အန္တရာယ်ရှိ အဆောက်အအုံအတွင်း နေထိုင်သူများ အမြန်ဆုံး ပြောင်းရွှေ့ရမည်
အောင်ထက်/ ၁၉ မတ် ၂ဝ၁ဝ
အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ထားရှိသော အဆောက်အအုံများတွင် နေထိုင်သူများအား (၃) ရက်အတွင်း အမြန်ဆုံး ပြောင်းရွှေ့ဖယ်ရှားရန် ညွှန်ကြားချက်တရပ် အရေးပေါ်စီမံချက်အဖြစ် ထုတ်ပြန်လိုက်သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော် မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ သိရသည်။
စာအမှတ် ၅၉၂ / ပြင်ပ / စည်ပင် - ယာ / အုံ (စီမံချက်) ဖြစ်ပြီး မတ် (၁၆) ရက်နေ့စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
“မတ် (၁၆) ရက်နေ့ ညနေမှာ ညွှန်ကြားချက် ရောက်လာတယ်။ (၃) ရက်အတွင်းဆိုတော့ မတ် (၁၉) ရက် ဒီနေ့ညနေမှာ သတ်မှတ် ချိန်ပြည့်မယ်။ ဒါပေမယ့် ကျနော်တို့က နေစရာ မရှာရသေးတော့ မြို့တော်စည်ပင်ကို အသနားခံစာတင်ဖို့ ကြိုးစားနေတယ်” ဟု အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ခြင်းခံရသည့် ကျောက်တံတားမြို့နယ်မှ အိမ်ခန်းပိုင်ရှင် တဦးက ပြောသည်။
ရန်ကုန်မြို့တော်စည်ပင် အင်ဂျင်နီယာဌာန (အဆောက်အအုံ) တာဝန်ရှိသူတဦးကလည်း “အရင်ကဆို အန္တရာယ်ရှိ အဆောက်အအုံအ ဖြစ် သတ်မှတ်ပြီး တလပြည့်မှ ပြောင်းရွှေ့ဖယ်ရှားဖို့ Notice ပို့ပါတယ်။ ခု စီမံချက်က (၃) ရက်ပဲ အချိန်ပေးတယ်” ဟု ဆိုသည်။
ပြီးခဲ့သည့် မတ်လ ပထမပတ်က အန္တရာယ်ရှိ အဆောက်အအုံအဖြစ် ကြော်ငြာကပ်ထားခဲ့သော ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်းနှင့် လမ်း (၃၀) ထောင့်ရှိ သုံးထပ်တိုက်မှာ (သတ်မှတ်ပြီး တပတ်အကြာ) မတ် (၁၄) ရက် ညနေတွင် ပြိုကျသွားခဲ့သည်။
ယင်းအဆောက်အအုံ ဒုတိယထပ်တွင် နေထိုင်သော မိသားစု (၅) ဦးအနက် (၁၅) နှစ်အရွယ် ကျောင်းသူတဦး သေဆုံးခဲ့မှု ဖြစ်စဉ်၏ နောက်ဆက်တွဲအဖြစ် “(၃) ရက်အတွင်း အမြန်ဆုံးဖယ်ရှားရန်ကိစ္စ” ရည်ညွှန်းစာ (စီမံချက်) ယခုကဲ့သို့ ထုတ်ပြန်ခြင်း ဖြစ်နိုင်ကြောင်း စည်ပင်သာယာဝန်ထမ်းတို့က ပြောကြသည်။
အဆိုပါရည်ညွှန်းစာ အပိုဒ်ခွဲ (၂) တွင် “ယခု အကြောင်းကြားစာရရှိသည့်နေ့မှစ၍ (၃) ရက်အတွင်း ပြောင်းရွှေ့ဖယ်ရှားရန်နှင့် လိုက်နာ ခြင်းမရှိပါက အင်အားသုံး ဖယ်ရှားမည့်အပြင် မူလနေထိုင်သူစာရင်းမှ ပယ်ဖျက်ပြီး အဆောက်အအုံသစ်တွင် ပြန်လည်နေရာချထားပေး တော့မည်မဟုတ်ကြောင်း သတိပေးညွှန်ကြားလိုက်သည်” ဟု ဖော်ပြပါရှိသည်။
အင်ဂျင်နီယာဌာန (အဆောက်အအုံ) အင်ဂျင်နီယာတဦးကမူ “အန္တရာယ်ရှိ အဆောက်အအုံအတွင်း နေထိုင်သူတွေ ဘေးအန္တရာယ် ကင်းရှင်း ရေးအတွက် ထုတ်ပြန်တဲ့ စီမံချက်ဖြစ်ပါတယ်။ အရေးကြီး စာရွက်စာတမ်းတွေ၊ အဖိုးတန် ပစ္စည်းတွေကို လူနှင့်အတူ တပါတည်း ယူဆောင်သွားကြပါ။ ပြောင်းရွှေ့ရ ခက်ခဲကြန့်ကြာမယ့် ပစ္စည်းတွေကို စာရင်းဇယားနဲ့ အပ်နှံပြီး အဆောက်အအုံအတွင်း ထားရှိနိုင်ပါတယ်။ တခြားမှာ အိမ်ခန်း ငှား/၀ယ်ပြီးမှ လာရောက်သယ်ယူဖို့ ခွင့်ပြုထားပါတယ်” ဟု ဆိုသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း အဆိုပါအန္တရာယ်ရှိ အဆောက်အအုံအရေအတွက် မည်မျှရှိနေသည်ကိုမူ ၎င်းက ပြောကြားရန် ငြင်းဆိုခဲ့သည်။
Sunday, March 21, 2010
ဖယ်..ဖယ် ဖယ် ငါတို့ သိမ်းမယ်. (မြို့ တော်ဝန်ရဲ့ ရံပုံငွေရှာပွဲ)
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment