http://drlunswe.blogspot.com/2011/08/blog-post_31.html
ထက်အောင်ကျော်
လစ်ဗျားနိုင်ငံရဲ့မြို့တော် ထရီပိုလီဆီ သူပုန်တပ်ဖွဲ့တွေ ၀င်လာတာ၊
ဒေသခံတွေက ကြိုဆိုအောင်ပွဲခံနေတာ ကို ပြည်တွင်းပြည်ပရှိ
မြန်မာအတော်များများ တီဗွီကနေ ကြည့်ဖြစ်ကြမယ်လို့ ထင်ပါတယ်။ အထူးသဖြင့်
၂၃ နှစ်ကြာ ဒီမိုကရေစီတိုက်ပွဲအတွင်း ပါဝင်နေပြီး
အကြောင်းအမျိုးမျိုးကြောင့် ပြည်ပကို ရောက်နေသူတွေ၊ အိမ်
နီးချင်းနိုင်ငံတွေဆီ ရောက်နေသူတွေဆိုရင် တီဗွီကို အသေအချာကြည့်ပီး
Facebook,Twitter တွေကနေ သူ တို့ရဲ့ထင်မြင်ချက်တွေ၊ မျှော်လင့်ချက်တွေကို
ချက်ချင်းတင်နေတာ သတိထားမိပါတယ်။ အဲဒီလိုလူတွေထဲ မှာ ကျနော်လည်း
တဦးအပါဝင်ဖြစ်တယ်ဆိုတာကို ပထမဆုံး ၀န်ခံလိုပါတယ်။
အာရပ်လှိုင်းစီးသူများနဲ့ အာရပ်လှိုင်းကို ဘေးကနေ ရပ်ကြည့်နေသူများ
အရှေ့အလယ်ပိုင်းမှာ လူထုံအုံကြွမှုတွေဖြစ်ပြီး တူနီးရှားကနေ အီဂျစ်အထိ
အာဏာရှင်တွေပြိုကျပြီး ဘာရိန်း၊ လစ်ဗျား၊ ဂျော်ဒန်ကနေ ဆီးရီးယားအထိ
အာဏာရှင်တပိုင်း သမ္မတတွေ၊ ဘုရင်တွေ ရာထူးကနေ ထွက်ရ တော့မလိုဖြစ်နေပါတယ်။
၂၀၁၁ နှစ်ဆန်းပိုင်းမှာ စတင်လာခဲ့တဲ့ ဒီလူထုအုံကြွမှုကို အာရပ်လှိုင်းလို့
မြန်မာစာ နယ်ဇင်းသမားတချို့က ခေါ်ဝေါ်ကြပြီး မြန်မာနိုင်ငံဆီကိုလည်း
ဒီလှိုင်းဂယက်ရိုက်နိုင်တယ်လို့ သူတို့က ဆိုပါ တယ်။ အာရပ်စတိုင်
လူထုအုံကြွမှုတွေ မြန်မာနိုင်ငံမှာဖြစ်လာစေဖို့ တိုက်တွန်းနှိုးဆော်တဲ့
ဆောင်းပါးတွေ၊ နှိုး ဆော်ချက်တွေကို ထုတ်ပြန်ပြီး ဒီလှုပ်ရှားမှုကို
အာရပ်လှိုင်းလှုပ်ရှားမှု၊ ဒီလှုပ်ရှားမှုမှာ ပါဝင်သူတွေကို အာရပ်
လှိုင်းစီးသူများ ... စသဖြင့် အမည်ပေးမှုတွေဟာလည်း အွန်လိုင်းကွန်မြူနတီမှာ
အတော်လူသိများခဲ့ပါတယ်။
ဒီလိုအခြေနေမှာ လူထုဆန္ဒနဲ့ နိုင်ငံတကာရေစီးကြောင်းကို အာခံပြီး
ထွက်လာသူတဦးကတော့ အားလုံးသိတဲ့ အတိုင်း လစ်ဗျားခေါင်းဆောင်
ဗိုလ်မှူးကြီး ကဒါဖီပဲဖြစ်ပါတယ်။ သူ့ပြည်သူကို သူပြန်သတ်နေတဲ့ ကဒါဖီကို
ဘယ်လို အရေးယူမလဲဆိုတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ
အကြိတ်အနယ် ဆွေးနွေးပြီး တဲ့နောက် ဒီသတ်ဖြတ်မှုတွေကို ၀င်ရောက်တားဆီးဖို့
အနောက်အုပ်စုက အဆိုပြုပြီး ရုရှားနဲ့ တရုတ်တို့က မ ကန့်ကွက်ဘဲ
ကြားနေလိုက်ပါတယ်။ အဲဒီလို ဆုံးဖြတ်ချက်ကျတဲ့နေ့ကစပြီး ကဒါဖီရဲ့တပ်တွေကို
နေတိုးစစ်မ ဟာမိတ်အဖွဲ့က ဗုံးကြဲတိုက်ခိုက်တော့တာပါပဲ။
ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ဒီလိုပါလာပြီဆိုတော့ အခြေအနေဟာ
ချက်ချင်း ပြောင်းလဲသွား ပြီး ဆန္ဒပြသူတွေရဲ့ စီးပွားရေးမြို့တော်
ဘန်ဂါဇီဟာ ချက်ချင်းဆိုသလို အတိုက်ခံအင်အားစုတွေရဲ့ မြို့တော် ဖြစ်လာပြီး
မြို့တွင်းရှိ ကဒါဖီသစ္စာခံတပ်တွေကို မောင်းထုတ်ပါတော့တယ်။
နေတိုးလေယာဉ်တွေက ကဒါဖီရဲ့ တင့်ကားတွေကို ဗုံးကြဲ၊ လစ်ဗျားသူပုန်တွေက
မြေပြင်ကို တလက်မချင်း သိမ်းပိုက်၊ ဒီလိုနဲ့ ဖေဖော်ဝါရီနှောင်း
ပိုင်းကစပြီး ချီတက်လာလိုက်တာ အခု သြဂုတ်လ ၂၂ ရက်နေ့မှာတော့ သူပုန်တွေ
မြို့တော် ထရီပိုလီအထိ ရောက်လာပြီး အခုလို အောင်ပွဲခံနေတာဖြစ်ပါတယ်။
လက်နက်ကိုင်တော်လှန်ရေးနဲ့ တွေ့ဆုံဆွေးနွေးပြီး အာဏာခွဲဝေရေး အယူအဆ ၂ ခု
အရှေ့အလယ်ပိုင်းနဲ့ လစ်ဗျားမှာ ဖြစ်နေတဲ့ တိုးတက်မှုတွေကို
အားကျမိတဲ့အကြောင်း “၈ လေးလုံး နှစ်ပတ် လည်နဲ့ တကျော့ပြန်
လက်နက်ကိုင်တော်လှန်ရေး” ဆိုတဲ့ ခေါင်းစဉ်နဲ့ ၈ လေးလုံး ၂၃
နှစ်ပြည့်နေ့မှာ ကျနော် ကိုယ်တိုင် ဆောင်းပါးတပုဒ် ရေးခဲ့ဖူးပါတယ်။
တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ မြန်မာသူပုန်တွေနဲ့ လစ် ဗျားသူပုန်တွေ
ဘယ်နေရာမှာ ဘယ်လိုကွာနေသလဲ ဆိုတာကို စဉ်းစားနိုင်ဖို့
မေးခွန်းထုတ်ခဲ့တာလည်း ဖြစ်ပါ တယ်။ အဲဒီဆောင်းပါးရေးပြီး သတင်း ၂
ပတ်ကျော်အကြာမှာ သူပုန်တွေက မြို့တော်ကိုတောင် သိမ်းပိုက် လိုက်ပါပြီ။
ကျနော်ကိုယ်တိုင်ပါဝင်ခဲ့ဖူးတဲ့ မြန်မာသူပုန်လှုပ်ရှားမှုကတော့ အခု ၂၃
နှစ်ကြာတဲ့အထိ မြို့တော် ကို သိမ်းပိုက်ဖို့ နေနေသာသာ
ကိုယ့်မိသားစုတချို့ကိုတောင် ဒုက္ခသည်စခန်းနဲ့ ထိုင်းနိုင်ငံအတွင်း
ပို့လွှတ် ထားရတဲ့အခြေအနေ ဖြစ်နေပါတယ်။ ဘာကြောင့် ဒီလိုကွာခြားနေတာလဲ။
ဒီမေးခွန်းအတွက် လူအတော်များများကို အွန်လိုင်းကနေ
မေးမြန်းကြည့်ခဲ့ပါတယ်။ အဲဒီထဲက ထူးခြားတဲ့ ပထ မတုံ့ပြန်ချက်တခုကတော့
“လစ်ဗျားသူပုန်တွေကို တကမ္ဘာလုံးက သေနတ်တွေ ၀ိုင်းပေးကြတယ်။ မြန်မာသူ
ပုန်တွေကျတော့ သေနတ်မပေးဘဲ ဂျင်းရှပ်ကို လွှတ်လိုက်တယ်” တဲ့။
သူပြောသွားတဲ့ ဂျင်းရှပ်ဆိုတာကတော့ အနုနည်းနဲ့ အာဏာဖီဆန်ရေးသီအိုရီတွေကို
မာနယ်ပုလောအထိလာရောက်ပို့ချခဲ့တဲ့ အမေရိကန်က သဘော တရားဆရာတဦးပါ။ ၁၉၉၁
ဆိုဗီယက်ယူနီယံပြိုကွဲကာစကာလ မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဗကပဆီကနေ
လူမျိုးစုတွေက ခွဲထွက်ကာစမှာ အဲဒီလိုသင်တန်းတွေ မာနယ်ပုလောနဲ့ ကျနော်တို့
ABSDF စခန်းတွေမှာ အ တော်ခေတ်စားခဲ့ပါတယ်။ လို-တို-ရှင်း
အနှစ်ချုပ်ရရင်တော့ လက်နက်ကိုင်တော်လှန်ရေးအစား လူထုနည်းနဲ့
အာဏာဖီဆန်ရေးဘက်ကို အဲဒီကာလက တိမ်းညွတ်ခဲ့တယ်။ ဒါမှမဟုတ် တိမ်းညွတ်ဖို့
ဖိအားပေးခံခဲ့ရတယ်။ လမ်းပြခံခဲ့ရတယ်လို့ ပြောမယ်ဆိုပြောလို့ရနိုင်ပါတယ်။
ဒုတိယဖြေကြားသူတဦးကတော့ “မြန်မာနိုင်ငံမှာလည်း လစ်ဗျားလို
ရေနံအကြီးအကျယ် ထွက်ကြည့်ပါလား။ နေတိုးနဲ့ အနောက်နိုင်ငံတွေက
ဝင်တိုက်ပေးပါလိမ့်မယ်” တဲ့။ ဒီအဖြေကတော့ မြန်မာသူပုန်တွေ ဘာကြောင့်
နိုင်ငံတကာရဲ့ စစ်ရေးအထောက်ပံ့မရတာလဲ ဆိုတဲ့အချက်ကို ထောက်ပြသလို
ဖြစ်နေပါတယ်။ တတိယဖြေ ကြားသူတဦးကတော့ “မြန်မာနိုင်ငံက
တရုတ်ပြည်ဘေးနားမှာ ကပ်ပြီးရှိနေတာဆိုတော့ ဘယ်အနောက်နိုင်ငံ ကမှ
လာမကူဘူး” တဲ့။ ဒါလည်းဟုတ်တာပါပဲ။ လို-တို-ရှင်း အနှစ်ချုပ်ရရင်တော့
မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပဋိ ပက္ခအပေါ် နိုင်ငံတကာက
လစ်ဗျားလောက်စိတ်ဝင်စားမှုမရှိဘူး။ မြန်မာနိုင်ငံရဲ့ ပထ၀ီနိုင်ငံရေးကလည်း
လစ် ဗျားလောက်အရေးမပါဘူး။ ဒီအတွက် ဘယ်နိုင်ငံကမှ စစ်ရေးအရ
အကူညီမပေးတာလို့ ဆိုရမှာဖြစ်ပါတယ်။
လစ်ဗျားသူပုန်နဲ့ မြန်မာသူပုန်တွေ ဘယ်နေရာမှာ ဘယ်လိုကွာနေသလဲ
ဒီလိုမတူညီချက်တွေ အများကြီးရှိနေတာကို သိရက်နဲ့ ခင်ဗျားက ဘာကို
မျှော်နေတာလဲ။ စိတ်ကူးယဉ်နေရုံ ထက်ပိုပြီး လက်တွေ့ကျတဲ့ အကူအညီ
ဘာများရနိုင်ဖွယ်ရှိသေးလို့လဲလို့ ကိုယ့်ဘာသာမေးခွန်းထုတ်မိပါ တယ်။
ဟုတ်ပါတယ်။ မတူညီမှုတွေ အများကြီးရှိနေတဲ့အတွက် လစ်ဗျားလို မြန်မာမှာ
ထပ်တူ မဖြစ်နိုင်တာ ကတော့ သေချာပါတယ်။ ဒါပေမယ့် လစ်ဗျားမှာ
ဒီနေ့ဖြစ်နေတဲ့ လက်နက်ကိုင်တော်လှန်ရေးကနေ ကျနော် တို့မြန်မာသူပုန်တွေ
ဘာများလေ့လာနိုင်မလဲ ဆိုတာကတော့ ဆက်လက်ဆွေးနွေးသင့်တယ်လို့ ထင်ပါတယ်။
လစ်ဗျားသူပုန်တွေ မြို့တော်ထရိပိုလီကို သိမ်းပြီးချိန်မှာ
ပထမဆုံးထွက်လာတဲ့ မေးခွန်းကတော့ ဒီသူပုန်တွေ မှာ နိုင်ငံကို
အုပ်ချုပ်နိုင်တဲ့စွမ်းရည် ရှိရဲ့လား။ အာဏာလေဟာနယ် ဖြစ်နေစဉ်ကာလမှာ
ခိုးဆိုးလုယက်မှုတွေ ဖြစ်ပေါ်လာမလားဆိုပြီး သတင်းထောက်တွေက
မေးခွန်းထုတ်နေပါတယ်။ ဒုတိယမေးခွန်းကတော့ ဒီသူပုန် တွေဟာ အယူအဆမတူသူတွေ၊
နောက်ခံသမိုင်းကြောင်းမတူသူတွေ၊ မတူကွဲပြားတဲ့ တောင်ပေါ်သားအုပ်စု တွေ
အားလုံးပေါင်းထားတဲ့အဖွဲ့ဖြစ်တဲ့အတွက် ကဒါဖီကို တိုက်နေစဉ်မှာ
ညီညွတ်နေပေမယ့် ကဒါဖီအလွန် ခေတ်မှာ အချင်းချင်း သဘောထားကွဲမှုတွေ၊
အာဏာလုမှုတွေ ဖြစ်မလားဆိုပြီးလည်း အကဲခတ်တချို့က မေးခွန်းထုတ်နေပါတယ်။
ကျနော်တို့ မြန်မာသူပုန်တွေကြားမှာကော ဒီလိုမေးခွန်းထုတ်သင့်တယ် ထင်ပါသ
လား။ ဒါမှမဟုတ် မုန့်ဆီကြော်က ဘယ်နားမှန်းမသိ။ နှုတ်ခမ်းအနာနဲ့
တည့်ပါ့မလားဆိုပြီး ခင်ဗျားက စိုးရိမ် နေတယ်လို့ စာဖတ်ပရိသတ်က
ဝေဖန်လေမလား။
ကျနော့်အတွေ့အကြုံအရဆိုရင်တော့ ဒီကိစ္စဟာ ဆွေးနွေးသင့်တယ်လို့ ထင်ပါတယ်။
“လိပ်ဥသောင်နဲ့ အဲဒီ ကမ်းရိုးတန်းက ရွာတွေကိုသိမ်းတာက လွယ်လွယ်လေး။
အခုသိမ်း အခုရတယ်။ ဒါပေမယ့် သိမ်းပြီးရင် ဘယ် လို
အုပ်ချုပ်ရမှန်းမသိလို့” ဆိုတဲ့ ကရင်စစ်ဗိုလ်တဦးရဲ့ လွန်ခဲ့တဲ့နှစ် ၂၀
နီးပါးက စကားကို ကျနော် မှတ်မိနေ ဆဲဖြစ်ပါတယ်။ ၁၉၉၁-၉၂ ကျနော်တို့
ကျောင်းသားတပ်မတော် ခေတ်ကောင်းနေစဉ်က ဘိတ်-ထားဝယ်ကား လမ်းပေါ်က
ပုလောမြို့နယ်တခွင်လုံးနီးပါးကို ကျောင်းသားနဲ့ ကေအန်ယူတပ်တွေက
ထိန်းချုပ်ထားနိုင်ခဲ့ပါ တယ်။ အဲဒီလို အင်အားကောင်းနေစဉ်ကာလမှာ
ဒီအေဘီစစ်ကြောင်းမှာ ပါဝင်တဲ့ အရေးပါတဲ့ ကရင်စစ်ဗိုလ် တဦးက အခုလို
ပြောခဲ့တာပါ။ ဒါက အုပ်ချုပ်ရေး စွမ်းရည်နဲ့ပတ်သက်ပြီး
မေးခွန်းထုတ်သင့်တဲ့ အပိုင်းဖြစ်ပါ တယ်။
စည်းလုံးညီညွတ်မှုအပိုင်းနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်မယ်ဆိုရင်တော့
ကျနော်တို့ တောခိုကာစ ကာလမှာ ကေအန်ယူနဲ့ မွန်ပြည်သစ်ပါတီတို့
ဘုရားသုံးဆူဒေသမှာ တိုက်ပြွဲပီးတာ မကြာသေးပါဘူး။ ရန်ကုန်နဲ့ ပြည်
တွင်းမှာ ၈ လေးလုံးအရေးတော်ပုံနဲ့ လူထုအုံကြွမှုတွေဖြစ်နေစဉ်မှာ
အဲဒီလှုပ်ရှားမှုတွေနဲ့ လက်နက်ကိုင်လှုပ် ရှားမှု မဆက်စပ်နိုင်တဲ့အပြင်
အချင်းချင်းတောင် နယ်မြေလုပွဲ နွှဲနေကြတဲ့ အခြေအနေပါ။
ကျောင်းသားတွေ ထောင်သောင်းချီ နယ်စပ်ရောက်လာပြီးတဲ့အခါမှာတော့
လူမျိုးစုတွေနဲ့ ဗမာတွေရဲ့ မဟာ မိတ်အဖွဲ့ DAB
ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ဆိုတဲ့ တပ်ပေါင်းစုကို ဖွဲ့ပါတယ်။
လူမျိုးစုတွေဘက်မှာ နဂိုရှိပြီး သားဖြစ်တဲ့ NDF ခေါ်
အမျိုးသားဒီမိုကရက်တစ်အင်အားစု၊ လက်နက်ကိုင် ၁၀ ဖွဲ့နဲ့
လူမျိုးစုမဟုတ်တဲ့ ဗမာ လက်နက်ကိုင်တွေရော၊ လက်နက်မကိုင်တဲ့ အဖွဲ့တွေရော
စုပေါင်းဖွဲ့လိုက်တဲ့ မဟာမိတ်ပါ။ ဒါပေမယ့် ၁၉၉၁ ၀န်းကျင် စစ်အစိုးရဘက်ကနေ
အပစ်ခတ်ရပ်စဲရေးလုပ်ဖို့ ကမ်းလှမ်းမှုတွေလည်း လုပ်ရော DAB, NDF ရဲ့ မူ
ဝါဒတွေဖြစ်တဲ့ တဖွဲ့ချင်း မဆွေးနွေးဘူး။ တပ်ပေါင်းစုနဲ့ပဲ
ဆွေးနွေးမယ်ဆိုတဲ့ မူတွေဘောင်တွေကို စွန့်ပြီး လူ မျိုးစုတဖွဲ့ချင်း
စစ်အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေးလုပ်လိုက်ကြတာ ဗိုလ်ချုပ်မြ ဦးစီးတဲ့
ကေအန်ယူတဖွဲ့ပဲ ကျန်ပါ တော့တယ်။
အဲဒီနောက်မှာတော့ တပ်ပေါင်းစုတွေ ဖွဲ့လိုက်ဖျက်လိုက်၊
အသစ်ထပ်ဖွဲ့လိုက်နဲ့ ဒီနေ့ NCUB ခေါ် အမျိုးသား ကောင်စီနဲ့ အခုနောက်ဆုံး
လူမျိုးစုတွေ ပါဝင်တဲ့ United Nationalities Federal Council (UNFC) ခေါ်
‘ညီ ညွတ်သောတိုင်းရင်းသားများ ဖက်ဒရက်ကောင်စီ’ အထိဖြစ်ပါတယ်။
ဒီအဖွဲ့တွေကြားမှာ ညီညွတ်ရေးဘယ် လောက်ရှိသလဲဆိုတာကို တချို့က
မေးခွန်းထုတ်နေဆဲဖြစ်ပေမယ့်လည်း အခုချိန်ထိတော့ တဖွဲ့ချင်း မဆွေး
နွေးဘူး၊ UNFC နဲ့ပဲ ဆွေးနွေးမယ်လို့ ကေအိုင်အို အပါအ၀င်
ဆွေးနွေးလက်စအဖွဲ့တွေက တင်းခံထားတာကို တွေ့နေရပါတယ်။
ဒီလိုအခြေနေမှာ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်က နေပြည်တော်အထိ သွားပြီး အရပ်ဝတ်
စစ်အစိုးရသမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံလိုက်တဲ့အခါမှာတော့ “ဗမာတွေ
အချင်းချင်း ပေါင်းသွားပြီလား၊ ငါတို့ လူမျိုးစုတွေချည်းပဲ
ဆက်တိုက်ရတော့မလား” ဆိုတဲ့ လေသံ တွေကလည်း နယ်စပ်တကျောမှာ
ထွက်ပေါ်လာပြန်ပါတယ်။ ဒါတွေ ဒါတွေဟာ ဒီနေ့ မြန်မာအတိုက်ခံအင် အားစုတွေ၊
မြန်မာသူပုန်တွေရဲ့စည်းလုံးညီညွတ်မှုအင်အားအပေါ် စမ်းသပ်ချက်၊
အကဲဖြတ်ချက်တွေ ဖြစ်လာ နိုင်ပါတယ်။
ဆိုတော့ လစ်ဗျားသူပုန်တွေဆီကနေ မြန်မာသူပုန်တွေ ဘာများ
သင်ခန်းစာယူနိုင်မလဲ။ အမြင့်ဆုံး မျှော်လင့် ချက်ဖြစ်တဲ့ လစ်ဗျားလိုမျိုး
မြန်မာမှာလည်း နေတိုးက ၀င်တိုက်ပေးလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်ကို ခဏ
ထားပြီး လစ်ဗျားသူပုန်တွေလိုမျိုး ငါတို့သူပုန်တွေ ညီညွတ်ရေးကို
အကောင်ထည်ဖော်သင့်တယ်လို့ ကျနော် က မြင်ပါတယ်။
တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ အတိုက်အခံတွေ၊ သူပုန်တွေအားလုံး ညီပြီး
နိုင်ငံတ ကာအကူညီနဲ့ နေပြည်တော်သိမ်းပိုက်ရေး ဆိုတာကို ခဏမေ့ထားလိုက်ပါ။
အစိုးရက ကမ်းလှမ်းလာရင် တဖွဲ့ချင်း မဆွေးနွေးဘူး။ တပ်ပေါင်းစုနဲ့ပဲ
ဆွေးနွေးမယ်ဆိုတဲ့အချက်အပေါ် ညီ ညွတ်မှုပြဖို့ လိုနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန် တွေ့ဆုံတာဟာ ဗမာအချင်းချင်း ပြန်
ပေါင်းတာမဟုတ်ဘူး။ မတူကွဲပြားတဲ့ အခြေအနေ၊ လုပ်နည်းလုပ်ဟန်တွေအရ
နည်းလမ်းသစ်တခုအနေနဲ့ ချဉ်းကပ်ခြင်းမျှသာဖြစ်တယ် ဆိုတဲ့အချက်အပေါ်
ညီညွတ်မှုပြဖို့ လိုနေပါတယ်။
ဒီညီညွတ်မှု ၂ ခုကို ကျော်ဖြတ်နိုင်မှသာ တပ်ပေါင်းစုဖြင့်
အောင်ပွဲခံရေးတို့၊ လူထုတိုက်ပွဲနဲ့ လက်နက်ကိုင် တိုက်ပွဲ
ပေါင်းစပ်ရေးတို့ အပါအ၀င် မြန်မာအတိုက်ခံတွေ မျှော်လင့်နေတဲ့ ရှေ့တဆင့်
လမ်းစကို စတင်ခြေ လှမ်းနိုင်လိမ့်မယ်လို့ အကြံပြုတင်ပြအပ်ပါတယ်။
ထက်အောင်ကျော်
(၂၂-၈-၂၀၁၁)
(ထက်အောင်ကျော်ဘလော့ဂ်မှ ...)Rest of your post
Thursday, September 01, 2011
လစ်ဗျားသူပုန်နဲ့ မြန်မာသူပုန်တွေ ဘယ်နေရာမှာ ဘယ်လိုကွာနေသလဲ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment