“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, March 24, 2010

ကော့မှူး၌ ကြက်ငှက်တုပ်ကွေး သံသယဖြစ်ဖွယ် ကျီးကန်းများသေဆုံး


အောင်ထက် | ရန်ကုန် တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်အတွင်း ယခုရက်ပိုင်းတွင် ကျီးကန်းအချို့ ပျံသန်းနေရင်းမှ ရုတ်တရက် ပြုတ်ကျသေဆုံးနေသဖြင့် ဒေသခံတောင်သူတို့က ကြက်ငှက်တုပ်ကွေးရောဂါဖြစ်မည်ကို စိုးရိမ်နေကြသည်။

လက်ခိုက်ကျေးရွာ ရေတွင်းနံဘေးတွင် ကျီးကန်း (၂) ကောင် သေဆုံးနေသည်ကို မတ် (၁၂) ရက်နေ့က ဒေသခံတို့က စတင် တွေ့မြင်ခဲ့ကြပြီး ကော့မှူး၊ ဘုရားလမ်း၊ သဲကုန်း၊ အိုးဘို၊ လာဝတီ၊ ရှမ်းစု၊ မြို့ကုန်း၊ တရုတ်ကုန်း စသည့် ရွာစဉ်တကြော၌လည်း ကျီးကန်းအသေကောင်အချို့ကို တွေ့နေရသည်ဟု နတ်စင်ကုန်းကျေးရွာ ဒေသခံတို့က ပြောသည်။

“အုံလိုက် ကျင်းလိုက် သေတာမျိုးတော့ မဟုတ်ဘူး။ သစ်ပင်တွေအောက်မှာ၊ တောခြံတွေထဲမှာ (၂) ကောင် (၃) ကောင်မျိုး သေနေတာ တွေ့ရတယ်။ လယ်ကွက်တွေထဲလည်း သေနိုင်တယ်။ ကျနော်တို့ သိရသလောက် ခုလို ရုတ်တရက် ပြုတ်ကျသေတဲ့ ကျီးကန်းဆိုတာ မကြုံဖူးဘူး” ဟု မြို့ကုန်းကျေးရွာ တောင်သူတဦးက ပြောသည်။

ယခုကဲ့သို့ ကျီးကန်းများ သေဆုံးခြင်းသည် အဆိပ်မိ၍ သေဆုံးခြင်း ဖြစ်နိုင်သည်ဟုလည်း ရွာသားအချို့က ထင်မြင်ချက်ပေးသည်ကို လာဝတီကျေးရွာ တောင်သူတဦးက “ဗျိုင်းကိုသာ အဆိပ်နဲ့ ထောင်ဖမ်းလို့ရတာ။ ကျီးကန်းကို အဆိပ်နဲ့ ထောင်လို့မရဘူး။ နောက်ပြီး အဆိပ်ခတ်ပြီး ငှက်ထောင်စားတဲ့ဓလေ့ ကျနော်တို့ဆီမှာမရှိဘူး။ တခြားငှက်ရိုင်းတွေ ဖြစ်တဲ့ စာကလေးတို့၊ ဆက်ရက်တို့ သေတာတော့ မတွေ့ရဘူး။ မတ်လ (၂၁) ရက်နေ့ကဆို လက်ခိုက်ကျေးရွာမှာ လူတွေရှေ့တင် ကျီးကန်းတကောင် ပြုတ်ကျသေသွားတယ်” ဟု ပြောဆိုသည်။


ကော့မှူးမြို့နယ်အတွင်း ကြက်၊ ဘဲများကို ခြံဝင်းနှင့် စီးပွားဖြစ် မွေးမြူခြင်းမရှိသကဲ့သို့ အစုအပြုံလိုက် သေဆုံးခြင်းလည်း မရှိဟု သိရသည်။

သို့သော် အိမ်မွေး ကြက်၊ ဘဲအချို့ သမားရိုးကျပုံစံမဟုတ်ဘဲ သေဆုံးနေသည်မှာ (၁) လကျော်ရှိနေပြီဟု ဒေသခံတို့က ပြောသည်။

ကော့မှူးမြို့နယ် အိုးဘိုအပိုင် တောင်သူတဦးက “ခုလို ရာသီပြင်းရင် ကြက်နာ၊ ဘဲနာ ဖြစ်လေ့ရှိပါတယ်။ အိမ်မွေးကြက်တွေ နာပြီဆိုရင် ကုပ်လာတယ်။ နောက်ပြီး ချေးဖြူရောဂါလည်း ဖြစ်တတ်တယ်။ စအိုဝမှာ ချေးတစ်ပြီး ကြက်က ကုပ်နေရော။ ပြီးတော့ (၁) ရက် (၂) ရက်သာခံပြီး သေတယ်။ ပြန်ကောင်းချင်လည်း ကောင်းသွားတတ်တယ်။ ခုလပိုင်း ဖြစ်တာကျတော့ ကြက်ညှိုးနေတာ ကြည့်နေရင်းကို သေတာ။ အရမ်းမြန်တယ်” ဟု ဆိုသည်။

အဆိုပါ ကြက်ငှက်တုပ်ကွေး သံသယအခြေအနေကြောင့် ဒေသခံတို့သည် ကြက်၊ ဘဲ၊ ကျီးကန်းအသေများကို ချက်ပြုတ် စားသောက်ခြင်းမပြုဘဲ ကျင်းတူးမြေမြှုပ်ပစ်ကြသည်ဟု သိရသည်။

ဒေသခံအာဏာပိုင်များ ကွင်းဆင်းစစ်ဆေးခြင်း မရှိသေးသော်လည်း မတ် (၂၃) ရက် နံနက်တွင် ကြက်ခြေနီလူငယ်အချို့ ကျီးကန်းများ ပြုတ်ကျသေနေသည့်ကိစ္စ လိုက်လံစုံစမ်းမေးမြန်းခဲ့ကြောင်း ဒေသခံများက ပြောသည်။

ကော့မှူးမြို့နယ်၏ အဆိုပါ ကြက်ငှက်တုပ်ကွေး သံသယအခြေအနေအား ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွဲ့ဖြိုးရေးကောင်စီ (တယက) သို့ လည်းကောင်း၊ ကော့မှူးမြို့နယ် မယကသို့လည်းကောင်း ဆက်သွယ်မေးမြန်းရာ ဤသတင်းကို မရရှိသေးပါဟု ဖြေကြားသည်။

ရန်ကုန်မြို့ တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ရှိသူတဦးကမူ “ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်၊ ခရိုင် အဆင့်ဆင့် တင်ပြလာမှ ဒီသတင်း မှန်မမှန် အတည်ပြုမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ဒေသခံတဦးကမူ “ကြက်ငှက်တုပ်ကွေးသံသယကို ခုလို ငြိမ်နေရင် ပြဿနာပိုကြီးလာနိုင်တယ်။ အများထိခိုက်မယ့်ကိစ္စမို့ သတင်းပို့သင့်မှန်း သိပေမယ့် ဒေသခံတွေဟာ အကျိုးထက် အာဏာပိုင်တွေရဲ့ ဖိအားကို ပိုရွံ့နေကြတယ်” ဟု ပြောသည်။

မကြာသေးမီ လပိုင်းကလည်း စစ်ကိုင်းတိုင်း တံတားဦးမြို့နယ်အတွင်း ဆက်ရက်များ ရာချီ သေဆုံးခဲ့ခြင်းအပေါ် သက်ဆိုင်ရာက စစ်ဆေးကာ ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ကြောင်း အတည်ပြုခဲ့သည်။



source by :NEJ

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */