“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, May 14, 2010

လူမှုရေး အသင်းအဖွဲ့များက ရေအခက်အခဲကို ဖြေရှင်းပြီးမှ နအဖအစိုးရ နောက်ကလိုက်လာ


မိုးမခ အထောက်တော် | သီတင်းပတ် ၆ပတ်ကျော် ဆက်တိုက် အပူရှိန် ပြင်းထန်ခြင်းနှင့် မိုးခေါင်ခြင်းကြောင့် မြန်မာပြည် အလယ်ပိုင်းနှင့် အောက်ပိုင်း ဒေသများတွင် သောက်သုံးရေ ပြတ်လတ်ခြင်း ပြဿနာကို လူမှုရေး အသင်းအဖွဲ့များ ၊ စေတနာရှင်များက ၀ိုင်းဝန်းကူညီ ပြီးနောက် ရက်ပိုင်းအကြာတွင်မှ နအဖ အစိုးရအနေဖြင့် အကူအညီပေးသည့် လုပ်ဆောင်မှုများ ထွက်ပေါ်လာသည်ဟု ရန်ကုန်မြို့တချို့က ဝေဘန်ပြောဆိုကြသည်။
ရန်ကုန်မြို့နှင့် အနီးဆုံး ဒလမြို့နယ်တွင် ရေပြတ်လတ်ခြင်း၊ ဆင်ခြေဖုံး ဒဂုံမြို့သစ်တောင်ပိုင်း ရပ်ကွက်အချို့ရေပြတ်လတ်ခြင်း၊ ပဲခူးတိုင်း ပဲခူးမြို့အနီးအနားနှင့် ဝေါမြို့နယ်များတွင် သောက်သုံးရေ ပြတ်လတ်မှု ရင်ဆိုင်နေရသည့် သတင်းများကို နအဖ အစိုးရက ဖုံးကွယ်ထားခဲ့ပြီး စေတနာရှင်များနှင့် လူမှုရေး အသင်းအဖွဲ့များက မိမိတို့ အစီအစဉ်ဖြင့် သွားရောက်ကူညီမှုများ ပြုလုပ်ပြီးနောက်တွင်မှ အစိုးရ၏ ကူညီပေးရေး လုပ်ဆောင်ချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။
ယနေ့ထုတ် သတင်းစာတွင် ``ရန်ကုန်တိုင်း၊ မွန်ပြည်နယ်နှင့် ဧရာဝတီတိုင်းတို့တွင် သောက်သုံးရေရှားပါးမှု နှင့် ရင်ဆိုင်နေရသည့် အတွက် ဒေသအာဏာပိုင်များ၊ ဌါနဆိုင်ရာများနှင့် စေတနာရှင် ပြည်သူများ ပူးပေါင်း၍ လှူဒါန်း´´အစရှိသည့် သတင်း ပထမဆုံး အနေဖြင့် ဖေါ်ပြသည်ကို တွေ့ရပြီး ပဲခူးတိုင်းတွင် အန်အယ်လဒီ အဖွဲ့ဝင်များက ရေလှူဒါန်းသည့် ကိစ္စတွင် ပါဝင်ဆောင်ရွက်နေသည့် သတင်းများထွက်ပေါ်လာပြီးနောက် ယခုကဲ့သို့ အစိုးရ၏ လုပ်ဆောင်မှုများ စတင်ပေါ်ထွက်လာခြင်း ဖြစ်သည်။
ရန်ကုန် အခြေစိုက် အယ်ဒီတာတစ်ဦးက
“တိုင်းပြည်အာဏာ ရယူထားတဲ့ နအဖ အစိုးရ အနေနဲ့ လူထုရဲ့ စားဝတ်နေရေး ပြဿနာကို ဖြေရှင်းပေးဖို့တာဝန်ရှိပြီး ချက်ခြင်းတုံ့ပြန်မဆောင်ရွက်တာဟာ လူထုကို ဂရုမထားတာ ပေါ်လွင်နေပါတယ်။ အောက်ခြေမှာ ဖြစ်ပျက်နေတဲ့ သတင်းတွေကို သူတို့ မသိဘူးဆိုတာ မဖြစ်နိုင်ပါဘူး။ နေ့စဉ် ရဲ၊ စရဖ၊ စသုံးလုံး အသီးသီးအောက်ခြေက အဖြစ်အပျက်တွေကို သတင်းပို့နေတာ မဟုတ်လား၊ နိုင်ငံရေး အတိုက်အခံနဲ့ ပတ်သက်ရင် ဒီနေ့ဘာဖြစ်လဲ ဆိုတာစောင့်ကြည့်နေပြီး ချက်ခြင်း လုပ်စရာတွေကို လုပ်တယ်။ အခုလို လူထုကိစ္စကျတော့ အထက်က အမိန့်မလာသေးလို့ မလုပ်သေးတာပါ ဆိုတာမျိုး ဆင်ခြေပေးကြတယ်။ တကယ်ဆို ကြံ့ဖွံ့အဖွဲ့ဟာ လူထုကို စေတနာရှိတယ်ဆိုရင် ဒီကိစ္စတွေမှာ ကူညီ ရမှာပေါ့။”
ဟု ပြောသည်။
ရန်ကုန်မြို့ အပါအ၀င် နယ်မြို့များ၊ ဧရာဝတီတိုင်း ကျေးရွာများတွင် သောက်သုံးရေ အရေးတကြီး လိုအပ်လျက်ရှိပြီး သန့်ရှင်းသည့် သောက်သုံးရေ မရရှိလျင် နေ့စဉ် အသက်ရှင်နေထိုင်မှုနှင့် ကျန်းမာရေး တို့ကို ထိခိုက်လာမည့် အန္တရာယ်လည်းရှိနေသည်။
ယခုလက်ရှိ အခြေအနေတွင် သောက်သုံးရေ ပြတ်လတ်မှု ဆိုးရွားစွာ ခံစားနေရသည့်
ဒေသများ စာရင်းတွင် ပဲခူးတိုင်း သနပ်ပင်မြို့နယ်၊ ဝေါမြို့နယ်၊ သဲကုန်းမြို့နယ်၊ ပဲခူးမြို့နယ်နှင့် မွန်ပြည်နယ်တွင် ပေါင်မြို့နယ်၊ ချောင်းဆုံမြို့နယ်၊ ကျိုက်မရောမြို့နယ်၊ ရန်ကုန်တိုင်းတွင် ကျောက်တန်းမြို့နယ်၊ ဒလမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်၊ ဧရာဝတီတိုင်းတွင် ဟိုင်းကြီးကျွန်းမြို့နယ်တို့ ဖြစ်သည်ဟု ယနေ့ထုတ် နအဖ သတင်းစာများ၏ ဖေါ်ပြချက်အရ သိရှိရသည်။
ယခုနှစ်နွေရာသီတွင် ဖြစ်ပေါ်လျက်ရှိသည့် အပူရှိန်ဒဏ်နှင့် မိုးခေါင်သည့် ဒဏ်ကြောင့် ရေရှားပါးမှု ၀မ်းနှင့် ပတ်သက်သည့် ရောဂါများအပြင် အပူရှပ်ပြီး ဦးနှောက်သွေးကြောပြတ်ခြင်း၊ အသက်အရွယ်ကြီး ရင့်သူများ သေဆုံးခြင်း စသည့် အကျိုးဆက်များ ကျယ်ပြန့်စွာ ဖြစ်ပေါ်လျက်ရှိသည်ကို ဆေးရုံဆေးခန်းများမှ ပြောဆိုချက် အရသိရှိရသည်။
(ဧပြီ ၂၅၊ ၂၀၁၀ - ဒေးဒရဲမြို့နယ်က မြင်ကွင်းတခု - ဓာတ်ပုံ အင်တာနက်)


source by :မိုးမခ

2 comments:

Unknown said...

စေတနာမှန်ဖို့ လိုပါသည်

နိုင်ငံရေးပါတီ တစ်ခု မဟုတ်တော့သော NLD သည် လူမှုရေး လုပ်ငန်း ဆောင်ရွက်ရန် ဟူသော အကြောင်းပြချက်ဖြင့် နိုင်ငံတော် အစိုးရအပေါ် ပြည်သူတို့ အထင်အမြင် လွဲမှားအောင်၊ ဖြစ်နိုင်လျှင် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကြီး ပျက်ပြားအောင် စည်းရုံး လှုံ့ဆော်လျက် ရှိနေသည်ကို တွေ့ရပါသည်။ ရာသီဥတု အခြေအနေကြောင့် ယခုတလော ဒေသအချို့၌ သောက်သုံးရေ ရှားပါးမှုများ ကြုံတွေ့ နေရသည်ကို အကြောင်းပြု၍ နိုင်ငံတော် အပေါ် ထိုးနှက်မှုများ ပြုလုပ်လာပါသည်။ စေတနာမှန်၊ စေတနာကောင်း ယောင်ဆောင်၍ ဧရာဝတီတိုင်း မြို့နယ်တစ်ခုတွင် သောက်သုံးရေ အတွက် သိန်း(၄၀)တန် အလှူ တစ်ခုကို ပြုလုပ်ခဲ့ပါသည်။ ရေတွင်း၊ ရေကန် သောက်သုံးရေ လှူဒါန်းခြင်းသည် အလွန် မွန်မြတ်ပါသည်။ ရေအသက် တစ်မနက် ဟုဆိုထားခြင်းမှာ ရေတန်ဖိုးကို ဖော်ပြခြင်းဖြစ်သည်။ ရေအကျိုးဆယ်ပါး မတောင်းပဲ ရသည်ဟု ဆိုကြပါသည်။ ရေလှူဒါန်းခြင်းဖြင့် ကုသိုလ်ထူးကို ရရှိနိုင်ကြောင်း ပုံဖော်လိုခြင်း ဖြစ်ပေသည်။ အလွန် မွန်မြတ်ပါသည်။ ကောင်းပါသည်။ သို့သော်လည်း မွန်မြတ် ကောင်းမွန်သော အလှူတစ်ခုကို အကြောင်းပြု၍ နိုင်ငံတော်နှင့် စေတနာရှင် ပြည်သူများ အပေါ် ထိုးနှက်ခြင်းမှာ စေတနာမှန်ဖြင့် လှူဒါန်းခြင်း မဟုတ်ကြောင်း ထင်ရှားနေပါသည်။ ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ ဆိုသည့် အလှူမျိုး ဖြစ်ပါသည်။ ဧရာဝတီတိုင်းသည် မြစ်ချောင်း အင်းအိုင် ပေါများသော ဒေသများ ဖြစ်သည်။ ယနေ့ သောက်သုံးရေ ရှားပါးနေသော ဒေသများမှာ ပဲခူးတိုင်း၊ မွန်ပြည်နယ် တို့ဖြစ်ပါတယ်။ တကယ့် စေတနာမှန်ပါက အဆိုပါဒေသများ၌ ဆောင်ရွက် ရမည်သာ ဖြစ်ပါသည်။ မိမိတို့အလှူသည် နိုင်ငံတော်နှင့် စေတနာရှင် ပြည်သူတို့၏ အလှူနှင့် စာလျှင်နှိုင်းယှဉ် မရအောင် ကွာခြားလှသည်။ သိန်း ၄၀ ဟူသည် ဆင်ပါးစပ် နှမ်းပက်သကဲ့သို့ သာဖြစ်သည်။ သို့သော် ဤအလှူကိုပင် ရေးကြီးခွင်ကျယ် လုပ်ကာ နိုင်ငံတော် အပေါ် ထိုးနှက် နေခြင်းမှာ စေတနာ မှန်သော အလှူ မဟုတ်ကြောင်း ထင်ရှား နေပါသည်။

မြန်မာနိုင်ငံဒေသ အချို့တွင် ယခု နွေနှောင်းပိုင်း ကာလအတွင်း သောက်သုံးရေ ရှားပါးမှုနှင့် ရင်ဆိုင်နေရပြီး အဆိုပါ သောက်သုံးရေ ရှားပါးမှုနှင့် ရင်ဆိုင် နေရသည့် ဒေသများ၌ နိုင်ငံတော် အစိုးရ၏ စီမံ ညွှန်ကြားမှုဖြင့် ဒေသ အာဏာပိုင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရမဟုတ်သော လူမှုရေး အဖွဲ့အစည်းများနှင့် ပြည်သူများ ပူးပေါင်း၍ သောက်သုံးရေ လုံလောက်စွာ ရရှိစေရန် စီစဉ်ဆောင်ရွက် ပေးလျက် ရှိပါသည်။

မေလ(၁၀)ရက်နှင့် (၁၁)ရက် မှစ၍ ပဲခူးတိုင်း သနပ်ပင်မြို့နယ်၊ ပဲခူးမြို့နယ်၊ ဝေါမြို့နယ်၊ ဒိုက်ဦးမြို့နယ်နှင့် သဲကုန်းမြို့နယ် အတွင်းရှိ ကျေးရွာများသို့ ရေသယ်ယာဉ်များနှင့် သယ်ယူ၍ သောက်သုံးရေများကို နေ့စဉ် ပို့ဆောင်လှူဒါန်း ဖြန့်ဝေ ပေးလျက် ရှိပါသည်။

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကျုံစိန်ကျေးရွာတွင် သောက်သုံးရေ အခက်အခဲ ဖြစ်ပေါ် နေသဖြင့် မေ ၁၀ ရက်မှ စ၍ မြို့နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ၏ အစီအစဉ်ဖြင့် မီးသတ်ယာဉ်များနှင့် ရေသယ်ယူကာ ဖြန့်ဝေပေးလျက် ရှိပါသည်။ ပေါင်မြို့နယ် အတွင်းရှိ အလှပ်ကျေးရွာ အုပ်စု၊ ဝဲပတန်ကျေးရွာ၊ အကောက် ကျေးရွာ၊ ကျားဘိုကျေးရွာ၊ ကော့ကရင် ကျေးရွာ၊ ကဒိုင်ကျေးရွာ၊ ထန်းပင်ချောင် ကျေးရွာနှင့် သပြေကုန်း ကျေးရွာ အုပ်စု၊ ဘောင်ကုန်း ကျေးရွာများ သို့လည်း မေ ၁၁ ရက်နေ့က ပေါင်မြို့ပေါ် လေးရပ်ကွက်၊ ကျွဲခြံကျေးရွာ၊ ဥက္ကံတံတား ကျေးရွာနှင့် ဇင်းကျိုက် ကျေးရွာတို့မှ စေတနာရှင် ပြည်သူများက မော်တော်ယာဉ် မျိုးစုံ အစီး ၄၀ ခန့် အသုံးပြု၍ သောက်သုံးရေဂါလန် ၃၅၀၀၀ ခန့်ကိုသွား ရောက် ဝေငှ လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

Unknown said...

အလားတူ ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်း မြို့နယ် အုတ်တွင်း ကျေးရွာ၊ ကုန်းသာယာ ကျေးရွာနှင့် သဲချောင်း ကျေးရွာ ပြည်သူ များ သောက်သုံးရေ အဆင်ပြေစေရေး အတွက် ပြင်ခရိုင် ကျေးရွာ ခြောက်ကျောင်း ဆရာတော် ဦးဆောင်သော အဖွဲ့က ဧပြီ ၂၉ ရက်မှစ၍ တစ်နေ့လျှင် ရေဂါလန် (၇၅၀၀)ကို နေ့စဉ် ပို့ဆောင်ဝေငှ ပေးလျှက်ရှိသည်။ ပုသိမ်မြို့ ယုဇန အအေးခန်းမှ အထွေထွေ မန်နေဂျာ ဦးဆောင်သော အဖွဲ့သည် မေ ၁၀ ရက်တွင် ကုန်းသာယာ ကျေးရွာ သောက်သုံးရေ ရရှိရေး အတွက် ရေကား(၂၅)စီးစာ စုစုပေါင်း ငွေကျပ် ငါးသိန်းကို သက်ဆိုင်ရာ ကျေးရွာ အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီသို့ လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

ထို့အတူ ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ် မြို့ပေါ်ရပ်ကွက် (၆)ရပ်ကွက်ရှိ ပြည်သူများ သောက်သုံးရေ အဆင်ပြေစေရေး အတွက် မေ ၁၁ ရက်က မြို့နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ အစီအစဉ်ဖြင့် မြိုင်သာယာ ရပ်ကွက်ရှိ ဘန့်ဘွေးကုန်း ရေလှောင်တမံမှ ရေများကို ဂါလန်(၁၀၀၀)ဆန့် ရေသယ်ယာဉ်ခြောက်စီးဖြင့် သယ်ယူကာ ရပ်ကွက်များသို့ ပေးဝေဖြန့်ဖြူး ပေးလျက်ရှိကြောင်း မြို့ပေါ် ရပ်ကွက်များအား ရေပေးဝေသည့် ဆင်ကန်ကိုလည်း မြို့နယ်စည်ပင် သာယာရေး ဦးစီးဌာနက ကြီးကြပ်၍ မြေတူးယာဉ် နှစ်စီးဖြင့် အနက် ရှစ်ပေခန့် ရရှိအောင် တူးဖော်လျက် ရှိကြောင်း သိရှိရပါသည်။

ရာသီဥတု အခြေအနေကြောင့် အရေးပေါ် သောက်သုံးရေ ပြတ်လပ်မှုများ အတွက်လည်း ယခုကဲ့သို့ အရေးပေါ် ဆောင်ရွက်ပေး ခဲ့သလို မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း စသည့် ရေရှားပါးသည့် အညာဒေသများ သန့်ရှင်းသော သောက်သုံးရေ ရရှိရေး အတွက် နိုင်ငံတော် အစိုးရနှင့် အလှူရှင်၊ စေတနာရှင်များက စက်ရေတွင်းများ တူးဖော်ပေးခဲ့သည် မှာလည်း အားလုံး အသိပင် ဖြစ်ပါသည်။ တစ်ချိန်က အညာဒေသ မိုးနည်းရပ်ဝန်းတွင် ရေ၏တန်ဖိုးကို ဤသို့ပုံဖော် ခဲ့ကြသည်။ ၎င်းသည်ကား “ ရွှေကိုမလို ရေကိုသာလိုသည်” ဟုပြောခဲ့ ကြသည်။ ယနေ့ ဤဒေသ တို့တွင် သောက်သုံး ရေများ အလျှံပယ် ရနေကြပြီ ဖြစ်ပါသည်။ ဤ မွန်မြတ်သော စေတနာရုပ်လုံးကို ဖော်နိုင်ခဲ့သည်။ မည်သည့် အဖွဲ့အစည်း၊ ပုဂ္ဂိုလ်အပေါ် ထိုးနှက်မှု မပြုခဲ့ပါ။ ဒေသခံ ပြည်သူတို့ သောက်သုံးရေ ဖူလှုံရေးသည်သာ အဓိကထားခဲ့ပါသည်။

သို့သော် နိုင်ငံရေးပါတီ မဟုတ်တော့သော NLD အမည်ခံများသည် သိန်း၄၀ တန် အလှူတစ်ခု အကြောင်းပြု၍ နိုင်ငံတော် အပေါ်ထိုးနှက် နေခြင်းမှာ စေတနာမှန်ဖြင့် လှူဒါန်းသော အလှူ မဟုတ်ကြောင်း ထင်ရှားနေပါသည်။

မျိုးချစ်မောင်

ကျေးစေတမန်ဘလော့မှကူးယူဖေါ်ပြသည်။

 
----------------------------------------- */ /* EOT ----------------------------------------- */