“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, March 23, 2010

ရှင်ဘုရင်သံလျှက်ခိုးတော့ ၀န်မင်းက သူခိုးဘယ်သူသိပါရက်နဲ့ တရားမစီရင်ရဲ..

နအဖကို တရားစွဲမှု အန်အယ်လ်ဒီ ပယ်ချခံရ (ဒေါ်စုက မတရားသည့် ဥပဒေဖြင့် မှတ်ပုံတင်ခြင်းကို လက်မခံဟု ပြောကြား)
NEJ/ ၂၃ မတ် ၂ဝ၁ဝ

နအဖစစ်အစိုးရက ထုတ်ပြန်သည့် ရွေးကောက်ပွဲဥပဒေသည် တရားမျှတမှု လုံးဝမရှိသည့်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား ယနေ့မတ်လ (၂၃)ရက်တွင် ရန်ကုန်မြို့ တရားရုံးချုပ်၌ တရားစွဲဆိုလိုက်သည်။

“အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရ ဥက္ကဋ္ဌ ဦးအောင်ရွှေကိုယ်တိုင် သွားပြီးတော့ ဗဟိုတရားရုံးချုပ် တရားမဌာနမှာ ယနေ့နံနက်ပိုင်းက အမှုသွားပြီးတင်ပါတယ်။ အမှုဆောင်ရှေ့နေ ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်းတို့နဲ့အတူပါ”ဟု ဗဟိုအလုပ်အမှုဆောင် တဦးဖြစ်သူ ဦးအုန်းကြိုင်က ပြောသည်။

ယင်းသို့ တရားစွဲဆိုမှုကို တရားရုံး တရားမဌာနမှ တာဝန်ရှိသူက အမှုတွဲကို လက်မခံဘဲ ပြန်လည်ပေးအပ်ခဲ့ကြောင်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က မတ် (၂၃) ရက် နေ့စွဲဖြင့် အထူးကြေညာချက်ထုတ်ပြန်သည်။

အဆိုပါကြေညာချက်တွင် အန်အယ်လ်ဒီ ဥက္ကဋ္ဌက နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌအပေါ် ၂၀၀၀ ပြည့်နှစ် တရားစီရင်ရေး ဥပဒေပုဒ်မ ၅(က)(ခ)(ည) နှင့် ၁၈၈၇ ခုနှစ်သီးခြား သက်သာခွင့် အက်ဥပဒေပုဒ်မ (၄၅)နှင့် (၅၄)တို့အရ တရားရုံးချုပ်တွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားပြီး တရားရုံး တရားမဌာနမှ တာဝန်ရှိသူက “ကျမတို့၌ စီရင်ပိုင်ခွင့်မရှိ” ဟု ပြောဆိုကာ အမှုတွဲကို နေ့လယ် (၁၂) နာရီခွဲခန့်တွင် ပြန်လည် ပေးအပ်လိုက်ကြောင်း ဖော်ပြထားသည်။

နအဖစစ်အစိုးရက မတ်လ (၈)ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင် ပါတီိ ထောင်လိုသူများ သည် ထောင်ဒဏ်ကျခံနေရသူ မဖြစ်စေရဟု အတိအလင်း ဖော်ပြထားပြီး ထောင်ဒဏ် ကျခံနေရသူများသည် ပါတီဝင်ဖြစ်ခွင့်မရှိဟု ဖော်ပြထားသည်။

ထို့အပြင် ထောင်ကျသူကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခြင်းမပြုပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီကို ဖျက်သိမ်းရမည်ဟုလည်း ဖော်ပြထားသည်။

ယနေ့ မွန်းလွဲပိုင်းတွင်လည်း ရှေ့နေကြီး ဦးဉာဏ်ဝင်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ရခဲ့ပြီး ယင်းတွေ့ဆုံမှုကို အန်အယ်လ်ဒီ ရုံးချုပ်တွင် ပြန်လည် ရှင်းလင်း ပြောပြခဲ့ကြောင်း သိရသည်။

ယင်းသို့ တွေ့ဆုံမှုတွင် ဒေါ်အောင်ဆန်းစုကြည်က “မတရားတဲ့ ဥပဒေနဲ့ မှတ်ပုံတင်ခြင်းကို ကျမ ဘယ်တော့မှ လက်မခံဘူး။ ဒါပေမယ့် ဒီလိုပြောတာဟာ အဖွဲ့ချုပ်ကို အမိန့်ပေးတာလည်း မဟုတ်ဘူး၊ ညွှန်ကြားတာလည်း မဟုတ်ဘူး။ အဖွဲ့ချုပ် အနေနဲ့ကတော့ ဒီမိုကရေစီ နည်းလမ်းနဲ့အညီ ဆုံးဖြတ်ကြပါ” ဟု ပြောဆိုကြောင်း ဦးဉာဏ်ဝင်းက ပြန်လည်ပြောပြသည်။

၎င်းက “ဒါ သူ့စကားလုံးအတိုင်းပဲ၊ ဒီမိုကရေစီ နည်းလမ်းနဲ့အညီ ဆုံးဖြတ်ကြပါ။ သူလုံးဝ လက်မခံဘူးလို့ ပြောတယ်။ သူ့အနေနဲ့ လက်မခံ တာ ပြောတာ။ နောက် ဒါဟာ အဖွဲ့ချုပ်ကို ပရက်ရှာပေးတာလည်း မဟုတ်ဘူး ညွှန်ကြားတာလည်း မဟုတ်ဘူး။ သူ့သဘောထား သူပြောတာ။ သူပြောတာ ရှင်းပါတယ်။ ရှင်းရှင်းလေးပါ” ဟု ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အယူခံအမှုနှင့်ပတ်သက်၍ အထူးအယူခံကိစ္စများကိုလည်း ဦးဉာဏ်ဝင်းက ယနေ့ ဆွေးနွေးခဲ့ကြောင်း သိရသည်။

“ခေတ်ပြိုင်မှ”

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */