“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, October 16, 2010

ရင်ခုန်သေးလား .. မင်းကို ကိုယ် ရင်မခုန်တော့ဘူး ။

ရင်ခုန်သေးလား .. မင်းကို ကိုယ်ရင်မခုန်တော့ဘူး ။

မင်းကို ကိုယ်ရင်မခုန်တော့ဘူး ။ ဘာဖြစ်သွားလို့ပါလဲ ။ အော်…တစိမ်းဖြစ်သွားလို့ပါ ။ ဘယ်လို တစိမ်းဖြစ်သွားလို့ပါလည်း ။ ဆက်ဆံစရာမလိုတော့သလို ၊[ ဆက်ဆံချင်တဲ့ လောဘလေးက မင်းနဲ့
ပတ်သက်ပြီး ကိုယ့်ဆီမှာ ထပ်မဖြစ်တော့လို့ပါ ။ ချစ်နေဖို့ မင်းဆိုတဲ့အာရုံမှာ ကိုယ်မငြိတော့လို့ပါ ။

ဆက်ဆံချင်တဲ့ ဒေါသ လေးလည်း မရှိတော့လို့ပါ ။ မင်းကို မုန်းနေဖို့မင်းဆိုတဲ့ အာရုံက မငြိတော့လို့ပါ ။]
လိုချင်လို့ ရင်ခုန်တာကော ၊ မလိုချင်လို့ ရင်ခုန်တာကော ၊ မင်း နဲ့ဆက်စပ်လို့ ဘာမှ မဖြစ်တော့ဘူး ။
အထက်က စကားစုတွေက ၊ ခေတ်နဲ့ အညီ အများနားလည်မဲ့ ၊ အသုံးအနှုံး နဲ့အဓိပ္ပါယ် ဖွင့်ထားတာပါ ။
ဗုဓ္ဒရဲ့ ဒေသနာနဲ့ ပြောရမယ်ဆိုရင် အခုပြောချင်တာက ( ဥပါဒါန် ) အကြောင်းပါပဲ ။
ဥပါဒါန် ဆိုတာ အများနားလည်တာ ( စွဲလမ်းမှု ၊ အစွဲ ) ရယ်လို့ပါပဲ ။
ဥပါဒါန် ကို နဲနဲ ထပ်ဖွင့်ရရင်တော့ ၊
စွဲစရာ နဲ့ စွဲနေတဲ့သတ္တိ ၊ ဒီလို နှစ်ပိုင်းရှိနေတာ တွေ့ရမှာပါ ။
စွဲစရာအစုအပေါင်းကိုတော့ ( ဥပါဒါနက္ခန္ဓာ ) ရယ်လို့ပြောလို့ရပြီး ။ စွဲနေတဲ့သဘော သတ္တိလေးကိုတော့ ( ဥပါဒါန် ) လို့ ဆိုပါတယ် ။
မိမိတို့အတွက် စွဲစရာကတော့ လိုချင်လို့စွဲတဲ့ စွဲစရာနဲ့ ၊မလိုချင်ပါဘူးလို့ စွဲနေတဲ့ စွဲစရာ နှစ်ခု ရှိတယ် ။
နှစ်ခုလုံးက စွဲစရာ အာရုံ အစုအပေါင်း ( ခန္ဓာ ) တွေပါပဲ ။
ချစ်နေရတဲ့ကိစ္စကလည်း စွဲနေသလို ၊
မုန်းနေရတဲ့ ကိစ္စကလည်းစွဲနေစေတာပါပဲ ။ နှစ်ခုစလုံးက မသက်သာပါဘူး ။
နှလုံးတုန် ရင်ခုန်နေရတာပဲ မဟုတ်ပါလား ။
စွဲစရာကို စွဲနေတဲ့သတ္တိ ဖြစ်စေခဲ့တာကတော့ ၊ သိတတ်မှတ်တတ်တဲ့ အရွယ်က စခဲ့တယ်လို့ပဲ ပြောရမှာပါ ။
မိမိမွေးဖွါးကြီးပြင်းခဲ့တဲ့ ဘ၀ တလျှောက် ကျင်လည်ခဲ့ရတဲ့ ပတ်ဝန်းကျင်မှာ ထိတွေ့ဆက်ဆံခဲ့ဖူးတဲ့ ၊ အာရုံ
ဝတ္ထုတွေကို အခြေခံပြီး ( ကြိုက်စွဲ ၊ မကြိုက်စွဲ ) တွေ ။ အဲဒီ စွဲနေတဲ့ သဘောသတ္တိတွေ ဖြစ်ထွန်းလာစေခဲ့
တာပါပဲ ။ မသိဘူး ၊ မမှတ်ဘူး တဲ့ အာရုံ ၀တ္ထုတွေကို စွဲခြင်းသတ္တိ (ဥပါဒါန်) မဖြစ်စေနိုင်ပါဘူး ။
အနည်းဆုံး တကြိမ်လောက်တော့ ( သိခဲ့ ၊ မှတ်ခဲ့ ) ပါမှသာ ၊ အစွဲ ( ဥပါဒါန်) သတ္တိ ပေါ်လာတာပါ ။
အနည်းငယ် ထပ်ပြီးရှင်းရရင် ။ သိပ္ပံဘာသာတွဲနဲ့ အင်္ဂျင်နီယာပညာကို ထိတွေ့သင်ကြား မှတ်သားခဲ့တဲ့
သူဟာ သူထိတွေ့ သိ၊မှတ် ခဲ့တဲ့ ၊ အင်္ဂျင်နီယာ ဘာသာရပ်တွေကို စွဲစရာ အဖြစ်စွဲနေတဲ့ သတ္တိ ဖြစ်လာ
စေသလို ၊ ၀ိဇ္ဇာဘာသာတွဲနဲ့ ပထ၀ီပညာကို ထိတွေ့သင်ကြား မှတ်သားခဲ့သူကတော့ ၊ ပထ၀ီပညာ ဘာသာ ကို စွဲစရာအဖြစ်နဲ့စွဲနေတဲ့ သတ္တိကို ဖြစ်စေပါတယ် ။ ပြောလိုရင်းက လူတယောက်နဲ့ တယောက်ဟာ ၊ စွဲစရာ ခန္ဓာ ( ဥပါဒါနက္ခန္ဓာ ) မတူကြသလို ။ စွဲနေတဲ့သတ္တိ အစွဲ ( ဥပါဒါန် ) ဟာလည်း ၊ မတူညီကြတဲ့
သဘောကို သိစေဖို့ပါ ။ လူ့ဘ၀ခရီးကို လောကီလူသားတွေဟာ အဲဒီ မတူညီတဲ့ (ဥပါဒါန်)တွေနဲ့ ၊
ကိုယ်စီ လျှောက်လှမ်းနေကြတာပါ ။ ကောင်းတယ်မှန်တယ်ဆိုတဲ့ အစွဲတွေရှိသလို ၊ မကောင်းတဲ့မှားတယ်
ဆိုတဲ့ အစွဲတွေလည်း ရောပြွန်း ပါဝင်နေတာပါပဲ ။ လောကီလူသားဟာ ဒီဥပါဒါန်နဲ့ပဲ ၊ လူလုပ်နေကြရတာ ။
လူ့ဘ၀ခရီး ရှင်သန်ခြင်းကို ပြုနေကြရတာပါ ။ ဆရာဝန်ပညာကိုသင်ပြီးစွဲနေတဲ့အစွဲနဲ့ လူသားက ၊
ဆရာဝန် ဆိုတဲ့ ဘ၀ခရီးကိုလျှောက်နေသလို ၊ အင်္ဂျင်နီယာပညာသင်ခဲ့သူကလည်း သူစွဲနေတဲ့အသိနဲ့၊
အင်္ဂျနီယာ ဆိုပြီး ဘ၀ခရီးလျှောက်ရတာပါပဲ ။ ဆရာဝန်ဖြစ်ပြီး တိုက်ဆောက်တဲ့ အလုပ်ကို လုပ်စားတဲ့
သူဆိုပေမဲ့ ၊ သူ့ကိုယ်သူ ဆရာဝန်ပါဆိုတဲ့ ဂုဏ်ပုဒ်နဲ့ အစွဲနဲ့ ဘ၀ခရီး လျှောက်ရတာပါပဲ ။
လူတယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးဆိုတဲ့ အဓိပ္ပါယ်ဟာ အဲဒီစွဲပြီးနေတဲ့ အစွဲတွေ (သင်ခဲ့၊သိခဲ့၊မှတ်ခဲ့)
တာတွေရဲ့ အရည်အသွေး (အစွဲ ဥပါဒါန်) အမျိုးမျိုးကို လိုက်လို့ ၊ကွဲပြားခြားနား စေတာပါ ။
အဲဒီကွဲပြားမှုကပဲ ( ကျောင်းဆရာ ၊ ဆရာဝန် ၊ အင်္ဂျင်နီယာ ၊ ဘူမိဗေဒပညာရှင် ၊ ……) စသည် ၊ စသည်ဖြင့် ၊
အမျိုးမျိုး ကွဲပြားစေခဲ့တာပါပဲ ။ ဘာကိုဆိုလိုသလဲဆိုတော့ ၊ လူတယောက်ကို ဥပါဒါန် တစ်မျိုးစီ လို့ ဆိုလို
တာပါ ။ အကြိုက်တွေ မတူသလို ၊ မကြိုက်တွေကလည်း ကွဲပါတယ် ။
ဒီနေရာမှာ စွဲခဲ့ဖူးတဲ့ ၊ ကြိုက်စွဲ ၊ မကြိုက်စွဲတွေဟာလည်း ၊ဘုရားဟောတဲ့ဒေသနာအတိုင်း ၊ မြဲတော့ မမြဲပါဘူး
လို့ ထပ်ပြောချင်တယ် ။ ကြိမ်ဖန်များစွာ ဆက်ဆံထိတွေ့ပြီး စွဲနေတဲ့ အစွဲ တစ်ချို့ဟာ ၊ ဆက်ဆံထိတွေ့ခွင့်
မရတော့တာ ကြာလာရင်သော်လည်းကောင်း ၊ အသိဉာဏ် အပြောင်းအလဲ ဖြစ်ခဲ့ရင်သော်လည်းကောင်း ၊
အစွဲတွေ ၊ အားနည်း ပျက်ပြယ်သွားတာမျိုးလည်း ရှိပါတယ် ။ စွဲဖူးတဲ့ စွဲစရာဟာ အဲဒီလို အခြေအနေ တွေကြောင့် ၊ မိမိအတွက် စွဲစရာ ( ဥပါဒါနက္ခန္ဓာ )ရယ်လို့ ၊ အားမရှိတော့ပဲ ၊ တဖြည်းဖြည်း
အားနည်းပျက်ပြယ်သွားတာမျိုးပေါ့ ။ ဒါပေမဲ့လည်း ဒီဟာကိုအစွဲလျှော့ပြီး ၊ဟိုဟာကို အသစ်ထပ်လို့စွဲတာ
မျိုးတွေလည်းရှိပါတယ် ။ အသစ်ထိတွေ့သိမှတ် ဆက်ဆံလိုက်ရတဲ့ စွဲစရာတွေကို ၊ပြောင်းပြီးတော့ ၊ စွဲတဲ့
သဘောပါ ။ ဒါကြောင့် ပြောချင်တာက ၊ ဥပါဒါန်သည်လည်း ထာဝစဉ်ထာဝရမဟုတ်ပဲ ၊အခြေအနေအရပ်ရပ်
ကိုအကြောင်းပြုလို့ ၊ ပြောင်းလွဲတတ်တယ်လို့ ပါ ။
ပိုပြီးရှင်းလင်းအောင် ဥပမာ ထုတ်ဆောင်ပြရမယ်ဆိုရင် ။မြန်မာပြည်မှာမွေးပြီး အသက်ငါးနှစ်လောက်ကျမှ ၊
မိဘနှစ်ပါးဆုံးပါးသွားလို့ ၊ အင်္ဂလန်က အင်္ဂလိပ်လူမျိုး မွေးစားမိဘ တွေနဲ့ ၊အင်္ဂလန်နိုင်ငံက အင်္ဂလိပ်စကား
ကိုပဲပြောပြီးနေတဲ့ ၊ သူတွေကြားမှာ ကြီးပြင်းလာတဲ့ ၊ အသက် (၂၀) အရွယ်လူငယ်တယောက်လိုပေါ့ ။
ငယ်စဉ်က သိခဲ့၊ တတ်ခဲ့၊ မှတ်ခဲ့ တဲ့ မြန်မာစကားကို ၊ နောက်ထပ် ( ၁၅)နှစ်လုံးလုံး ၊ မပြောဖြစ်တော့ပဲ ၊
အင်္ဂလိပ်လိုပြောနေတဲ့ ၊ မိဘတွေနဲ့ ၊ အင်္ဂလိပ်တွေ ကြားမှာပဲနေဖြစ်သွားတဲ့အခါမှာ ၊ မူလကလေးဘ၀ က ၊
စွဲခဲ့တဲ့ မြန်မာစကားဟာ ၊ နှစ်ပေါင်းများစွာထပ်ပြီးထိတွေ့ခွင့်မရတော့လို့ ၊ အစွဲတွေ လျော့ပြီး တဖြည်းဖြည်း
ပျောက်သွားပြီး ၊ မြန်မာစကားကို မပြောတတ်အောင် ဖြစ်သွားပေမဲ့ ၊(၁၅)နှစ်လောက် ဆက်တိုက် ထပ်ပြီး
အသစ် ၊ထိတွေ့နေခဲ့ရတဲ့ ၊ အင်္ဂလိပ်စကားကိုတော့ စွဲစရာ အဖြစ်စွဲပြီး ။သူ့ကိုယ်သူ အင်္ဂလိပ်စကားပြောတဲ့
အင်္ဂလိပ်လူမျိုးတယောက်လို ၊ ယုံကြည်ပြီး ဘ၀ခရီးကို ဆက်လျောက်တာမျိုးပေါ့ ။
အသိဉာဏ်ပြောင်းလို့ အစွဲလျော့တာကတော့ ။ ဥပမာပေးရရင် ၊ ဟင်းကို လေးလေး(ငန်ငန်) ကြိုက်လို့ ၊နှစ်ပေါင်းများစွာ (လေးလေး)ပဲစားခဲ့သူတယောက်ဟာ ။ သွေးတိုးရောဂါ ဖြစ်လို့၊ အငန်ကြောင့်သွေးတွေတိုး
လာတဲ့အကြောင်း ၊ သေခြာရှင်းလင်းအောင် သိသွားပြီးတဲ့နောက် ။အငန်ရှောင်ပြီး ( အပေါ့ )စားရာကနေ ၊
ဟင်းပေါ့ပေါ့ကို လက်ခံစားနိုင်တဲ့ အစွဲ(ဥပါဒါန်)ကို ပြောင်းသွားစေသလိုပါ
။ အဲဒီအခြေအနေမှာ ၊ သူဟာဟင်းကို ငန်ရင် မနှစ်သက်တော့တဲ့ ၊ အခြေအနေအထိ ပြောင်းသွားစေနိုင်တယ် ။
ဒါက အသိဉာဏ်ကို အခြေခံတဲ့ ၊ ဥပါဒါန် ပြောင်းလဲမှုပါပဲ ။
ဥပါဒါန်ဆိုတိုင်း အဆိုးတွေချည်း မဟုတ်တာကိုတော့ နားလည်မယ်ထင်ပါတယ် ။
အရက်သောက် ၊ ဖဲရိုက် ၊ လူသတ် ၊ ဓါးပြတိုက် ၊ နေတဲ့ ဓါးပြတယောက်ရဲ့ဥပါဒါန်ဟာ ( အဆိုး )လို့
ဆိုနိုင်ပေမဲ့ ၊ သတ္တ၀ါတွေ အသက်ကို ကယ်နေတဲ့ သမားတော်တယောက်ရဲ့ ဥပါဒါန်ကိုတော့ ၊
လောကနိယမအရ ( အကောင်း )လို့ ဆိုရမှာပါ ။ သံသရာထည်းမှာ ကျင်လည်နေတဲ့ ဘ၀တွေအတွက်တော့
အဲဒီဥပါဒါန်ဟာ ( ကောင်းမှု ၊ ကုသိုလ် )ကိုဖြစ်စေတဲ့ ၊ အကောင်းဥပါဒါန်လို့ပြောရင် မမှားနိုင်ပါဘူး ။
အဆိုးဥပါဒါန်တွေ နဲ့ အကောင်းဥပါဒါန်တွေ ဟာလည်း ရဟန္တာ မဖြစ်မချင်း ၊လူအားလုံးဆီမှာ ၊ ပညာဉာဏ်
ရင့်ကျက်မှု အဆင့်နဲ့ အညီ ၊ ထုထည်တွေ ကွဲပြားခြားနားပြီး ၊ မတူကွဲပြားစွာနဲ့ ကိန်းအောင်းလို့ နေမှာပါ ။
ပုထုဇဉ် ကစလို့ အနာဂါမ် အထိ များရာကနေပြီး ၊ နည်းသွားပါလိမ္မယ် ၊ ရဟန္တာအဖြစ်ရောက်ရှိခဲ့ပြီ ဆိုလျှင်
တော့ ၊ စွဲစရာ (ဥပါဒါနက္ခန္ဓာ) ကလည်းမရှိတော့သလို ၊ စွဲနေတဲ့သတ္တိ အစွဲ(ဥပါဒါန်) သည်လည်း ၊ လုံးဝ
ကုန်ဆုံးသည်၏ အဖြစ်ကို ၊ ရောက်ရှိမှာပါ ။ဒါဆိုရင် ( စွဲစရာ နဲ့ အစွဲ ) တွေဟာ ၊ သာမာန်ပုထုဇဉ်တွေနဲ့ ၊ အနာဂါမ်အဆင့်အထိ ၊ များရာမှ နည်း ၊မတူကွဲပြား ၊ ရှိနေမယ်ဆိုတာ ထပ်ပြီး ထင်ရှားလာပါပြီ ။
ဥပါဒါန်တွေရှိနေသမျှ ၊ ကုသိုလ် ၊ အကုသိုလ် တွေဟာရှိနေမယ် ။ ကုသိုလ် ၊အကုသိုလ်တွေ ရှိနေသမျှ ၊
ဘ၀သစ်တွေ ဖြစ်တည်နေရဦးမယ်လို့ ဆိုချင်ပါတယ် ။
အဆိုးဥပါဒါန်တွေများနေသူ တွေက တော့ ( အဆိုးမြင် ) တဲ့အမြင်တွေများနေမှာပဲ။ အသိဉာဏ်ကြောင့် ၊
အဆိုးဥပါဒါန်တွေနည်းပါးလာပြီး ၊ အကောင်းဥပါဒါန်တွေများလာသူတွေမှာတော့ (အကောင်းမြင် )တဲ့ ၊
အမြင်တွေများလာမှာပါ ။ ဒါပေမဲ့ အဲဒီ အမြင် နှစ်မျိုးနဲ့ရှင်သန်နေသူတွေမှာ အကြောင်းတရားတွေဖြစ်တဲ့၊
ကုသိုလ်နဲ့ အကုသိုလ် အမှုတွေ ပြုဖြစ်နေလို့ ၊ သူ့အတွက် အကျိုးဝိပါက်ဆိုတဲ့ ၊ ဘ၀ သစ်တွေရှိနေကြ
ရတာပါပဲ ။ ဥပါဒါန် ကုန်ခမ်းသွားသူတွေမှာတော ( အမှန်မြင် ) တဲ့ ၊အမြင်ကို ၊ ဉာဏ်က ဆိုက်ရောက်ပြီမို့
အရာရာကို သဘာဝအစစ်အမှန် အတိုင်း သစ္စာထိုက်စွာ အမှန်တွေပဲ မြင်ပါတော့တယ် ။
အမြင်မှန်တဲ့ ( အမှန်မြင်ခြင်း ) ကတော့ ၊ ကုသိုလ် ၊ အကုသိုလ် ၊ဖြစ်ကြောင်းအမှုဆိုတာ ၊ စိုးစေ့မျှ မဖြစ်
နိုင်တော့တဲ့ ( ကြိယာ ) အဖြစ်ကို ၊ ရောက်စေပါပြီ ။ အကြောင်းမဲ့ခဲ့ပြီဆိုတော့ ၊ အကျိုးကလည်း ၊ ဆက်လို့
မရတော့တဲ့ အဖြစ်ပါ ။ ဒီအဖြစ်က ဘ၀သစ်ကို မဖြစ်ပေါ်စေတော့တဲ့ နောက်ဆုံးဘ၀အဖြစ်ကို ရောက်စေနိုင်
ခဲ့ပါပြီ ။ဥပါဒါန် ရှိလို့၊ ကုသိုလ် အကုသိုလ်ရှိတယ် ။ ဒါကြောင့် ဘ၀သစ်တွေရှိတယ် ။
အကြောင်းရှာတော့ ၊ ဘ၀ဖြစ်ရခြင်းရဲ့ အရင်းအမြစ်ဟာ ၊ ဥပါဒါန်ပါပဲ ။အဆိုးဥပါဒါန်တွေများတဲ့ ( အဆိုးမြင် ) ဘ၀ကစပြီး ၊အကောင်းဥပါဒါန်တွေများတဲ့ ( အကောင်းမြင် ) ဘ၀ကိုရောက်ရလေအောင်ဦးစွာပထမ ၊
အသိဉာဏ်ရင့်ကျက် လာအောင် ကျင့်ကြံ အားထုတ်ရမှာပါ ။အကောင်းဥပါဒါန်တွေများတဲ့ ( အကောင်းမြင် ) အဖြစ်မှသည် ၊အမှန်တွေကိုမြင်တဲ့ ( အမှန်မြင် ) ဘ၀ကို ၊နောက်တဆင့်တက်လို့ ၊ ကျင့်ကြံ့ အားထုတ်ရမှာပါ ။ အမြင်တွေမှန်တဲ့ (အမှန်မြင် ) ဘ၀ကိုရောက်ပြီဆိုရင်ဖြင့် ၊ ဒုက္ခတွေချုပ်ငြိမ်းပြီလို့ ပြောနိုင်ပါပြီ ။
ဒါတွေဟာ ဒုက္ခချုပ်ငြိမ်းရာ လမ်းစဉ်ကို မြင်အောင် ပြခြင်းပါ ။
ခင်ဗျားတို့ ၊ ကျွန်တော်တို့ ရှင်သန်နေတဲ့ ဘ၀တွေမှာ ၊ ရှင်သန်ခြင်းကိုဆင်းရဲစေတဲ့ ၊ အဆိုးဥပါဒါန်တွေဟာ ၊
သီးခြား ကျောင်းတွေမှာ သင်စရာမလိုပဲ ၊ ငယ်စဉ်ကစလို့ ၊ ပတ်ဝန်းကျင်အမျိုးမျိုးကနေပြီး ၊ အမျိုးစုံအောင် ၊
သိခဲ့ ၊ မှတ်ခဲ့ ၊ တတ်ခဲ့ ၊ ( စွဲစရာတွေရယ်လို့ အမျိုးမျိုးစွဲနေခဲ့ကြပြီးပါပြီ ) ။ ဥပါဒါန်အကောင်းတွေကိုတော့ ၊
ရှင်သန်ခြင်းကိုသက်သာစေဖို့ရာအတွက် ၊ ဆရာအသီးသီး ၊ ကျောင်းအသီးသီး ၊ ထံမှပင်ပင်ပန်းပန်းလည်း ၊
သင်ယူခဲ့ကြရပါတယ် ။ အကောင်း ဥပါဒါန်တွေကိုအကြောင်းပြုလို့ဘ၀ရှင်သန်ခြင်းကို ခဏတာ ၊ သက်သာစေ
နိုင်ခဲ့ပေမဲ့ ။ အို ၊ နာ ၊ သေ ၊ ဒုက္ခကြီးကတော့ ဘယ်သူမှ မလွတ်နိုင်ကြပါဘူး ။
ဒါဆို ဘာဆက်လုပ်မလဲ ။ စွဲစရာ ရယ် စွဲတဲ့သတ္တိရယ်ကို ၊ တဖြည်းဖြည်းနည်းပါးအောင် ကျင့်ရတော့မှာပဲ ။
ကိုယ့်အတွက် ( စွဲစရာ ) အာရုံရယ်လို့ ဖြစ်နေသေးတာ ( စွဲတဲ့သတ္တိ )ကအဲဒီအာရုံပေါ်မှာ ၊ ရှိနေသေးလို့ပေါ့ ။
အဲဒီအာရုံပေါ်မှာ စွဲတဲ့သတ္တိသာ ကုန်သွားရင် ။ အဲဒီအာရုံဟာ ကိုယ့်အတွက် (စွဲစရာ ) ဥပါဒါနက္ခန္ဓာ မဟုတ်တော့ပါဘူး ။ ခေတ်စကားနဲ့ပြောရရင် ( တစိမ်း )ဖြစ်သွားပြီ ။ စွဲစရာ လည်းမဟုတ်တော့သလို ၊
စွဲတဲ့သတ္တိလည်း မရှိတော့ရင် ၊ အဲဒီ အာရုံဟာ ကိုယ့်ကို ရင်မခုန်စေတော့ဘူး။ ချစ် ၊ မုန်း ၊ ပျောက်သွားပြီ ။
ဒါဆို ဒီအာရုံနဲ့ တွေ့လာ ၊ တိုက်လာတိုင်း ၊ ( ကုသိုလ် ၊ အကုသိုလ် ) မဖြစ်တော့ဘူးပေါ့ ။
လူတိုင်းမှာ ၊ တစိမ်းဖြစ်နေတဲ့ အာရုံတွေ များစွာရှိသလို ၊ တစိမ်းမဖြစ်တဲ့(ရင်ခုန်ရတဲ့)အာရုံတွေလည်း၊
များစွာရှိပါတယ် ။ တစိမ်းဖြစ်နေပြီးသားအတွက်က ၊ မလိုပေမဲ့ ၊ရင်ခုန်ရသေးတဲ့ အာရုံတွေများနေတာကို
တော့ ၊ ပါးလာအောင် ( ကျင့် )ပေးရတော့မယ် ။ လေ့ကျင့်ပေးရမယ် ။
လွယ်ကူတဲ့ စကားနဲ့ ပြောရရင် ၊ တိုက်လာတဲ့ အာရုံကြောင့် ( ရင်ခုန် ) သွားသလား ။ အဲဒါကို သိအောင် သတိ ထားပေးပါ ။ ရင်ခုန်တိုင်းလည်း သိပေးပါ ။ ချစ်မုန်းတစ်ခုခု ကြောင့် ရင်ခုန်သွား ၊လှုပ်သွားတာကို ။ သေခြာသိအောင်ကျင့်ပေးပါ ။ ရင်ခုန်သွားရင် ၊ အဲဒီအာရုံဟာ ကိုယ့်အတွက် စွဲစရာ ဖြစ်
နေသေးတဲ့ ( ဥပါဒါနက္ခန္ဓာ )ပါပဲ ။ ဥပါဒါနက္ခန္ဓာ ကို ရှု မိလိုက်တာ ၊သေခြာသိလိုက်တာဟာ ။ သာမာန်သိမဟုတ်တော့ပါဘူး ။ ထိုနည်းတူစွာပဲ မိမိမှာကိန်းနေတဲ့ ( စွဲနေတဲ့သတ္တိ) ဥပါဒါန် ကိုမြင်လိုက်တာ
ဟာလည်း ။ သတ္တိကိုမြင်တာ ၊ သဘာဝ ဓါတ်ကိုမြင်တာ ။ အဲဒီအမြင် နှစ်ခုမှာ ၊ပုဂ္ဂိုလ် သတ္တ၀ါ (ငါ) မပါဘူး ။
ဒီအမြင်ဟာ အမြင်မှန်တဲ့ ( အမှန်မြင် ) ပါပဲ ။ ပုဂ္ဂိုလ်သတ္တ၀ါ မပါတဲ့ ၊စွဲစရာ အာရုံ နဲ့ စွဲတဲ့ ဓါတ်သတ္တိ ၊ တွေကို ၊ သေခြာသိလိုက်တဲ့ ၊မြင်လိုက်တဲ့ ၊ အမြင်ဟာ ( အမှန်မြင်)ပါပဲ ။
အဲဒီအာရုံကို ကြုံလိုက်ရတိုင်း ၊ ကြိမ်ဖန်များစွာ ( အမှန်မြင် ) လာပြီဆိုရင် ။ ဒီအာရုံဟာ သင့်အတွက် ၊
တချိန်မှာ ၊ ရင်မခုန်ရတော့တဲ့ ၊ ( တစိမ်း ) ဖြစ်လာပါလိမ္မယ် ။
တစိမ်းဖြစ်လာတဲ့ ၊ အာရုံတွေများလာတာကိုပဲ ၊ ရင့်ကျက်လာတယ်လို့ ဆိုတာပါ ။မမြင်တာမဟုတ်ဘူး ။
မသိလိုက်တာမဟုတ်ဘူး ။ မြင်လိုက် ၊ သိလိုက်တယ် ၊။ ဒါပေမဲ့ ( အမှန် မြင် )နဲ့ မြင်လိုက်သိလိုက်တယ် ။
လှုပ်မသွားဘူး ။ ရင်ခုန်မသွားဘူး ။ စွဲစရာလည်း မဟုတ်တော့သလို ၊ စွဲလည်းမစွဲတော့ဘူး ။
ဘ၀ ခရီးမှာ ရင်ခုန်ရတာတွေများနေတာ ၊ ဆင်ရဲး တာပါပဲ ။ လှုပ်နေရတဲ့ အတွက်ပင်ပန်းတယ် ။
ရင်ခုန်ရတာတွေ နည်းလာလေလေ ၊ ချမ်းသာလေလေပဲ ။ မပင်ပန်းတော့ဘူး ။ချမ်းသာစစ်ဆီကို ၊ ရောက်ချင်တဲ့ သူတိုင်း ၊ ရင်ခုန်နေရသေးတဲ့ အာရုံတွေကို၊ အမှန်မြင်ပြီးတော့ ၊ တစိမ်းဖြစ်သည်အထိ ၊ အားထုတ်ပါ ။
ကိုယ်မင်းကို ရင်မခုန်တော့ဘူးလို့ ၊ ဆိုတဲ့ သဘောတရား ၊ အာရုံတွေပေါ်မှာ ၊များများ ထားနိုင်လာပြီ ဆိုရင်
ချမ်းသာစစ်တွေ ၊ များများလာပြီလို့ ပြောနိုင်ပါပြီ ။ ရင်ခုန်စရာအာရုံ ၊တစ်ခုမှ မရှိတော့တဲ့နေ့ကိုသာ
ရောက်ခဲ့မယ်ဆိုရင် ။ အလုံးစုံ အမှန်မြင်ပြီမို့ ၊ လူပင်နာသော်လည်း ၊စိတ်မနာတော့တဲ့ ၊ ဘ၀ အစစ်ကို
ရောက်ပြီ ။ ဆင်းရဲ ငြိမ်းပြီလို့ ပြောရတော့မယ် ။ ဘ၀သစ် မဖြစ်တော့တဲ့ ၊နောက်ဆုံး ဘ၀လို့လည်း ၊
ပြောနိုင်ပါပြီ ။
ဒီတော့ ဗုဒ္ဓဘာသာဝင် သူတော်စင်အားလုံး ၊ အာရုံတိုင်းကို (ကိုယ်မင်းကိုရင်မခုန်တော့ဘူး ) လို့ ၊
ပြောနိုင်တဲ့ ၊ အဆင့်ရောက်သည်အထိ ၊ ကျင့်ကြံနိုင်ကြပါစေ ။
ကျင့်ကြံကြပါစို့လို့ တိုက်တွန်းရင်း ၊ လူတိုင်း ဆင်းရဲငြိမ်းပြီးချမ်းသာစစ်ကို ရနိုင် ရောက်နိုင်ပါစေ ။

မေတ္တာဖြင့် ( အ.ဘ.ယ )

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */