“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, October 28, 2010

အန်ဒီအက်ဖ်၏ ဝါဒဖြန့်မှု အန်အယ်လ်ဒီ ရှင်းချက်ထုတ်

ခေတ်ပြိုင်သတင်း
ဝီရ /
၂၇ အောက်တိုဘာ

အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်) ပါတီ၏ ခေါင်းဆောင် သည် ဒေါ်အောင်ဆန်းစုကြည် မဟုတ်ကြောင်းနှင့် ယင်းပါတီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ၏ အသက်ကယ်ပါတီ လည်း မဟုတ်ကြောင်း အန်အယ်လ်ဒီက ယမန်နေ့က ကြေညာချက် ထုတ်ပြန်လိုက်သည်။
အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက “အန်ဒီအက်ဖ်ပါတီက အဖွဲ့ချုပ်ရဲ့ ကိုယ်ပွားလိုလို၊ အဖွဲ့ချုပ်နဲ့ အတူတူပဲဆိုတဲ့ အဓိပ္ပာယ် သက်ရောက်စေတဲ့ မဲဆွယ်စည်းရုံးနေတဲ့အပေါ် မဟုတ်မှန်ကြောင်း ပြည်သူတွေ နားလည်အောင် အဖွဲ့ချုပ်က ကြေညာချက် ထုတ်ပြီး ရှင်းပြတာ ဖြစ်ပါတယ်။ ပြီးတော့ ခမောက် ဆိုတိုင်းလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဟုတ်ဘူးဆိုတာ ထုတ်ပြန်တာလည်း ဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
အန်အယ်လ်ဒီအပါအ၀င် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ ရွေးကောက်ပွဲဝင် အန်ဒီအက်ဖ်ပါတီက ၎င်းတို့၏ စည်းရုံးရေးခရီးစဉ်အတွင်း ထင်ယောင်ထင်မှား ဖြစ်စေသော ဝါဒဖြန့် ပြောဆိုနေမှုများသည် အန်အယ်လ်ဒီနှင့် မည်သို့မျှမသက်ဆိုင်ကြောင်း ရှင်းလင်းချက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

မြန်မာစစ်အစိုးရက ထုတ်ပြန်လိုက်သော ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများသည် တရားမျှတမှု လုံးဝ မရှိ၍ နိုင်ငံရေးပါတီအဖြစ် ထပ်မံ မှတ်ပုံတင်ခြင်း ပြုမည်မဟုတ်ကြောင်း အန်အယ်လ်ဒီ၏ ဆုံးဖြတ်ချက်ကို ဒီမိုကရေစီကျင့်စဉ်အရ လိုက်နာခြင်း မရှိဘဲ အန်အယ်လ်ဒီ ပါတီဝင်အချို့က အန်ဒီအက်ဖ်ပါတီကို တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

“၂၀၁၀ ခု၊ မတ်လ (၂၉) ရက်နေ့က အဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်ကို မလိုက်နာဘဲ ပါတီအသစ်ထောင်တာ ဖြစ်တယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်လည်း သူတို့ပါတီရဲ့ ခေါင်းဆောင်လိုလို ပြောနေတဲ့အပေါ် မဟုတ်မှန်ကြောင်း ဒီကြေညာချက်ထဲမှာ အတိအလင်း ဖော်ပြထားပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

အန်ဒီအက်ဖ်မှ ခေါင်းဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေကမူ ဒေါ်အောင်ဆန်းစုကြည်သည် အများပြည်သူ အားလုံးနှင့် သက်ဆိုင်သော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်တဦး ဖြစ်သည်ဟု ဆိုသည်။

၎င်းက “ဒေါ်အောင်ဆန်းစုကြည်ဟာ အဖွဲ့တဖွဲ့တည်းနဲ့ ဆိုင်တဲ့ ခေါင်းဆောင် မဟုတ်ပါဘူး။ ပြည်သူအများက ရွေးချယ်တင်မြောက်ထားတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ပါ။ သူ့ကို အန်အယ်လ်ဒီ ခေါင်းဆောင်တွေက အပိုင်စီးထားလို့ မရပါဘူး။ ကျနော်တို့ကလည်း သူ့ကို ပြည်သူ့ခေါင်းဆောင်၊ ဒီမိုကရေစီခေါင်းဆောင်တဦး အဖြစ် အသိအမှတ်ပြုတာ ဖြစ်တယ်။ ဒီလို သတ်မှတ်တာ မလွန်ဘူးလို့ပဲ ကျနော် ယူဆတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

အန်အယ်လ်ဒီမှ စွပ်စွဲသကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အား အန်ဒီအက်ဖ်ပါတီ၏ ခေါင်းဆောင်အဖြစ် မဲဆွယ်စည်းရုံးနေသည်ဟု ဆိုခြင်းမှာ မဟုတ်မှန်ကြောင်းလည်း ဦးခင်မောင်ဆွေက ဆက်လက် ရှင်းပြသည်။

အန်အယ်လ်ဒီပါတီကမူ တိုင်းပြည်နှင့် ပြည်သူလူထု၏ ပစ္စုပ္ပန်နှင့် အနာဂတ်အကျိုးစီးပွားများကို ရှေးရှု၍ ၂၀၁၀ ရွေးကောက်ပွဲကို လုံးဝဥဿုံ သပိတ်မှောက်လိုက်ကြောင်း ကြေညာသည့် ကြေညာချက်တစောင် ကိုလည်း ယမန်နေ့က သီးခြား ထုတ်ပြန်ခဲ့သည်။

ယင်းကြေညာချက်တွင် နိုင်ငံသားများအနေဖြင့် မဲပေးရန် အခွင့်အရေး ရှိသကဲ့သို့ မဲမပေးခြင်းသည်လည်း ဥပဒေအရ အခွင့်အရေး ဖြစ်ကြောင်း၊ အတင်းအဓမ္မ မဲပေးခိုင်းခြင်းသည် ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း၊ အန်အယ်လ်ဒီ မပါ၍ မည်သူ့ကို မဲထည့်ရမည်ဆိုလျှင် မိမိကြိုက်သည့် ပါတီ မပါလျှင် မဲမထည့်ပဲ နေနိုင်ကြောင်းဆိုသည့် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကိုလည်း ဖော်ပြထားသည်။

အောက်တိုဘာ (၂၆) ရက်၊ ယမန်နေ့က ထုတ်ပြန်လိုက်သည့် အန်အယ်လ်ဒီ၏ ကြေညာချက် (၂) စောင်နှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောတူလက်ခံကြောင်း၊ ကြေညာချက်များကို အဖွဲ့ချုပ်ဝင်များသာမက ပြည်သူလူထုအကြား ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိနိုင်စေရန် ဖြန့်ဝေသွားမည် ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောကြားသည်။

၎င်းက “ကိုယ်ဖြတ်သန်းရမယ့် ရွေးကောက်ပွဲဟာ ဘယ်လိုရွေးကောက်ပွဲမျိုးလဲ၊ ဘာအတွက် မဲထည့်မှာလဲ ဆိုတဲ့ မေးခွန်းတွေကိုလည်း မဲဆန္ဒရှင်တွေအနေနဲ့ ကိုယ့်ကိုယ်ကို ပြန်မေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ထပ်မှာကြားလိုက်ပါတယ်”ဟု ပြောသည်။

လာမည့် အောက်တိုဘာ (၂၉) ရက်နေ့တွင် နေပြည်တော် ဗဟိုတရားရုံးသို့ လျှောက်လဲရန်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ် ပြစ်ဒဏ်နှင့် ပတ်သက်သည့် အထူးအယူခံဝင်ရေးအတွက် ညှိနှိုင်းဆွေးနွေးရန် ၎င်း၏ ရှေ့နေများဖြစ်သော ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်းနှင့် ဒေါ်ခင်ဌေးကြွယ်တို့က ဒေါ်အောင်ဆန်းစုကြည်နှင့် ယမန်နေ့က သွားရောက်တွေ့ဆုံခဲ့ကြသည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */