“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, November 29, 2008

အင်တာနက် အသုံးပြုသူများ လုံခြုံမှုအတွက် စိုးရိမ်

နန်းဒေ၀ီ ကြာသပတေးနေ့၊ နိုဝင်ဘာလ 27 2008 15:24 - မြန်မာစံတော်ချိန်


နယူးဒေလီ(မဇ္ဈိမ)။ ။ အတိုက်အခံများကို အီလက်ထရောနစ် အက်ဥပဒေအရ နှစ်ရှည် ထောင်ဒဏ်များ ချမှတ်လာခြင်းကြောင့် မြန်မာပြည်တွင်းရှိ အင်တာနက် သုံးသူများအတွင်း မလုံခြုံမှု ပိုမို ခံစားလာနေရသည်။

ဘလော့ဂ်ဂါ ကိုနေဘုန်းလတ် အပါအ၀င် ဟာသ သရုပ်ဆောင် ကိုဇာဂနာ၊ ကိုဇော်သက်ထွေးတို့အား အီလက်ထရောနစ် အက်ဥပဒေ ပုဒ်မများတပ်ကာ အမြင့်ဆုံး ထောင်ဒဏ် ၄၅ နှစ်အထိ နှစ်ရှည်ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့သည့် နောက်ပိုင်း စိုးရိမ်မှု ပိုလာခဲ့ခြင်း ဖြစ်သည်။

"မလုံခြုံဘူး။ စိတ်လည်း ညစ်ရပါတယ်။ အခုဆို စာပို့ပြီးတာနဲ့ အကုန်ဖျက်ချရမလို ဖြစ်နေပြီ။ အင်တာနက် သုံးရုံနဲ့ ထောင်ချ အပြစ်ပေးတာတော့ မဖြစ်သင့်ပါဘူး။ သူတို့ (အာဏာပိုင်) တွေလည်း အင်တာနက် သုံးနေတာပဲ" ဟု အမည်မဖော်လိုသူ ပြည်တွင်း ဘလော့ဂ်ဂါတဦးက ပြောသည်။

ဟာသ သရုပ်ဆောင် ကိုဇာဂနာက သူ့အား အမှုစီရင်ချက် ချသည့်နေ့တွင် တရားခွင်၌ "ကျနော့်ကို (အိုင်) သုံးလုံးနဲ့ ထောင် ၄၅ နှစ်ချလိုက်တာ။ အိုင်တီကို လေ့လာချင်လို့ အင်တာနက် သုံးလိုက်တာ အင်းစိန်ထောင် ရောက်သွားတယ်" ဟု ဟာသနှောပြီးပြော ဆိုခဲ့ကြောင်း သူ၏ ခယ်မဖြစ်သူ မငြိမ်းက ပြန်လည် ပြောပြသည်။

လွန်ခဲ့သည့် အောက်တိုဘာလအတွင်း စစ်တပ်မှ မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်းရှိ လယ်ယာမြေများအား သိမ်းယူခဲ့ရာ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) တိုင်ကြားခဲ့သည့် လယ်သမား ၃ ဦးအား အီလက်ထရောနစ် အက်ဥပဒေဖြင့် ပုဒ်မတပ် တရားစွဲဆိုခဲ့သည်။

အပတ်စဉ်ထုတ် ဂျာနယ်အယ်ဒီတာ တဦးကလည်း အင်တာနက်ကို နေ့စဉ်အားကိုး အသုံးပြုနေရသည့် မီဒီယာသမားများ အနေဖြင့် စိုးရိမ်စရာ ရှိနေသည်ဟု ဆိုသည်။

"အကြမ်းဖျင်းတော့ စိုးရိမ်စရာ ကောင်းတယ်။ မီဒီယာသမားတွေဆိုတာကတော့ သတင်းနဲ့ပတ်သက်တာ အကုန်လိုက်ဖတ်ရတာလေ။ ဒါပေမဲ့ သုံးစွဲတဲ့လူ ကြည့်တဲ့ဆိုဒ်ကို ဘယ်သူက လိုက်ကြည့်နေလဲ ဆိုတာလဲ ရှိသေးတယ်။ တရားဝင် သုံးစွဲခွင့် ရတဲ့ဆိုဒ်တွေ ကြည့်ပြီးတော့ ကိုယ့်အလုပ် ကိုယ်လုပ်နေရင် ဘာမှမဖြစ်ပါဘူး" ဟု အပတ်စဉ်ထုတ် ဂျာနယ်အယ်ဒီတာ တဦးကပြောသည်။

"ကျနော်တို့ ကြည့်နေတဲ့ ဟာတွေက တရားဝင်ဆိုဒ်တွေ ခွင့်ပြုဆိုဒ်တွေ ကြည့်တာလေ။"

အီလက်ထရောနစ် အက်ဥပဒေသည် စစ်အစိုးရက သူနှင့် သဘောကွဲလွဲသူများအပေါ် စွဲဆိုလေ့ရှိသော လက်နက်တခုဖြစ်ပြီး အင်တာနက်ကို အသုံးပြု၍ အာဏာပိုင်များကို ထိခိုက်နစ်နာစေရန် သတင်း အချက်အလက်များ ဖြန့်ဝေသည်ဟု ဆိုသည်။

ယခုလို အီလက်ထရောနစ် အက်ဥပဒေဖြင့် နှစ်ရှည်ထောင်ဒဏ် ချခံရသူ အများစုသည် အာဏာပိုင်များ သတ်မှတ်ထားသည့် ဥပဒေနှင့် ငြိစွန်းခြင်း မရှိသည့်အပြင် လက်ရှိ သုံးစွဲနေသူများကို ခြိမ်းခြောက်သည့် မတရားသည့် ဥပဒေ တခုသာဖြစ်ကြောင်း ထိုင်းအခြေစိုက် မြန်မာ့သတင်းသမဂ္ဂ (BMA) ၏ အတွင်းရေးမှူးဖြစ်သူ ဦးစံမိုးဝေက ပြောသည်။

"ဒီဟာက အတိုက်အခံတွေ၊ စာနယ်ဇင်း သမားတွေ၊ နိုင်ငံရေး ပြုပြင် ပြောင်းလဲချင်သူတွေကို နှိပ်ကွပ်ဖို့ လုပ်ထားတဲ့ ဥပဒေ။ မလုပ်ရဲအောင်၊ မသုံးရဲအောင် ခြိမ်းခြောက်နေတဲ့ မတရားတဲ့ ဥပဒေ၊ ဖိနိပ်မှုတခုပဲ ဖြစ်တယ်" ဟု သူက ပြောသည်။

သို့သော်လည်း လက်တွန့်သွားမှာ မဟုတ်ကြောင်း ထုတ်ဖော် ပြောဆိုသူများလည်း ရှိနေသေးသည်။

"ပုဒ်မ အမျိုးမျိုးတပ်ပြီး ထောင်ဒဏ်ချမှာပဲ။ သူတို့တွေ ဘယ်လိုပဲလုပ်လုပ်၊ ဘယ်လိုပဲ ကြောက်အောင် ခြောက်ခြောက် ကျနော်တို့ လုပ်စရာတွေကို ဆက်လုပ်သွားမှာပဲ" ဟု ပြည်တွင်း ဘလော့ဂ်ဂါ တဦးက ပြောသည်။

http://www.mizzimaburmese.com/news/inside-burma/2059-2008-11-27-09-07-47.html

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */