“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, March 24, 2010

မိုးဦးကျ မှိုလို ပေါက်လာတဲ့ ပါတီများ

ပါတီ ၂၀ ထက် မနည်း မှတ်ပုံတင်ရန်ရှိ
ခိုင်သွယ်
ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင် ရန်အတွက် မှတ်ပုံတင်ကြေး ကြီးမြင့်ကြောင်း ဝေဖန်နေကြ သော်လည်း ဧပြီလအတွင်း နိုင်ငံရေး ပါတီ ၂၀ ထက် မနည်း မှတ်ပုံတင်မည်ဟု ရွေးကောက်ပွဲ ကော်မရှင်နှင့် နီးစပ်သော အသိုင်း အ၀ိုင်းက ပြောသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါဝင်ရေး မပါဝင် ရေးသည် အရေးပါလိမ့်မည် မဟုတ်ကြောင်း၊ ၁၉၉၀ ပြည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သော ပါတီများထက် ပိုများနိုင်ပြီး ကိုယ်စားလှယ် များသည်လည်း လူအများမှ လေးစား ရိုသေမှု ရှိသူများ၊ အကျင့် သိက္ခာနှင့် ပြစ်မှု၊ ပြစ်ဒဏ်မရှိ သူများသာ ဖြစ်လိမ့်မည်ဟု ရွေးကောက်ပွဲ ကော်မရှင်နှင့် နီးစပ်သူ တပ်မတော် အရာရှိကြီးတဦးက ပြော ဆိုသည်။

၁၉၉၀ ပြည့် ရွေးကောက်ပွဲတွင် ပါတီပေါင်း ၂၃၆ ပါတီ မှတ်ပုံတင်ခဲ့ပြီး ၉၃ ပါတီ ယှဉ်ပြိုင်ခဲ့ရာ NLD က မဲအရေအတွက် ၈၀ ရာခိုင် နှုန်း ကျော်ဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့သည်။

ပြီးခဲ့သည့် တနင်္လာနေ့က ရွေးကောက်ပွဲ ကော်မရှင်သို့ ပထမဆုံး ပါတီ ၂ ပါတီ မှတ်ပုံတင်ခဲ့သည်။ ၎င်းတို့မှာ ၈၈ မျိုးဆက် ကျောင်းသား လူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ)နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ် ပါတီ တို့ဖြစ်သည်။

“ကျနော်တို့ ၂ ပါတီလုံး မှတ်ပုံတင်လိုက်တာက ပြီးခဲ့တဲ့ ၂၂ ရက်နေ့က တင်လိုက်တယ်။ မနက်ဖြန်ဆိုရင်တော့ ပါတီ နှစ်ခုလုံးရဲ့ ဗဟိုဦးစီး အဖွဲ့ဝင်တွေ မန္တလေးဘက်ကိုသွားပြီး ဟောပြောပွဲလုပ်ကြမှာပါ"ဟု ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ်မှ ဦးအေးလွင်က ဧရာဝတီ သို့ ပြောသည်။

နိုင်ငံရေး အဖွဲ့ ၉ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စု အမျိုးသား နိုင်ငံရေး မဟာမိတ်များအဖွဲ့ (NPA) မှ ဒီမို NLD၊ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေး နှင့် သုတေသန နှင့် တိုးချဲ့ထုတ်လုပ်ရေး ကျောင်းတော်သားစု၊ ၀ံသာနု NLD နှင့် အမျိုးသား နိုင်ငံရေး အင်အားစုတို့သည် NPA မှ ခွဲထွက်သွားပြီး သီးခြား ပါတီထူထောင်ကြလိမ့်မည်ဟု NPA ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းလွင်ကလည်း ပြောဆိုသည်။

၎င်းက “ဒီမို NLD နဲ့ အမျိုးသား ပြန်လည်စည်းလုံး ညီညွတ်ရေး အဖွဲ့ နှစ်ဖွဲ့ပေါင်းပြီး ပြည်ထောင်စု ဒီမိုကရက်တစ် ပါတီကို ထူထောင်မယ်လို့ သိရတယ်"ဟု ဆိုသည်။

မန္တလေး အခြေစိုက် ၀ံသာနု NLD သည် မန္တလေးတိုင်း မဲဆန္ဒနယ်တွင် ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး၊ အမျိုးသား နိုင်ငံရေး အင်အားစု (ရခိုင်ပြည်နယ်) က ရခိုင်ပြည်နယ်တွင် ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

မှတ်ပုံတင်ရန်အတွက် ပြင်ဆင်နေပြီဖြစ်သော ပါတီများမှာ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၊ အမျိုးသားနိုင်ငံရေး မဟာ မိတ်များအဖွဲ့ချုပ်၊ ဒီမိုကရက်တစ်ပါတီ-မြန်မာပြည်၊ မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ၊ ကချင်ပြည်နယ် တိုးတက်ရေးပါတီ၊ ၀ံသာနု NLD ၊ ရခိုင်ပြည်နယ် အမျိုးသားနိုင်ငံရေးအင်အားစု၊ ၈၈မျိုးဆက်သစ်ကျောင်းသားများ ပြည်ထောင်စု မြန်မာနိုင်ငံတော်၊ သိပံ္ပနည်းကျ အမျိုးသားနိုင်ငံရေးပါတီ၊ ယူနိုက်တက် ဒီမိုကရက်တစ် ပါတီ၊ ပြည်ထောင်စု မြန်မာနိုင်ငံတော် အမျိုးသားနိုင်ငံရေး အဖွဲ့၊ ပါတီ အမည်ရွေးချယ်ဆဲဖြစ်သော ဦးဖြိုးမင်းသိန်း တည်ထောင်မည့် ပါတီ စသည့်ပါတီများ ပါဝင်ကြောင်း သိရှိရသည်။

ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအရ ပါတီမှတ်ပုံတင်ကြေး ငွေကျပ် ၃သိန်း၊ ကိုယ်စားလှယ်တဦး မှတ်ပုံတင်ကြေး ငွေကျပ် ၅ သိန်း၊ ပါတီတခုတွင်အနည်းဆုံး ကိုယ်စားလှယ် သုံးဦးရှိရမည်ဟု သတ်မှတ်ထားသည်။

ဝံသာနု NLD ပါတီဝင်တဦးကမူ နိုင်ငံရေးအင်အားစု အများစုကမူ မှတ်ပုံတင်ကြေးများ မြင့်မားသည့်အတွက် ငွေကြေး အခက်အခဲ နှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်လျက်ရှိသည်ကိုတွေ့မြင်ရကြောင်း ပြောသည်။

ရွေးကောက်ပွဲဝင်မည့် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေကလည်း“ပါတီမှတ်ပုံတင်ကြေးအတွက်ကတော့ သိပ်မခက်ပါဘူး၊ ကိုယ်စားလှယ် အတွက် မှတ်ပုံတင်ကြေးကလည်း ကိုယ့်ဟာကိုယ်ရှာရ မှာပဲ၊ ကိုယ်စားလှယ်တွေက သူ့ဟာသူ တာဝန်ယူရမယ့် အပိုင်းပေါ့၊ အဲဒီအပိုင်းမှာတော့ ကျနော်တို့ပါတီက လူအားလိုက်နိုင် ပေမယ့် ငွေအားမှာတော့ ကန့်သတ်ချက်ရှိနိုင်တာပေါ့”ဟု ပြောဆိုသည်။

ပါတီများအနေဖြင့် ပါတီမှတ်ပုံတင်ကြေးအတွက် အခက်အခဲမရှိနိုင်ဟုယူဆဖွယ်ရာရှိသော်လည်း၊ ကိုယ်စားလှယ် မှတ်ပုံတင်ကြေး ကျပ် ၅ သိန်းပမာဏမှာများနေသည့်အတွက် ငွေအားတတ်နိုင်သူများသာ ကိုယ်စားလှယ်ဖြစ်လာမည့် အခြေအနေတွင် ဖြစ် ကြောင်းလည်း ၎င်းက ဆိုသည်။

ရွေးကောက်ပွဲတွင် နိုင်ငံတ၀န်း ယှဉ်ပြိုင်မည့် ပါတီများနှင့် တိုင်းနှင့်ပြည်နယ်ဒေသများတွင် ပါဝင်ယှဉ်ပြိုင်မည့် ပါတီများ ဟူ၍ မှတ်ပုံတင်ရန် ရှိသည်။

ယနေ့နောက်ဆုံး ရရှိသော သတင်းအရ မြန်မာတနိုင်ငံလုံး၌ ရွေးကောက်ပွဲဝင်ရန် မှတ်ပုံတင်ပြီးသော ပါတီ ၂ ခု နှင့် ရက်သတ္တ ပတ်အတွင်း မှတ်ပုံတင်တော့မည့် ပါတီ ၉ ခုရှိကြောင်းသိရပြီး ပြည်နယ်နှင့် တိုင်းများတွင် ဒေသအလိုက် ရွေးကောက်ပွဲဝင်မည့် ပါတီ ၆ ခုရှိကြောင်း သိရသည်။

မြန်မာတနိုင်ငံလုံး၌ ၀င်ရောက်ယှဉ်ပြိုင်မည့် ပါတီ (၁၁) ခု မှာ -

၁။ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ်
၂။ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ ပြည်ထောင်စု မြန်မာနိုင်ငံ
၃။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည)
၎။ အမျိုးသား နိုင်ငံရေး မဟာမိတ်အဖွဲ့
၅။ ပြည်ထောင်စု ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့
၆။ ဒီမိုကရက်တစ်ပါတီ
၇။ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးအသင်း (ပါတီအမည် မသတ်မှတ်ရသေး)
၈။ ပြည်ထောင်စု ဒီမိုကရက်တစ် ပါတီ
၉။ မတူ ကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေးပါတီ
၁၀။ ဦးဖြိုးမင်းသိန်း တည်ထောင်မည့်ပါတီ (အမည်မသတ်မှတ်ရသေး)
၁၁။ မြန်မာ-ဘင်္ဂါလီ ပါတီ (ပါတီအမည် အတည်မပြုရသေး)


တိုင်း နှင့် ပြည်နယ် ဒေသများတွင် ပါဝင်ယှဉ်ပြိုင်မည့် ပါတီများမှာ -

၁။ ကချင်ပြည်နယ် တိုးတက်ရေးပါတီ (ကချင်ပြည်နယ်)
၂။ ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားနိုင်ငံရေး အင်အားစု (ရခိုင်ပြည်နယ်)
၃။ မွန်အမျိုးသား ဒီမိုကရေစီ အင်အားစု (မွန်ပြည်နယ်)
၎။ ကရင် လူမျိုးစု ပါတီ (ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်)
၅။ ၀ံသာနု NLD (မန္တလေးတိုင်း)
၆။ သိပ္ပံနည်းကျ အမျိုးသား နိုင်ငံရေး ပါတီ (မန္တလေးတိုင်း)

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကာလအတွင်း ဖွဲ့စည်းခဲ့ပြီး၊ ၂၀၁၀ ရွေးကောက်ပွဲကော်မရှင်၌ မှတ်ပုံမတင်ရသေးသော
ပါတီများ -

၁။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်
၂။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ
၃။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်
၎။ ပြည်ထောင်စု ပအို့ဝ် အမျိုးသားများ အဖွဲ့ချုပ်
၅။ ရှမ်းပြည် - ကိုးကန့် ဒီမိုကရက်တစ်ပါတီ
၆။ မြို (ခေါ်) ခမီ အမျိုးသား ညီညွတ်ရေးအဖွဲ့
၇။ လားဟူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ
၈။ ပြည်ထောင်စု ကရင် အမျိုးသားများ အဖွဲ့ချုပ်
၉။ ကိုးကန့် ဒီမိုကရေစီ နှင့် ညီညွတ်ရေးပါတီ
၁၀။ "၀” အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးပါတီ

ယင်း ပါတီများမှာ ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်သည့်ရက်မှ ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံတင်ရမည် ဟု ရွေးကောက်ပွဲ ဥပဒေတွင် ဖော်ပြထားသည်။
ရွေးကောက်ပွဲ ဥပဒေအရ ပါတီများ မှတ်ပုံတင်ရန် သတ်မှတ်ထားသော ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံတင်မည့် ပါတီ အရေ အတွက်မှာ တိုးလာနိုင်ကြောင်းသိရသည်။

စစ်အစိုးရက ၂၀၁၀ အတွင်း ရွေးကောက်ပွဲ ကျင်းပမည်ဟုကြေညာခဲ့ပြီး ယခုလအတွင်း၌ပင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို ထုတ်ပြန်ထားသည်။ ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်ကိုမူ ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။
http://www.irrawaddy.org/bur/index.php/news/1-news/2862-2010-03-24-13-05-33

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */