“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, November 28, 2008

HIV/AIDS ဝေဒနာရှင်များအား စွန့်ခွါသွားခြင်း

လာရီရေရင်
ကြာသပတေးနေ့၊ နိုဝင်ဘာလ 27 2008 13:09 - မြန်မာစံတော်ချိန်

ဘန်ကောက်(မဇ္ဈိမ)။ ။ ကျန်းမာရေး စောင့်ရှောက်မှုကို ချက်ချင်းပေးရန် နောက်ထပ် မလုပ်နိုင်ပါက လာမည့် ၁၂ လအတွင်း လူနာ ပေါင်း ၂၅ဝဝဝ ခန့်သည် အေ့ဒ်စ်ရောဂါဖြင့် သေကြရတော့မည် ဖြစ်သည်ဟု နိုင်ငံတကာ အကူ အညီပေးရေး အေဂျင်စီတခုက ပြောကြား လိုက်ပါသည်။

စစ်အစိုးရသည် ဆေးကုသမှု လိုအပ်နေသော ဝေဒနာရှင်များထဲမှ အနည်းစုလေးမျှကိုသာ အကူ အညီ ပေးနေပြီး၊ လာမည့် နှစ်အနည်း ငယ်အတွင်း လူပေါင်း ၂ သိန်း ၅ သောင်းခန့်မှာ အန္တရာယ်နှင့် ရင်ဆိုင် နေရသည်ဟု နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF က ပြောကြား လိုက်ပါသည်။

ယင်းတို့အထဲမှ လူပေါင်း ၇၆ဝဝဝ ခန့်မှာ ရောဂါကို ထိန်းချုပ်ထားပြီး ပုံမှန်ဘဝအတိုင်း နေထိုင်လုပ်ကိုင်နိုင်မည့် ကုသမှုဖြစ်သော အေအာတီဆေးကို ချက်ချင်း သောက်သုံးရန် လိုအပ်နေသူများ ဖြစ်သည်ဟု ယုံကြည် ရပါသည်။

"ယမန်နှစ်က AIDS နွယ်သော ရောဂါများဖြင့် လူပေါင်း ၂၅ဝဝဝ ကျော် သေဆုံးခဲ့ရသည်။ အကယ်၍သာ မြန်မာအစိုးရနှင့် နိုင်ငံတကာ အဖွဲ့အစည်းများက အဆိုပါ ART ဆေးကို တိုးမြှင့်ပေးပို့ ကူညီခြင်းမပြုပါက လာမည့် ၁၂ လအတွင်း ထိုအရေအတွက်ထက် ပိုသော ဝေဒနာသည်များ သေဆုံးရပါလိမ့်မယ်" ဟု MSF ၏ ရန်ကုန်ရုံး အကြီးအကဲ ဖရန်စမစ် က ပြောပါသည်။

မြန်မာနိုင်ငံတွင် HIV ဝေဒနာသည် ၄ ဦးလျှင် ၁ ဦးသာ ART ဆေးရကြပြီး၊ ထိုအရေအတွက်မှာ ၁၅ဝဝဝ သာရှိ သည်ဟု ဖရန်စမစ် က ပြောပါသည်။ ယခုလောလောဆယ်တွင် MSF က ချက်ချင်း ကုသမှုပေးရန် လိုအပ်နေသည့် ဝေဒနာသည် ၇၆ဝဝဝ အနက် ၁၁ဝဝဝ ကို ကုသမှုများ ပေးလျက် ရှိပါသည်။

မြန်မာစစ်အစိုးရနှင့် အခြားအစိုးရ မဟုတ်သော အဖွဲ့အစည်းများက နောက်ထပ်လူပေါင်း ၄ဝဝဝ အတွက် ART ဆေး များပေးသည်ဟု ဖရန်စမစ်၏ အပြောအရ သိရပါသည်။

သို့သော် MSF အနေဖြင့် မကြာသေးခင်က “အလွန်ကြေကွဲဘွယ်ကောင်းသော ဆုံးဖြတ်ချက်” ကိုမလွှဲသာ ဘဲ ချမှတ်ခဲ့ရသည်ဟု ဆိုပါသည်။ ဤဆုံးဖြတ်ချက်အရ သူတို့ ကုသပေးနိုင်သော လူနာသစ် အရေအတွက်ကို အကြီးအကျယ် လျှော့ချ ခဲ့ရသည်။ "ကျနော်တို့ ခုတော့ ကျနော်တို့ ဆေးခန်းတွေမှာ မှတ်ပုံတင်ထားပြီးသား လူနာဟောင်းတွေကိုဘဲ ကုသမှု ဆက်ပေး နိုင်ပါတော့တယ်" ဟု သူက ပြောပါသည်။

MSF ၏ မြန်မာနိုင်ငံ HIV/AIDS နောက်ဆုံး အစီရင်ခံစာတွင် လွန်ခဲ့သော ၂ နှစ်အတွင်း မြန်မာနိုင်ငံ ကျန်းမာ ရေး ဝန်ကြီးဌာနက ယင်းတို့ ၏ တနိုင်ငံလုံးအနှံ့တွင် ရှိသော ဆေးရုံ ၂၂ ရုံတွင် ခန့်မှန်းခြေ လူနာပေါင်း ၁၈ဝဝ ကိုသာ ART ဆေးပေး ကုသနိုင်ခဲ့သည်ဟု ရေးသား ထားပါသည်။ ဤ “တားဆီး ကာကွယ်နိုင်သော ကံကြမ္မာတရပ်” အမည်ရှိ အဆိုပါ အစီရင်ခံစာတွင် မြန်မာအစိုးရသည် HIV/AIDS ဝေဒနာရှင်များအတွက် စုစုပေါင်းငွေ အမေရိကန်ဒေါ်လာ ၂ သိန်းမျှသာ သုံးစွဲခဲ့သည်ဟု ရေးသား ဖေါ်ပြထားသည်။

ယင်းတို့၏ မြန်မာနိုင်ငံတွင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ၅ နှစ်ကြာ ကာလအတွင်း မြန်မာစစ်အစိုးရနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ဤအာရှတိုက်တွင် အဆိုးဝါးဆုံး HIV/AIDS ကပ်ရောဂါ ဖြစ်ပွါးနေသည့် မြန်မာ နိုင်ငံတွင် တုံ့ပြန် ဆောင်ရွက်ပေးခဲ့သည်များမှာ မလုံ လောက်ကြောင်း တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။ "ဒီလောက် အတိုင်းအတာနဲ့ ဆိုးဆိုးဝါးဝါး ဖြစ်ပွါးနေတဲ့ အကြပ်အတည်း တရပ်ဖြစ်တဲ့ ဒီလောက်များတဲ့ HIV လူနာတွေကို အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတခု NGO ထဲက ကုသပေးနေရတယ်ဆိုတာ လက်တွေ့လဲမကျဘူး၊ လက်ခံနိုင် စရာလဲ မရှိဘူး" ဟု ဖရန်စမစ် က မဇ္ဈိမကို ပြောပါသည်။

ထောင်ပေါင်းများစွာသော အသက်များကို ကယ်ဆယ်လိုသည်ဆိုလျှင် မြန်မာအစိုးရနှင့် နိုင်ငံတကာ အသိုင်း အဝိုင်း အနေဖြင့် နောက် ထပ် အများကြီးလုပ်ဘို့ လိုပါသေးသည်။ ဤသို့ သေရမည့်အချိန်ကို စောင့်နေရ သူထဲတွင် အသက် ၂၈ နှစ်အရွယ် အမျိုးသား လူနာတဦးလည်း ပါသည်။ "ကျနော်တော့ သေတော့မယ်လို့ ထင်တာဘဲ၊ ဒီ့ထက် သက်သာအောင်လဲ ဘာမှ မလုပ်တတ်တော့ဘူး။ ဆေးကုလို့ ရမယ်ဆိုရင်တောင် ကျနော်က မဝယ်နိုင်ဘူး၊ ကျနော့်မှာ ပိုက်ဆံမှ မရှိတာ။ ဒါကြောင့်ကျနော်တော့ AIDS နဲ့သေတော့မယ်လို့ ထင်တာ ဘဲ" ဟု ထိုလူနာလေးက ပြောပါသည်။

ဤအသက်ကယ်ဆေးပေးကုသမှုအတွက် လူနာတဦးလျှင် တနှစ်ကိုဒေါ်လာ ၁၂ဝ သာ MSF ကယူသည် ဟု ဆို ပါ သည်။ "ထောင်ပေါင်း များစွာသော မြန်မာနိုင်ငံသားတွေ အကျိုးမဲ့ သေဆုံးမကုန်ရအောင် မြန်မာ အာဏာပိုင်တွေနဲ့ နိုင်ငံတကာ အလှူရှင်တွေအနေနဲ့ ဒီ လူနာတွေ အတွက် ကုသမှုပိုပေးနိုင်ဘို့ အလှူငွေ ရံပုံငွေ တခု ထူထောင်ထားသင့်ပါ တယ်" ဟု ဖရန်စမစ် ကသတိပေးပါသည်။

ပေးလိုက်သော အကူအညီများကို ထိထိရောက်ရောက်နှင့် သင့်တော်စွာ သုံးစွဲပါ့မလားဟူသော စိုးရိမ်မှုကြောင့် အပြည်ပြည်ဆိုင်ရာ အလှူရှင် အကြီးစား အနည်းငယ်ကသာ လိုအပ်သော အကူအညီများကို ထောက်ပံ့ ပေး အပ်ကြသည်။ သို့သော် ဤအကျိုးဆက်အတွက် ခံရသည်မှာမူ မြန်မာပြည်သားများသာ ဖြစ်သည်ဟု MSF က ပြောပါသည်။ HIV/AIDS ကို တိုက်ဖျက်ရေးသည် လူတိုင်းနှင့် ဆိုင်သော ကိစ္စ ဖြစ်သည်။ ဤအချက်ကို ARV ဆေးရနေသည့် အသက် ၂၉ နှစ်အရွယ် အမျိုးသားလူနာတဦးက ယခုကဲ့သို့ ပြောပါသည်။ "ဒီရောဂါ ကို တိုက် ဖျက်ဘို့ လူတိုင်းမှာ တာဝန် ရှိပါတယ်။ AIDS လူနာတွေကို ကူညီတဲ့နေရာမှာ နိုင်ငံသား၊ အဖွဲ့အစည်း၊ အစိုးရ မခွဲခြားဘဲ လူသားချင်း စာနာ ထောက်ထားတဲ့ စိတ်ဓါတ် လူတိုင်းမှာ ရှိရပါမယ်"။

ဤကုသမှုကို ပေးအပ်နိုင်ရန် လိုအပ်သော အခြေခံ အဆောက်အအုံမှာ မြန်မာနိုင်ငံတွင် ရနိုင်သည်ဟု MSF က ယုံကြည်ပါသည်။ လိုအပ် သည်မှာ ARV ဆေးပိုရဘို့ဘဲ ဖြစ်သည်။ ဆိုလိုသည်မှာ ကုသမှုအတွက် ဆေး ဖြန့်ဖြူးမှုကို အစိုးရ ဆေးရုံများမှ ပြုလုပ်ရန် ဖြစ်သည်။ သို့သော် ဤနည်းသည်သာ အထိရောက်ဆုံး ဆေး ဖြန့်ဖြူးရေးစနစ် ဖြစ်သည် ဟု MSF က ယုံကြည်ပါသည်။ "ဒီနည်းကို ကျနော်တို့ ငှက်ဖျားကုသရေးအတွက် (မြန်မာနိုင်ငံ အနောက်ဘက် ဒေသ) ရခိုင်ပြည်နယ်မှာ သုံးခဲ့ပါတယ်၊ ကျနော်တို့ စီမံချက်အရ ဆရာဝန်တွေနဲ့ ဆေးရုံတွေက “ဖျားနာလူနာ” အရေအတွက်ကို တလမှာ လူ ၃ဝ ကနေ ၁၈ဝဝ အထိတက်လာအောင် လုပ်နိုင် ခဲ့ပါတယ်"ဟု သူက ပြောပါသည်။ ဤဖျား နာလူနာများထဲတွင် အနည်းဆုံးတဝက်မှာ ငှက်ဖျားလူနာများ ဖြစ်ကြ သည်။

ထို့ပြင် HIV လူနာများကို ဝမ်းမြောက်ဝမ်းသာ အကူအညီပေးလိုသည့် ပုဂ္ဂလိက ဆရာဝန်များလည်းရှိကြောင်း MSF က အခိုင်အမာ ပြောပါသည်။

ရန်ကုန်မြို့မှ ဒေသခံဆရာဝန်တဦးဆိုလျှင် MSF မှ ထောက်ပံ့ပေးသောဆေးများဖြင့် သူ့ဆေးခန်းတွင် လူနာ ၅ဝ ကို အခမဲ့ ကုပေးနေ ပါသည်။ "လိုနေတာက ကုသမှုပေးနိုင်မဲ့ ဒေသခံ အဖွဲ့အစည်းတွေ၊ ဆရာဝန်တွေကို ကွန်ရက်ကလေး တခုဖြစ်အောင် လုပ်ပေးဘို့ပါဘဲ" ဟု ယခုလောလောဆယ်တွင် ဤအစီအစဉ်ကို ထူထောင် ရန် ကြိုးစား ဆောင်ရွက်နေသည့် ဖရန်စမစ် က ဆိုသည်။

လာဘ်စားမှုနှင့် ခိုးယူမှုများမှာ မရှောင်လွှဲနိုင်သည့် ကိစ္စများ ဖြစ်သော်လည်း သူတို့၏ လေ့လာစောင့်ကြည့်ရေး စနစ်သည် ဆေးဖြန့်ဖြူးမှု စနစ်ကို ထင်သာမြင်သာရှိအောင် လုပ်ရာ၌ ထိရောက်မှုရှိသည်ဟု MSF က ယုံကြည် ပါသည်။ အစပိုင်းတွင် ဤစီမံချက်၌ ပါဝင်သည့် ဆေးခန်းများ အားလုံးကို သူတို့ အဖွဲ့အစည်းက ပုံမှန် ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ပါသည်။ ဆေးခိုးယူသည်၊ ဆေးအတုများ အစားထိုး ပေးဝေသည်ဟု တွေ့ ရှိ သည့်ကျန်းမာရေးဌာန အားလုံးကို အကူအညီများ ချက်ချင်း ဖြတ်တောက်သည်။ သူတို့အဖွဲ့သည် သူတို့၏ စောင့် ကြည့်လေ့လာရေးစနစ်၏ အစိတ်အပိုင်း တရပ်အနေဖြင့် “လူနာအတု” များကိုပင် ထိုဆေးပေးခန်းများ သို့ စေလွှတ်သည်။

MSF သည် ARV ဆေးများတင်သွင်းရန် အစိုးရထံမှ သွင်းကုန် ခွင့်ပြုချက်များ ရထားပြီး၊ ဆေးများ နိုင်ငံတွင်းသို့ ရောက်လာသည်နှင့် လူနာများနှင့် ဆေးခန်းများထံသို့ ပေးပို့သည်အထိ MSF ၏ ကြီးကြပ်မှုအောက်တွင်သာ ရှိသည်။ "အဲဒီမှာ အလွဲသုံးစားလုပ်လို့ကို မရပါဘူး" ဟု ဖရန်စမစ်က အခိုင်အမာပြောသည်။ ထို့ပြင် ထိုဆေးများ သည် အစိုးရအခွန်များမှလဲ ကင်းလွတ်ခွင့်ရသည်။

သို့သော် လေ့လာသူအများစုကမူ သံသယ ရှိကြပါသည်။ "မြန်မာနိုင်ငံကို ပေးတဲ့ အကူအညီ အတော်များများ အလဟဿ ဖြစ်သွား တာ ဘဲ။ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ လိုအဖွဲ့မျိုးလက်ထဲ ရောက်သွားပြီး ပျောက်သွားတော့တာ" ဟု မြန်မာ့စီးပွါးရေးရာ ကျွမ်းကျင် သူ သြစတြေလျနိုင်ငံ Macquarie တက္ကသိုလ် မှ ပါမောက္ခ ရှောင်တာနဲလ် က မဇ္ဈိမကို ပြောပါသည်။ "ကျနော်တို့ သိတာတော့အကူအညီ ဆို တာ အဖွဲ့အစည်း နောက်ခံတွေရှိမှ စီးပွါးရေး အခြေခံ လေးတွေရှိမှ အလုပ်ဖြစ်တာ၊ ဒါတွေရှိမှ ဒီလိုမျိုးအကူအညီတွေကို စစ်မှန်တဲ့ ဖွံ့ဖြိုး မှုတရပ်ဖြစ်အောင် အရှိန်သြဇာ သုံးပေးနိုင်မှာ" ဟုလည်း သူက ဆက်လက် ပြောဆိုသွားခဲ့ပါသည်။

မေလဆန်းက ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသနှင့် ရန်ကုန်မြို့၏ အစိတ်အပိုင်းအချို့ကို တိုက်ခတ်သွားခဲ့သော အဖျက်စွမ်းအား ကြီးမားလှ သည့် နာဂစ်ဆိုင်ကလုံး မုန်တိုင်းကြီး ပြီးကတဲက လူသားချင်းစာနာသည့် ကယ်ဆယ်ရေးနှင့် အကူအညီပေးရေး လုပ်ငန်းများ လုပ်ကိုင် သည့် ဒေသခံ အစိုးရမဟုတ်သော အဖွဲ့အစည်း္ဒွဥ များနှင့် ရပ်ရွာအခြေပြု အဖွဲ့အစည်းများ အလျင်အမြန် ပေါ်ထွက် ကြီးထွားလာခဲ့ ပါသည်။

သို့သော် နာဂစ် ဒုက္ခသည်များကို အကူအညီပေးရန် ကြိုးစားသည့် တက်ကြွလှုပ်ရှားသူများကို အစိုးရက နှိမ်နင်းခဲ့သည့် အတွက်ကြောင့် ထိုပုဂ္ဂိုလ် အများအပြား စိတ်ပျက်သွားခဲ့ကြသည်။ ဤသို့ ကယ်ဆယ်ကူညီရေး ကြိုးပန်းမှုများ လုပ်ခဲ့သည့်အတွက် လူရွှင်တော်ဇာဂနာကို ထောင်ဒဏ် ၄၅ နှစ် အပြစ်ပေးခဲ့သည့်အတွက် စေတနာ့ဝန်ထမ်း အများအပြားမှာ ဆက်လုပ်ချင်စိတ် မရှိအောင် ဖြစ်သွားခဲ့ရသည်။

သို့သော် အများအပြားမှာ မြစ်ဝကျွန်းပေါ်ဒေသတွင် လုပ်ငန်းများ ဆက်လက်လုပ်ဆောင်ဆဲပင် ရှိသည် ဟု ဖရန်စမစ် က ပြောသည်။ "အ လုပ်လုပ်ရင် တိတ်တိတ်ဆိတ်ဆိတ် လူအများ အာရုံမစိုက်အောင် လျှို့ဝှက်လုပ်ဘို့ဘဲ လိုတယ်။ ဒါလွန်ခဲ့တဲ့ ၁ဝ နှစ်အတွင်း ရခဲ့တဲ့ သင် ခန်းစာဘဲ"။

သို့သော်လည်း နောက်ဆုံးတွင် အနောက်နိုင်ငံ အကူအညီပေးရေး အလှူရှင်များ မြန်မာနိုင်ငံကို အကူအညီမယ်မယ်ရရ ပေးရန် ဝန်လေး ကုန်ကြသည်ကိုလည်း နားလည်နိုင်ပါသည်။ မြန်မာနိုင်ငံက ရနေသော အကူအညီသည် သူ့အိမ်နီးချင်း နိုင်ငံများဖြစ်သော ကမ္ဘောဒီး ယားနှင့် လာအိုတို့ ရနေသော အကူအညီ၏ အစိတ်အပိုင်း အနည်းငယ်မျှသာ ရှိပါသည်ဟု MSF က ယင်းတို့၏ အစီရင်ခံစာတွင် ထောက် ပြ ထားပါသည်။ မြန်မာနိုင်ငံက ရနေသော အကူအညီသည် လူတဦးလျှင် ၃ ဒေါ်လာအောက်သာ ရှိပြီး၊ ကမ္ဘောဒီးယားနှင့် လာအို တို့မှာ တဦးလျှင် ဒေါ်လာ ၄ဝ နှင့် ၅ဝ အသီးသီး ရှိသည်။ လာအိုနိုင်ငံတွင် ARV ဆေးသောက်သုံးရန် လိုအပ်နေသော HIV လူနာ ၉ဝ %ကျော် မှာ အစိုးရ ဖြန့်ဖြူးရေးစနစ်မှ ဆေးဝါးကုသမှုများ ရနေသည်။ ယင်းဆေးဝါးများသည် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ငွေကြေး အထောက် အပံ့ဖြင့် ရရှိနေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအတွက်တော့ ထိုသို့သော အထောက်အပံ့များ ရဘို့ မမျှောင့်လင့်နိုင်ပါ။ "ကမ္ဘောဒီးယားနဲ့ လာအိုမှာ ရှိတဲ့ ခေါင်းဆောင်မှုက သူတို့မှာရှိခဲ့တဲ့ ချို့ယွင်းချက်တွေအတွက် “ခေတ်မီတဲ့” အမြင်ရှိတယ်။ စီးပွါးရေး တိုးတက်မှုကိုဘဲ အလေးထားတယ်။ မြန်မာပြည်မှာတော့ ဒါမျိုး မတွေ့ရသေးဘူး။ မြန်မာပြည် အစိုးရကတော့ စီးပွါးရေး တိုးတက်မှုနဲ့ ခေတ်မီရေးကို အရေးမစိုက်တဲ့ပုံ ရှိတယ်။ အမျိုးသားစည်းလုံး ညီညွတ်ရေးနဲ့ လုံခြုံရေးကိုပဲ ပိုအလေးထားတယ်" ဟု ပါမောက္ခတားနဲလ် က ပြောပါသည်။

အစီရင်ခံစာ၏ နိဂုံးတွင် MSF က မြန်မာအစိုးရ အနေဖြင့် HIV ရောဂါပိုး ကူးစက်ခံရသော လူနာများကို ယခုထက်ပို၍ အများကြီး ကူညီ ရန် လိုအပ်ပြီး၊ နိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကြီး တခုလုံးကိုလည်း ယခုထက်ပို၍ အကူအညီ အများကြီး ပိုပေးရန်လိုသည်ဟု တကယ့် ပြဿနာကို နီးနီးစပ်စပ် ထောက်ပြထားသည်။ မြန်မာ ဗိုလ်ချုပ်ကြီးများသည် ကျန်းမာရေး စောင့်ရှောက်မှုအတွက် လူတဦးလျှင် တနှစ်အတွက် ဆင့် ၇ဝ သာသုံးစွဲရာ အိမ်နီးချင်း ကမ္ဘောဒီးယား နှင့် လာအိုနိုင်ငံတို့နှင့် နှိုင်းစာလျှင်ပင် အပုံကြီးနည်းသည်။

"HIV/AIDS ဝေဒနာသည်တွေအတွက် မြန်မာအစိုးရ သုံးစွဲတဲ့ တနှစ်ကို ဒေါ်လာ ၂ သိန်းဆိုတဲ့ မဖြစ်စလောက် ငွေဟာ အစိုးရကသဘာဝ ဓါတ်ငွေ့ ရောင်းလို့ တနေ့ ရတဲ့ဝင်ငွေရဲ့ ဆယ်ပုံတပုံဘဲ ရှိပါတယ်" ဟု ပါမောက္ခတားနား က ထောက်ပြ ဝေဘန်ပါသည်။ "နိုင်ငံခြားအရံငွေ ဒေါ်လာ ၄ ဘီလျံရှိတဲ့ မြန်မာနိုင်ငံဟာ သူ့နိုင်ငံသားတွေအတွက် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး လိုအပ်ချက်တွေအတွက် သုံးစွဲဘို့ ငွေမရှိတဲ့ ဆင်းတောင့်ဆင်းရဲနိုင်ငံ မဟုတ်တော့ပါဘူး"။

အကူအညီပေးရေးဆိုင်ရာ ကျွမ်းကျင်သူများ၏ အမြင်တွင် ဤသို့ တိုင်းသူပြည်သားများ၏ အရေးကို ပြောင်ပြောင်တင်းတင်းပင် အရေး မစိုက်သည့် အချက်သည် စစ်အစိုးရအတွက် အကူအညီ ပိုရရေးတွင် အဓိက အတားအဆီး အခက်အခဲကြီး ဖြစ်နေသည်။ုပြည်သူ့ လူထု အတွက် ပိုလုပ်မပေးသရွေ့ နိုင်ငံတကာ အသိုင်းအဝိုင်းထံမှ ရက်ရက်ရောရောအကူ အညီများရရန် မမျှော်လင့်နိုင်ပါ။ ဤလုပ်ငန်းများ လုပ်ဆောင်ရန် စစ်အစိုးရတွင် အရင်းအမြစ်များ လိုတာထက် ပို၍ ရှိပါသည်။ ထိုအတောအတွင်းတွင်တော့ AIDS နွယ်သော ရောဂါများ နှင့် ငှက်ဖျား၊ တီဘီ၊ ကလေးသူငယ်သေဆုံးမှု၊ အဟာရ မပြည့်ဝခြင်း စသည့် ရောဂါမျိုးစုံကြောင့် တနှစ်လျှင် လူပေါင်း ထောင်ပေါင်း များစွာ သေဆုံးနေကြရပါဦးမည်။

မည်သို့ပင်ဖြစ်စေ၊ ဝမ်းနည်းဘွယ် အကောင်းဆုံးကိစ္စမှာ အဆိုပါ သေဆုံးမှု အားလုံးသည် အလွယ်တကူ ကာကွယ်နိုင်သော ရောဂါများ ချည်း ဖြစ်သည်။ http://www.mizzimaburmese.com/news/inside-burma/2056-hivaids-.html

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */