“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, November 04, 2008

လေးစားမိပါတယ် ခင်ဗျား.

ရေနစ်သေဆုံးသူ ကယ်ဆယ်ရေးလုပ်သား ရုပ်ကလာပ် ပြန်တွေ့
ဆလိုင်းပီးပီး ။ အင်္ဂါနေ့၊ နိုဝင်ဘာလ 04 2008 18:50 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ မြန်မာပြည်အနောက်ပိုင်း ချင်းပြည်နယ်တွင် ကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဖြူးအပြီးအပြန် ကုလားတန်မြစ်အတွင်း လှေမှောက်၍ ကယ်ဆယ်ရေး လုပ်သားတဦး ပြီးခဲ့သည့်လ ၃ဝ ရက်နေနေ့က ရေနစ်သေဆုံးခဲ့ရာ ၃ ရက်အကြာ၌ ပြန်လည် တွေ့ရှိသည်။

အိန္ဒိယ-မြန်မာ နယ်စပ်အခြေစိုက် ချင်းအငတ်ဘေး အရေးပေါ် ကယ်ဆယ်ရေးကော်မတီ - CFERC ၏ ယာယီ ဆက်သွယ်ညှိနှိုင်းရေးမှူး ဂျွန်တွီဟင်း - John Tuihing (၃၆ နှစ်) ၏ အလောင်းကို ၃ ရက်အကြာတွင် မြစ်အတွင်းမှပင် ပြန်လည် တွေ့ရှိခဲ့သည်ဟု လုပ်ဖော်ကိုင်ဘက်တဦးဖြစ်သူ ဆန်ဘစ် - Sangbik က ပြောဆိုခြင်း ဖြစ်သည်။

“သူက ရှင်းလက်ဝရွာက ရွာသားတွေကို ကယ်ဆယ်ရေး ပစ္စည်းတွေ ဝေဘို့သွားတာ။ အဲဒီရွာကအပြန် အိန္ဒိယ-မြန်မာ နယ်စပ်အနားက ကုလားတန်မြစ်ထဲ လှေမှောက်ပြီးသေတာ” ဟု CFERC ကော်မတီ၏ အဖွဲ့ဝင်တဦးဖြစ်သူ ဆန်ဘစ်က မဇ္ဈိမကို ပြောသည်။

ဤအဖွဲ့သည် ဘာသာရေး ခေါင်းဆောင်များနှင့် လူမှုရေးလုပ်ငန်း စေတနာရှင်များဖြင့် ပူးပေါင်းဖွဲ့စည်းထားသည့် လူသားချင်း စာနာကူညီသည့် အဖွဲ့အစည်းတရပ် ဖြစ်သည်။

၂ဝဝ၆ ခုနှစ်ကုန်ကတည်းက ဝါးသုဉ်းပြီး ကြွက်ကျ၍ အငတ်ဘေး ကျရောက်နေသော ချင်းပြည်နယ် ပလက်ဝမြို့နယ်သို့ ကယ်ဆယ်ရေးပစ္စည်းများ သွားရောက်ဝေငှအပြီး အပြန်ခရီးတွင် ဂျွန်တွီဟင်း သေဆုံးခဲ့ခြင်း ဖြစ်သည်။

ကြွက်ကျ၍ ပြောင်းခင်းများ၊ စပါးကျီများနှင့် မီးဖိုချောင်ထဲအထိ အစားအစာများကို ဝင်ရောက်ဖျက်ဆီးခံရ၍ အကြီးအကျယ် စားနပ်ရိက္ခာရှားပါးမှု အကျပ်အတည်းနှင့် ကြုံနေရသော မြို့နယ် အများအပြားတွင် ချင်းပြည်နယ် ပလက်ဝမြို့နယ်သည်လည်း တခုအပါအဝင် ဖြစ်သည်ဟု CFERC က ပြောသည်။

ချင်းလူသားချင်း စာနာကူညီသည့် အဖွဲ့အစည်း အများအပြား နယ်စပ်ဖြတ်ကျော်၍ ချင်းပြည်နယ် ကျေးရွာများသို့ ကယ်ဆယ်ရေးပစ္စည်းများ လျှို့ဝှက်ပေးပို့နေစဉ် တွီဟင်း သေဆုံးသည့်သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဝါးသုဉ်းပြီး ကြွက်များ အလွန်အမင်း တိုးပွါးလာကာ ချင်းပြည်နယ်အနှံ့ စပါးခင်းများနှင့် အခြားသီးနှံများကို ဖျက်ဆီးပစ်လိုက်သည့်အတွက် ၂ဝဝ၆ ခုနှစ်နှောင်းပိုင်းမှ စတင်၍ ချင်းပြည်နယ်အတွင်း စားနပ်ရိက္ခာများ ရှားပါးလာခဲ့သည်။ ထိုသို့ ဝါးသုဉ်းခြင်းသည် အနှစ် ၅ဝ တွင် တကြိမ်ကြုံရလေ့ ရှိသည်ဟု သိရသည်။

ထိုအကျပ်အတည်းကို ကူညီဖြေရှင်းပေးသည့် အနေနှင့် ချင်း လူသားချင်း စာနာကယ်ဆယ်ရေး ကော်မတီနှင့် CFERC တို့ အပါအဝင် ပြည်ပအခြေစိုက် ချင်း လူသားချင်း စာနာကူညီသည့် အဖွဲ့အများအပြားက ပြည်နယ်တွင်းရှိ ဒုက္ခသည်များထံ ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့ ကူညီခဲ့ကြသည်။

ကယ်ဆယ်ရေးပစ္စည်းများ ရောက်ရှိခြင်းမရှိ၍ ချင်းပြည်နယ်ရှိ ကျေးရွာအများအပြားမှာ ယခုထိ အစားအစာ အကြီးအကျယ် ပြတ်လပ်ဆဲဖြစ်ကြောင်းဖြင့် မကြာသေးခင်ကမှ အိန္ဒိယ-မြန်မာနယ်စပ်သို့ လေ့လာအကဲဖြတ် ခရီးစဉ် သွားရောက်ပြီး ပြန်လာခဲ့သည့် ချင်း လူသားချင်း စာနာကယ်ဆယ်ရေးကော်မတီ အတွင်းရေးမှူး ရိုဇာထန်း - Rozathang က ပြောသည်။

“အခုတောင် အများစုက ဆန်ပြုတ်ကို ဟင်းသီးဟင်းရွက်နဲ့ ရောစားနေရတုန်း ရှိပါသေးတယ်။ တချို့က အစားအစာ ပေါမယ့် နေရာတွေကို ရှာဘို့ ရွာက ထွက်သွားကြပြီ” ဟု သူက ပြောသည်။

ယခုအခါ ချင်းပြည်နယ်တွင် အနည်းဆုံး ဖလမ်းမြို့မှ ကျေးရွာ ၃၃ ရွာ၊ တီးတိန်မှ ၇ ရွာနှင့် တွန်းဇံမှ ၁၇ ရွာတို့သည် အစားအစာ ပြတ်လပ်ရှားပါးလျက် ရှိသေးကြောင်းလည်း သူက ပြောသည်။ သို့သော် သူ၏ လေ့လာ တွေ့ရှိမှုသည် စနစ်တကျ သိပ္ပံနည်းကျ လေ့လာသုတေသနပြုထားသည့် လေ့လာချက် မဟုတ်ဘဲ မျက်မြင် တွေ့ရှိချက်များကိုသာ အခြေခံပြောဆိုခြင်း ဖြစ်သည့်အတွက် အကျပ်အတည်း၏ ပမာဏသည် ယခုထက် ပို၍ပင် ကြီးမားနိုင်ကြောင်းလည်း သူက ပြောသည်။

ဤအတောအတွင်း ချင်းပြည်နယ်အတွင်း ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့သည့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် - WFP က မဇ္ဈိမကို အီမေးလ်ဖြင့် ပေးပို့ပြောကြားရာတွင် “ကြွက်ကျ၍ ဘေးဒုက္ခကြုံနေရသော ဒုက္ခသည် အရေအတွက်သည် ခန့်မှန်းခြေ ၁ သိန်းခန့်ရှိပြီး၊ ယင်းတို့သည် အစားအစာ ပြတ်လတ်လျက်သော်၎င်း၊ မကြာမီ ပြတ်လပ်တော့မည့် အခြေအနေနှင့်သော်၎င်း ရင်ဆိုင်နေရသည်” ဟု ဆိုသည်။

ကျေးရွာသားများကို ကူညီရေးအတွက် ‘အစားအစာ၊ ငွေနှင့် လုပ်အား လဲလှယ်ရေး’ အစီအစဉ်အရ WFP သည် ငွေနှင့် စားနပ်ရိက္ခာ အကူအညီများ ပေးအပ်သွားမည် ဖြစ်ကြောင်းဖြင့်လည်း ပြောသည်။ ယင်းအစီအစဉ်အရ ရပ်ရွာတွင်း လမ်းကဲ့သို့သော အခြေခံ အဆောက်အဦများ တည်ဆောက် ဖောက်လုပ်ခြင်းတို့ကို လုပ်ဆောင်သွားမည်ဖြစ်ပြီး၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် - UNDP ကလည်း ကျေးရွာသားများကို အရေးပေါ် အစားအစာ အထောက်အပံ့များ ပေးပို့ ကူညီသွားမည် ဖြစ်သည်။

ချင်းပြည်နယ်ရှိ ကျေးရွာသားများကို ကူညီရေးအတွက် ယခုထိ အမေရိကန်ဒေါ်လာ ၄၇၈၂၆၁ ရရှိထားပြီး၊ ကျေးရွာသား ၅၅ဝဝဝ ဦးကို အစားအစာများ ဝေငှကူညီ ထောက်ပံ့ပေးသွားမည်ဟု WFP က ဆိုသည်။

“အခြေအနေတွေက အခုထိ ခက်ခဲနေပြီး တချို့နေရာတွေမှာ ပိုလို့တောင် ဆိုးရွားလာနေပါတယ်” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ ခရစ်ကေး - ဃ့မငျုပေန က ပြောပါသည်။ ယခုလောလောဆယ် ကူညီထောက်ပံ့မည့် ပရောဂျက်တွင် မပါဝင်သေးသည့် နေရာများအတွက်လည်း နောက်ထပ် လေ့လာစူးစမ်းမှုတရပ်ကို ပြုလုပ်သွားဦးမည်ဟုလည်း သူက ဆက်ပြောသည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */