္ကသိုလ် သမဂ္ဂမှာလဲ “အိုးဝေ” ဆိုတဲ့ ဒေါင်းသံ ရင့်ကျူးလာခဲ့ပါပြီ။ ကိုအောင်ဆန်းနဲ့ ကိုညိုမြတို့ တီထွင်ခဲ့တဲ ကျောင်းသားအသံ မဂ္ဂဇင်းပါ။ သူတို့တတွေဟာ တက္ကသိုလ်သမဂ္ဂတို့သာမက၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂကိုပါ တည်ထောင်ဖွဲ့စည်းပြီး ကျယ်ကျယ်ပြန့်ပြန့် တိုက်ပွဲဝင်ခဲ့ကြပါပြီ။ ခွပ်ဒေါင်းအလံကို စွဲကိုင်ခဲ့ကြပါပြီ။

ရန်ကုန်တက္ကသိုလ်မှာ ကိုဗဆွေလေး၊ မန္တလေးတက္ကသိုလ်မှာ မောင်သာနိုးတို့ဟာ ခွပ်ဒေါင်းပုံကို စုတ်နဲ့ တကြောင်းဆွဲ ရေးဆွဲလေ့ ရှိခဲ့ကြပါတယ်။ အဲဒီခေတ် (၁၉၆၀) ၀န်းကျင်မှာ ကျနော် တကသ အမှုဆောင်အဖြစ် ကိုသာနိုးတို့နဲ့အတူ ပါဝင်လုပ်ဆောင်တဲ့အခါ ကျနော်လဲ ခွပ်ဒေါင်းပုံအဆွဲ လေ့ကျင့်ခဲ့ပါတယ်။ (ကိုစိန်မြင့် (ခုမောင်မိုးသူ) နဲ့ ကိုစိန်မောင် (ပန်းချီ) တို့ဟာ ခွပ်ဒေါင်းပိုစတာဆွဲရာမှာ ထူးချွန်သူတွေအဖြစ် အခွင့်သာတုန်းမှာ မှတ်တမ်းတင်ပါရစေ။) ဒီလိုခွပ်ဒေါင်းပုံတွေရေးဆွဲခဲ့ပေမဲ့ ကျနော်တို့တတွေဟာ မူလ ခွပ်ဒေါင်းအကြောင်းကို မစပ်စုမိခဲ့ပါဘူး။ အောင်ဆန်းခေတ်မှာပေါ်ခဲ့တဲ့ လွတ်လပ်ရေးတိုက်ပွဲဝင် အမှတ်တံဆိပ်လို့သာ ယေဘုယျ နားလည်ခဲ့ရပါတယ်။

အမေရိကားရောက်တော့မှ ဆရာဒဂုန်တာရာတို့ ဖုန်းနဲ့လှမ်းမေးခဲ့တော့ သူတို့ခေတ်မှာ (အောင်ဆန်းခေတ်မှာ) ကာတွန်းကိုဘဂျမ်း ရေးဆွဲပေးခဲ့တာကိုပဲ ရေးရေးသတိရတော့တယ်လို့ ဖြေပါတယ်။ ခုအခါ ဆရာတာရာနဲ့ သခင်အုန်းမြင့်စတဲ့ အောင်ဆန်းခေတ်ပြိုင်ပုဂ္ဂိုလ်တွေနဲ့ ရှေးမီနောက်မီ ပုဂ္ဂိုလ်တွေကို အသေးစိတ် ဆက်လက်မေးမြန်း ထားသင့်ကြပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံကြီးဟာ ရှင်လူရဟန်းတွေ အများကြီး ပါဝင်လာခဲ့ပေမဲ့ တကယ်ရှေ့ဆောင် လှုပ်ရှားခဲ့တာကတော့ ခွပ်ဒေါင်းအလံကိုင် ကျောင်းသားတွေပဲ ဖြစ်ပါတယ်။ ဗကသဆိုတာကို ခေတ်အဆက်ဆက် အစိုးရတွေ ဖိနှိပ်ဖြိုဖျက်လာခဲ့ပေမဲ့ ခေတ်အဆက်ဆက်ကျောင်းသားတွေက ပြန်လည်ဖွဲ့စည်းပြီး ခွပ်ဒေါင်းအလံကို တိုက်ပွဲဝင်အလံအဖြစ် သွေး၊ ချွေး၊ မျက်ရည်တွေ ရင်းနှီးပြီး ဆက်လက် လွှင့်ထူခဲ့ကြပါတယ်။

ဒါကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အသိအမှတ်ပြုပြီး တော်လှန်ရေးကြယ်ဖြူနဲ့ ခွပ်ဒေါင်းတို့ ပေါင်းစပ်လိုက်ပါတယ်။ တိုက်ပွဲသမိုင်းကြီး တခုလုံးကို ထင်ဟပ် လေးနက်စေခဲ့ပါတယ်။
ခုခေတ်ဟာ ဒီမိုကရေစီရေး တိုက်ပွဲဝင်တဲ့ ခေတ်ပါ။ ဒုတိယ လွတ်လပ်ရေး တိုက်ပွဲခေတ်ပါ။ တိုက်ပွဲဝင်ဆဲကာလ ဖြစ်လို့ တိုက်ပွဲ အထိမ်းအမှတ် ခွပ်ဒေါင်းဟာ အလွန့်အလွန် အဓိပ္ပါယ်ရှိပြီး အလေးအနက် ထားရပါလိမ့်မယ်။

တိုက်ပွဲမ၀င်ရဲသူ၊ သစ္စာဖောက်သူ၊ သွေဖယ်ဖောက်ပြန်သူတွေဟာ ခွပ်ဒေါင်းအလံကို ကိုင်ဆောင်ဖို့ဝေးစွ အရိပ်တောင် မနင်းရပါဘူး။ တိုက်ရဲသူတို့အလံကို ချောင်ကြိုချောင်ကြားက အမြီးကုပ် ထွက်လာသူမျိုးက မတန်မရာကိုင်ရင် မိုးကြိုးပစ်ပါစေ။ မစိုးရိမ်ဆရာတော်ကြီး အမိန့်ရှိဖူးသလို ကံကြီးထိုက်တတ်ပါတယ်။ ခေတ်အဆက်ဆက် သွေးမြေကျခဲ့ကြရတဲ့ ကျောင်းသားတွေရဲ့ ၀ိဉာဉ်ကလဲ အလံကို စောင့်ရှောက်ပါစေ။ လက်ရှိတိုက်ပွဲဝင် ကျောင်းသားတွေက ကာကွယ်နိုင်ပါစေသတည်း။
http://www.mgpala.com/2010/05/blog-post_29.html
ခွပ်ဒေါင်းအလံကို အလေးပြုနီလျက် …

မောင်စွမ်းရည်
မေ ၂၆၊ ၂၀၁၀Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */