10/18/2010 သင်းသဇင်ခိုင်
ရွေးကောက်ပွဲ ဆန့်ကျင်သည့် စာရွက်များကို ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်းတွင် ဖြန့်ကျဲ ချထားသည်ကို တွေ့မြင်ခဲ့ရသည်ဟု မျက်မြင် အမျိုးသမီး တဦးက ပြောသည်။
သူမက “ ကျွန်မတွေ့တာက အောက်တိုဘာလ ၁၆ ရက်နေ့ ညနေ ၄ နာရီခန့်မှာ ကမ္ဘာအေး ဘုရားရှေ့က ကမ္ဘာအေး ဘုရားလမ်းမှာတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ကျွန်မလည်း တချို့စာရွက်တွေကို စိတ်ဝင်စားတဲ့ အတွက် ကောက်ယူလာခဲ့ပါတယ်” ဟု ပြောသည်။
အဆိုပါ စာရွက်များတွင် “ နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်ရှိသလို မဲမပေးဘဲ နေပိုင်ခွင့်လည်း ရှိသည်။ အတင်းအဓမ္မ မဲပေးခိုင်းခြင်းသည် ဥပဒေကို ချိုးဖေါက်ခြင်း ဖြစ်သည်။ (ဒေါ်အောင်ဆန်းစုကြည်)” ဟု ပါရှိပြီး တခြားစာရွက် နှစ်ရွက်တွင်လည်း အောက်ပါ အတိုင်း ရေးသားထားသည်ဟု သိရသည်။
Yangon-campaign-Myanmar-election-2010
“ မဲဆန္ဒရှင်ပြည်သူကသာ တိုင်းပြည်ရဲ့ အနာဂတ်ကို ပြဌာန်းပေးနိုင်သည်။ မဲဆန္ဒရှင် ပြည်သူများ သတိရှိကြ။ လုပ်သင့်တာကို ရဲရဲဝံ့ဝံ့ လုပ်ဆောင်ကြ။” ဟု ပါရှိပြီး တခြားတရွက်တွင်လည်း “ အာဏာရှင် ချယ်လှယ်သော ရွေးကောက်ပွဲ အလိုမရှိ။ ပြည်သူတိုင်း လုံးဝ မဲမပေးပါနှင့်။ ဒေါ်အောင်ဆန်းစုကြည် ပါဝင်သော ဒီမိုကရေစီ အရေး အမြန်ဆုံး ဖေါ်ဆောင်ပေး။ အမျိုးသားရေး အသိဖြင့် ဆက်လက် ဖြန့်ဝေပေးပါ။” ဟု ပါရှိကြောင်း သိရသည်။
“ ဘယ်အဖွဲ့ဖြန့်တယ်ဆိုတာတော့ အဖွဲ့ရဲ့ နာမည် မပါတော့ မသိဘူးလေ။ ရွေးကောက်ပွဲကို မကြိုက်တဲ့ သူတွေက လုပ်တာ ဖြစ်နိုင်ပါတယ်။ ကျွန်မ အထင်တော့ ခုလို စာရွက်တွေ လမ်းပေါ်မှာ ၃၀၀ လောက်ရှိမယ် ထင်တယ်။ ပြန့်ကြဲနေပါတယ်” ဟု သူမက ပြောသည်။
အဆိုပါ စာရွက်များကို ဗမာနိုင်ငံ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူများ တပ်ပေါင်းစု(ဗဒတ) က ပြုလုပ်ခြင်း ဖြစ်ကြောင်း အများထင်မြင် ယူဆနေကြသည်။
အဆိုပါ အဖွဲ့သည် အောက်တိုဘာလ ၁၆ ရက်နှင့် ၁၇ နေ့များက ၂၀၁၀ ရွေးကောက်ပွဲ၌ မဲမပေးရေး လှုပ်ရှားမှု တစ်ရပ်ကို ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ် ၂၀ မြို့နယ်တို့တွင် အခြေပြု လှုပ်ရှား ခဲ့ကြောင်း သတင်းရရှိသည်။
Yangon-campaign-Myanmar-election-2010
အဆိုပါ ဗဒတ တပ်ပေါင်းစုသည် ပို့စကဒ်ပေါင်း တစ်သောင်း ခြောက်ထောင်ကို လူနေအိမ် တိုက်ခန်းများ၊ လူစည်ကားရာ လမ်းမများ၊ ရုပ်ရှင်ရုံများ၊ လက်ဖက်ရည်ဆိုင်များ၊ ဓါတ်တိုင်များနှင့် တိုက်နံရံများတွင် လိုက်လံ၍ ကပ်ခြင်း၊ ဖြန့်ကျဲခြင်းများ ပြုလုပ်လျက်ရှိနေကြောင်း သိရသည်။
ဗဒတ တပ်ပေါင်းစုတွင် သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး၊ ၂၀၀၇ မျိုးဆက် ကျောင်းသားများ သမဂ္ဂ၊ ရွှေဝါရောင် မျိုးဆက် အဖွဲ့၊ New Generation၊ မြေလတ်ကျောင်းသားများ အဖွဲ့ နှင့် ရန်ကုန်တိုင်း အတွင်းရှိ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားနေကြသည့် ကျောင်းသားလူငယ်ပေါင်း ၂၀၀ ကျော် ပါဝင်ပြီး ၂၂ကြိမ်မြောက် ၈လေးလုံး နှစ်ပတ်လည်နေ့ ဖြစ်သည့် ၈ ရက် ၈လ ၂၀၁၀ တွင် စတင်ဖွဲ့စည်းခဲ့သည်ဟု သိရသည်။Rest of your post
Tuesday, October 19, 2010
ရွေးကောက်ပွဲ ဆန့်ကျင်ရေး စာရွက်များ ကမ္ဘာအေး ဘုရားလမ်းတွင် ပျံ့နှံ့
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment