လောက လောက ဆိုလို့ .. လောက အဓိပ္ပါယ်က ဆန့်ကျင်ဘက် တရားတွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်နေတာဆိုတာကိုပဲ လောက လို့ခေါ်တာကိုး ။ မပြေလည်မှုတွေ မတည်မြဲမှုတွေ မညီမျှမှုတွေ အားပြိုင်မှုတွေ နဲ့ပြည့်ကျပ်နေတာကို လောက လို့ ခေါ်တာ ။ ဒီထည်းမှာ အနိမ့်အမြင့် ၊ ဆင်းရဲချမ်းသာ ၊ အင်အားကြီး အင်အားငယ် ၊ ဉာဏ်ကြီးသူ ဉာဏ်နည်းသူ ၊ အဲဒီလို ဆန့်ကျင်ဘက်တွေပြည့်နေတယ်လေ ။
ကိုယ့်ကိုယ်ကိုယ် ဗဟိုပြုပြီး ၊ ပြင်ပလောကကိုမြင်တဲ့အမြင်ထည်းမှာ ၊ အရာရာကိုယ့်ထက်နိမ့်ကျ ဆင်းရဲနေသူတွေ ၊ အများကြီးတွေ့နိုင်သလို ၊ အစစအရာရာ မြင့်မားသူတွေကလည်း အဆုံးမရှိပါပဲ ။လူဆန်တဲ့ သဘာဝနဲ့ ရှင်သန်နေသူတယောက်အနေနဲ့ ၊ ကိုယ့်ထက် နိမ့်သူတွေကို ၊ကူညီဖေးမ ကယ်တင်ကြတာဟာ ၊ မင်္ဂလာ တစ်ပါးပါ ။ အဆင့်မြင့်တဲ့ လူစိတ်စစ်စစ် ရှိသူတွေသာ လုပ်နိုင်တာပါ ။
ဒီနေရာမှာ ပြောဖို့ဖြစ်လာတာကတော့ ၊ ကူညီဖေးမ ကယ်တင်ချင်စိတ်ရှိတိုင်း ၊ကယ်လို့ မရနိုင် ၊ မဖြစ်နိုင်
တဲ့ သဘောကို တော့ သိကိုသိနေမှ ဖြစ်မယ် ။ ကိုယ့်ဝန်နဲ့ ကိုယ့်အား မျှရုံပဲလုပ်ရမှာဖြစ်သလို ၊ ကိုယ်ကူညီ
ဖေးမ ကယ်တင်သင့်သူကိုသာ ကယ်မှ ဖြစ်မှာပါ ။
ဒါကို သမိုင်းနောက်ကြောင်းနဲ့ ပုံခိုင်းပြီးပြောရရင် ( ကျန်စစ်သားနဲ့ ၊စောလူးမင်း ) လိုပါပဲ ။ ကျန်စစ်သားက
ကယ်တင်ချင်တဲ့ စိတ်အပြည့်နဲ့ သူလည်း နိုင်တဲ့ ၀န်ထည်းမှာ ရှိလို့ ၊စောလူးမင်းကို ၊ ငရန်မန်ကန်း သတ်မဲ့
ဘေးကလွတ်အောင် ၊ ပုခုံးပေါ်ထမ်းပြီး ပြေးခဲ့တာပဲ ။ ဒါပေမဲ့ ကယ်တင်သင့်သူ မဟုတ်မှန်း နောက်မှသိလိုက်
ရတယ်မဟုတ်ပါလား ။ မိုက်မဲပြီး အသိဉာဏ်နည်းတဲ့ ( စောလူး ) ဟာ ။ သူ့ကို သေဘေးကကယ်တင်တဲ့
(ကျန်စစ်သား)ကို ၊ ရန်သူထင်နေတယ် ။ သတ်မဲ့ (ငရန်မန်ကန်း)ကိုတော့ ၊ မိတ်ဆွေထင်နေတယ်လေ ။
အဲဒီလို အသိဉာဏ်မဲ့ သူကို ကယ်မိတော့ ၊ ပုခုံးပေါ်က ( စောလူး )ဟာ (ကျန်စစ်သား ငါ့ကိုခိုးယူနေပြီ)လို့
ငရန်မန်ကန်း ကြားအောင် ၊ အော်တယ် မဟုတ်ပါလား ။ သူ့အော်သံကြောင့် ၊ ကိုယ့် အသက်ပါ ၊ သေရမဲ့
ကိန်း ဆိုက်သွားတယ်လေ ။ ဉာဏ်ပညာမဲ့သူကို ကယ်မိတဲ့ အတွက် ဖြစ်လိုက်ရတဲ့ ဒုက္ခပေါ့ ။
ဒီတော့မှ အသိဝင်ပြီး ( မင်းဆိုး မင်းညစ် လက်မှာ ခွေးသေ၀က်သေသာ သေကျန်ရစ်ပေတော့လို့ ) ဆိုပြီး
ပုခုံးပေါ်က ပစ်ချခဲ့ပြီး ၊ ကိုယ်လွတ်ရုန်း ပြေးခဲ့ရတယ်မဟုတ်လား ။
လွတ်ခဲ့လို့ မသေတာ ။ မသေခဲ့လို့လည်း တချိန်မှာ ( ကျန်စစ်သားမင်း )ရယ်လို့ ၊ ဖြစ်ခွင့်ခဲ့တယ်မဟုတ်လား ။
စေတနာရှိတိုင်း ကူလို့၊ ကယ်လို့ ၊ မရတာကို သက်သေထုတ်ပြရုံပါ ။
ကူချင်ရင်ကူပါ ။ ကယ်ချင်ရင်ကယ်ပါ ။ အသိဉာဏ် ပေးချင်ပေးပါ ။
အရေးကြီးတဲ့အချက်က … မိမိကို အန္တရယ်ကျရောက်နိုင်တဲ့ ကိစ္စမျိုး ရှိမရှိ ။ အသက်အန္တရယ် ရှိမရှိ ။
အဲဒါကို စမ်းစစ်ရမယ် ။ အသက် မသေသေးရင် ၊ အသက်ရှင်နေသလောက် ကယ်ဆယ်ရေးတွေ ၊ အများ
ကြီးဆက်လုပ်နိုင်မယ် ။ အောင်မြင်မှု ပန်းတိုင်နဲ့လည်း တွေ့နိုင်ခြေရှိတယ် ။ သေသွားရင် ၊ အန္တရယ်ကျ
ရောက်သွားရင်တော့ ၊ မြွေပါ လည်းဆုံး သားလည်းဆုံး ဖြစ်နိုင်တယ်ဆိုတာပါပဲ ။
ဘာပဲလုပ်လုပ် ၀န်နဲ့အားကိုချိန်ပါ ။ ဘယ်သူဘာပြောပြော ၊ ကိုယ့်ရဲ့ကိုယ်ပိုင်အသိဉာဏ်နဲ့ စဉ်းစားပြီး ၊
အန္တရယ်ရှိမရှိ ချိန်ဆပါ ။ စွန့်စားရမယ်ဆိုရင်တောင် လွတ်လမ်းကိုအရင်ကြည့်ပြီး လုပ်သင့်တယ် ။
ဘာပဲလုပ်လုပ်ပါ ။ အသိပညာ နည်းသူကို အသိဉာဏ်ပေးချင်လို့ပြောပြချင်တာရှိရင်တောင် စဉ်းစားပါ ။
ကိုယ်ပြောတဲ့ ရည်ရွယ်ချက်ကို ၊ သူ က သဘောပေါက် နားလည် လက်ခံနိုင်တဲ့ပင်ကိုယ် ဉာဏ်ရည်က
မီရဲ့လားလို့ ။ မဆင်ချင်ပဲပြောမိလိုက်ရင် ပြဿနာဖြစ်တတ်ပါတယ် ။ ကူရာ ၊ကယ်ရာ ၊ မရောက်ပဲ ။
အန္တရယ်ကျရောက်တတ်ပါတယ် ။ စာရေးသူလည်း ဘ၀တလျှောက် ၊ ဒီလိုအဖြစ်မျိုးတွေ ၊မရည်တွက်နိုင်
အောင် ၊ ကြုံခဲ့ရပြီးပါပြီ ။ အဲဒီလိုကြုံခဲ့ရလို့ (မဖြစ်နိုင်မှန်းသိပေမဲ့ ) ဆုတောင်းချင်မိတယ် ။
ဘ၀တလျှောက် အသိဉာဏ်ရည် ညီသူတွေ ၊ မြင့်သူတွေ နဲ့ ပဲ တွေ့ပါရစေလို့ပေါ့ဗျာ ။
( မဖြစ်နိုင်ပါဘူး ) ဒီဆုမျိုးက မပြည့်နိုင်ပါဘူး ။ ဒီတော့ ဘာလုပ်မလဲ ။
လူတိုင်းကို ကယ်ဖို့မကျိုးစားပါနဲ့ ။ လူတိုင်းကို အသိပညာ ပေးဖို့ မကျိုးစားပါနဲ့ ။ နိုင်သလောက် ၊ ၀န်နဲ့ အား မျှအောင်စဉ်းစားပြီး ။ ပေးသင့်သူ ကယ်သင့်သူ ။ ပြောသင့်သူ ဆိုတာတွေကို ၊
အတတ်နိုင်ဆုံး ချင့်ချိန်စဉ်းစားပြီးမှ ၊ ပေးသင့် ၊ ကယ်သင့် ၊ပြောသင့်တယ် ။ ဆိုတာပါပဲ ။
ကမ္ဘာကြီးတစ်ခုလုံးကို ၊ သင်လည်း ၊မကယ်နိုင်ပါဘူး ။ ကယ်လို့လည်း မရနိုင်ပါဘူး ။
လူတိုင်းကိုလည်း မကယ်နိုင်ပါဘူး ။ မကယ်သင့်ပါဘူး ။ဒုက္ခတွေ့တတ်ပါတယ် ။ ဒီတော့ မိမိနဲ့ အကြောင်းတိုက်ဆိုင် တဲ့ ကယ်သင့်သူတွေ ၊ ပေးသင့်သူတွေကို ၊သတိဉာဏ်ကြီးကြီးနဲ့ ကိုယ်တိုင် ဆင်ချင်ပြီး မှ လုပ်ပါ ။ သူတပါး ပြောတိုင်းလည်းလုပ်ဖို့မလိုပါ ။ မနိုင်ဝန်လည်း ၊ ထမ်းဖို့
မလိုပါ ။ ( နိုင်ရာဝန်ထမ်း ၊ ကိုယ်စီစွမ်း ) နိုင်လောက်သာ ၊မိမိကိုယ်လည်း အန္တရယ်မဖြစ်အောင် ၊
ဆင်ချင်လုပ်ကိုင်ကြပါလို့  တိုက်တွန်းရင်း ။ (ပန်းတိုင်ကိုလှမ်းကိုင်နိုင်ကြပါစေ )။။။။။။။။။။။

မေတ္တာဖြင့် ( အ.ဘ.ယ )
0 comments:
Post a Comment