မြန်မာအပေါ် ပိတ်ဆို့အရေးယူမှု အမေရိကန် ဥပဒေပြု အမတ်တိုက်တွန်း
| ဗုဒ္ဓဟူးနေ့၊ မေလ ၁၂ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၅၆ မိနစ် .
ချင်းမိုင် (မဇ္ဈိမ)။ ။ အမေရိကန် ကွန်ဂရက်အမတ် ဂျိုးခရော်လီ (Joe Crowley) က မြန်မာနိုင်ငံ စစ်အစိုးရအပေါ် ပစ်မှတ်ထား ပိတ်ဆို့ အရေးယူသည့် မြန်မာ့ ဒီမိုကရေစီနှင့် လွတ်လပ်ရေး ဥပဒေကို နောက်ထပ် သက်တမ်းတိုးရန် ဥပဒေကြမ်းတရပ်ကို ပါတီနှစ်ရပ် ပူးတွဲ တင်သွင်းရာတွင် ဦးဆောင် တင်သွင်းလိုက်သည် ဟု ထုတ်ပြန် ကြေငြာချက်တွင် ဖော်ပြထားသည်။
ခရော်လီ၏ ပိတ်ဆို့အရေးယူမှု သက်တမ်းတိုးရေးသည် ဥရောပသမဂ္ဂက အလားတူ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူရေး ဥပဒေကို နောက်ထပ် သက်တမ်းတိုးလိုက်အပြီး နှစ်ပတ်အကြာတွင် ပေါ်ထွက်လာခြင်း ဖြစ်သည်။
ဤသို့ ဥပဒေကြမ်း တင်သွင်းပြီးနောက် နယူးရောက် ပြည်နယ်မှ ဒီမိုကရက် အမတ်အဖြစ် ၆ ကြိမ် အရွေးခံထားရသူ ခရော်လီက ကြေငြာချက် တရပ် ထုတ်ပြန်ခဲ့သည်။ ထိုကြေငြာချက်တွင် `အလွန် တင်းကြပ် ပြင်းထန်သည့်၊ သန်မာခက်ထန်သည့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုတရပ်ကို ကျနော်တို့ လိုအပ်ကြောင်း အလွန် ထင်ရှားလာသည်။ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်များ ကျူးလွန်နေခြင်းနှင့် သူ့ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်နေခြင်းတို့ အတွက် ဤသို့ ပိတ်ဆို့ အရေးယူမှုကို အဆောတလျင် ပြုလုပ်ရန် လိုအပ်လာသည်´ဟု ရေးသားထားသည်။
သူက `မြန်မာနိုင်ငံ၏ တရားဝင်ခေါင်းဆောင်များ´ ဟု ရည်ညွှန်းခေါ်ဝေါ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်း စုကြည်တို့နှင့် `စစ်စစ်မှန်မှန် ပူးပေါင်း ဆောင်ရွက်ရေးကို စစ်အစိုးရက လုံးဝ ငြင်းပယ်လိုက်သည့်အတွက်´ စိုးရိမ်ပူပန်ကြောင်းလည်း သူက ထုတ်ဖော်ပြောဆိုသည်။
မြန်မာ့ ဒီမိုကရေစီနှင့် လွတ်လပ်ရေးဥပဒေကို ဒီမိုကရက်နှင့် ရီပတ်ဘလီကင် ပါတီနှစ်ရပ်လုံးမှ အင် အားကြီးမားသော နိုင်ငံရေးသမား များက ထောက်ခံထားသည့်အတွက် ယခုဥပဒေကြမ်းကို ဂျူလိုင်လ သက်တမ်းမကုန်ဆုံးမီ နောက်ထပ် သက်တမ်းတိုး အတည်ပြုပေး မည့် အလားအလာ အလွန်ကောင်းသည်။ ယမန်နှစ်ကလည်း ဒီမိုကရက် အထက်လွှတ်တော်အမတ် ဒီယန်းဖိန်းစတိန်း (Diane Feinstein) နှင့်သူမ ပါတီမှ သြဇာကြီးမားသော အမတ် အများအပြားက ထောက်ခံခဲ့ကြပြီး အလားတူပင် ရီပတ်ဘလီကင် အထက်လွှတ်တော်အမတ်များ ဖြစ်ကြသော ဂျွန်မက်ကိန်း (John McCain) နှင့် မစ်မက်ကော်နယ်လ် (Mitch McConnell) တို့ကလည်း ထောက်ခံ ခဲ့ကြသည်။
စစ်အစိုးရက ဆက်လက် ကျူးလွန်နေသော လူ့အခွင့်အရေး ဖောက်ဖျက်မှုများသည် သာမန်ရာဇဝတ်မှု အဆင့်ကိုပင် ကျော်လွန်သွားပြီ ဖြစ်သည်ဟု သူ့ကြေငြာချက်တွင် စွပ်စွဲဖော်ပြထားပြီး အဆိုပါ ရာဇဝတ်မှုများကို နိုင်ငံတကာက စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ရန်လည်း တောင်းဆိုလိုက်သည်။
`ဤကွန်ဂရက် လွှတ်တော်ထဲမှ ကျနော်တို့ အမတ်အများအပြား နှင့် ယုံကြည် ကိုးစားခံရသော လူ့ အခွင့်အရေး အဖွဲ့အစည်း အများ အပြား က နှစ်ပေါင်းများစွာ ဤသို့ ပြောဆိုလာခဲ့ကြသည်။ ယခု ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စား လှယ် စစ်အစိုးရက ရာဇဝတ်မှုများ ကျူးလွန်နေကြောင်း အလွန်ဖြစ်နိုင်ခြေ ရှိသည်ဟု ထုတ်ဖော်ပြောဆိုလာသည်။ ဤစစ်အစိုးရသည် ရွာပေါင်း ၃၅ဝဝ မှ ရွာသားများ မိမိတို့ အိုးအိမ်များကို စွန့်ခွါထွက်ပြေးအောင် လုပ်ဆောင်ခဲ့ကြသူများ ဖြစ်သည်၊ မရေမတွက်နိုင်သော တိုင်းရင်းသား လူနည်းစု အမျိုးသမီးများကို မုဒိမ်းကျင့်ခဲ့ကြသူများ ဖြစ်သည်။ ထောင်ပေါင်းများစွာသော ကလေးများကို စစ်သားအဖြစ် အတင်းအကြပ် စုဆောင်းသိမ်းသွင်းခဲ့ကြသူများ ဖြစ်သည်၊ ဤရာဇဝတ်မှုများသည် ယနေ့ထက်တိုင် ဆက်လက် ဖြစ်ပွါးနေဆဲရှိသည်´ ဟု ခရော်လီက ဆိုထားသည်။
`မြန်မာ စစ်အစိုးရသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်နေပြီး ထိုကျူးလွန်မှုများကို နိုင်ငံတကာက ပြင်းပြင်းထန်ထန် စုံစမ်းစစ်ဆေး အရေးယူရန် တို့ကို လက်ခံ အတည်ပြုပြီး ကုလသမဂ္ဂ၏ တွေ့ရှိချက်များကို အမေရိကန်အစိုးရက ထောက်ခံလိမ့်မည်ဟု ကျနော် မျှော်လင့်ပါသည်´ ဟုလည်း သူကပြောသည်။
အမေရိကန် ဘဏ္ဍာရေးဌာန နိုင်ငံခြားပိုင်ဆိုင်ခွင့်များ ထိန်းချုပ်ရေး ဌာနရုံး က ဆွစ်ဘဏ်လုပ်ငန်းကြီး တခုဖြစ်သော ခရက်ဒစ်ဆွိစ် (Credit Suisse) သည် အီရန်၊ မြန်မာ၊ လစ်ဗျား၊ ဆူဒန်၊ ကျူးဘား နှင့် ချားလ်စ်တေလာ၏ ယခင် လိုင်ဘေးရီးယား နိုင်ငံတို့အပေါ် အမေရိကန်က ပိတ်ဆို့ အရေးယူထားမှုများကို ဖောက်ဖျက်ကြောင်း တွေ့ရှိသည်ဟု ဆုံးဖြတ်ခဲ့ပြီးနောက် တခါမျှ မကြုံဖူးသည့် ဒဏ်ငွေ ပမာဏဖြစ်သော အမေရိကန်ဒေါ်လာ ၅၃၆ သန်းကိုပေးရန် သဘောတူခဲ့ရသည်။ ယခုကဲ့သို့ ဆွစ် ဘဏ်ကြီးက ဒဏ်ငွေပေးဆောင်ရန် သဘောတူကြောင်းကို ကြေငြာခဲ့ပြီးနောက် အမေရိကန် ရှေ့နေချုပ် အဲရစ်ဟိုလ်ဒါ (Eric Holder) က ဆွစ်ဘဏ်ကြီးသည် အဆိုပါ နိုင်ငံများအပေါ် ချမှတ်ထားသော ပိတ်ဆို့ အရေးယူမှုများကို ကျော်လွှားကာ `အမေရိကန် ဒေါ်လာကို လက်ခံရယူ သုံးစွဲနိုင်ရေး စီးပွါးရေး ပုံစံတရပ် ဖော်ထုတ်ကာ´ လုပ်ဆောင်နိုင်ရေး တရားမဝင် ဆောင်ရွက်ပေးခဲ့သည်ဟု ဆိုသည်။
အမေရိကန်၏ စုံစမ်းစစ်ဆေးမှုအရ ဆွစ်ဘဏ်ကြီးသည် အဆိုပါ ဖောက်ဖျက်မှုအများစုကို အီရန်နှင့် ငွေပေးငွေယူ ဆောင်ရွက်မှုများတွင် ပြုလုပ်ခဲ့သည်ဟု တွေ့ရှိခဲ့သော်လည်း မြန်မာနိုင်ငံသို့လည်း အကြိမ်ပေါင်း ၃ဝ မျှ ငွေကြေးများ တရားမဝင် ပေးပို့ခဲ့ကြောင်း ကြေအေးမှု စည်းကမ်းချက်များအရ ဆွစ် ဘဏ်ကြီးက ဝန်ခံပြောကြားခဲ့သည်။ နှစ်ပေါင်း ၂ဝ ကျော်အတွင်း ထိုသို့ ပိတ်ဆို့ အရေးယူခံထားရသော နိုင်ငံများသို့ အမေရိကန်ဒေါ်လာ သန်းထောင်ပေါင်း ၁.၆ မျှကို တရားမဝင် ပေးပို့ခဲ့သည်ဟု လည်း ဆွစ်ဘဏ်ကြီးက ဝန်ခံခဲ့သည်။
မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုကို သက်တမ်းတိုးရန် ယမန်နေ့က အဆိုပြုလိုက်ချိန်တွင် မြန်မာနိုင်ငံမှ ဒုက္ခသုက္ခမျိုးစုံကို ခံစားခဲ့ရ သော အတိုက်အခံများသည်လည်း လမ်းဆုံလမ်းခွတွင် ရောက်ရှိနေချိန် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ယခုနှစ် အတွင်း ကျင်းပဖွယ်ရှိသည့် ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခြင်း မပြုရန် ရွေးချယ် ဆုံးဖြတ်ခဲ့ကြသည်။ တချိန်ထဲတွင် ဒီချုပ်မှ ခွဲထွက်သွားသူများ အပါအဝင် ပါတီငယ်လေးများက ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် သဘောတူညီခဲ့ကြသည်။
ဒီချုပ်က ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့ရခြင်းမှာ မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ ဥပဒေ များအရ ဒေါ်အောင်ဆန်းစုကြည် ကို ရွေးကောက်ပွဲ မဝင်နိုင်ရန် တားမြစ်ထားမှုများ ပါဝင်နေပြီး၊ ရာဇဝတ် ပြစ်ဒဏ် ကျခံနေရသူများကိုလည်း အလားတူ တားမြစ် ပိတ်ပင်ထားသည်။ ထိုရွေးကောက်ပွဲ ဥပဒေများနှင့် အများဝေဘန် ပြစ်တင်ခံနေရသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေတို့အရ ရွေးကောက်ပွဲများအပြီး အရပ်သား အစိုးရဆိုတာ ပေါ်လာသည့် အချိန်တွင် စစ်တပ်ကို တိုင်းပြည် အုပ်ချုပ်ရာတွင် အဓိက အခန်းမှ ရှိနေစေမည် ဖြစ်သည်။
http://www.mizzimaburmese.com/news/world-news/5367-2010-05-12-15-39-23.html
Wednesday, May 12, 2010
လူယုတ်တွေရဲ့ လည်ဇိကို သာ နာနာညှစ်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment