ဆန်ဈေးနှုန်းမမြှင့်တင်ရန် အာဏာပိုင်များက ဆန်ကုန်သည်များကို အစည်းအဝေးခေါ်
Tue 18 Nov 2008, ကွန်းဟဒေ့
အောက်တိုဘာ ၁၅ နေ့တွင် ကြာအင်းဆိပ်ကြီးမြို့မှ ဘုရားသုံးဆူနယ်စပ်မြို့သို့ ဆန်များတင်သွင်းခွင့်ကို အာ ဏာပိုင်များ ပိတ်ပင်ခဲ့ပြီး ဆန်ဈေးများ မြင့်တက်လာမှုကြောင့် ဆန်ဈေးများထပ်ပြီး မမြှင့်တင်ရန် အာဏာ ပိုင်များက ဘုရားသုံးဆူမြို့အတွင်းရှိ ဆန်ကုန်သည်များကို လွန်ခဲ့သော နိုဝင်ဘာလ ၁၅ ရက်နေ့ တွင် ဘုရား သုံး ဆူမြို့နယ်ခွဲမယကရုံးတွင် ယခုနှစ်အတွင်း ဆန်ကုန်သည်အစည်းအဝေးကို ဒုတိယအကြိမ် ခေါ်ယူကျင်း ပခဲ့သည်။
ယင်းအစည်းအဝေးတွင် မကက ဥက္ကဌ ဦးကိုကိုနိုင်၊ တပ်ရင်းမှူး သန့်ဇင်ထွန်း၊ စခန်းမှူး ဦးသန်းထွေးနှင့် စည်ပင် ဦးစီးမှူး တို့ အစည်းအဝေးကို ဦးဆောင်ကျင်းပခဲ့သည်။
အစည်းအဝေးတွင် မယကဥက္ကဌကိုကိုနိုင်မှ ပြောကြားရာတွင် ဆန်များကို အခုလက်ရှိရောက်ရှိနေသော နှုန်း ထား အတိုင်းပင် ရောင်းချရန်နှင့် အကယ်၍ ၄င်းထပ်ပိုပြီးရောင်းချပါက အရေးယူမည်ဟု အစည်းအဝေး တက်ရောက်လာကြသော ဆန်ကုန်သည်ပေါင်း ၂၄ ဦးအား ပြောကြားခဲ့သည်ဟု အစည်းအဝေးကို ကိုယ်တိုင်တက်ရောက်ခဲ့သော ဆန်ကုန်သည်နှင့်နီးစပ်သူတစ်ဦးက လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောသည်။
ယခုပေါက်ဈေးအရ ဆိုလျှင် ဆန်ကြမ်းတစ်ပြည် ၃၅ ဘတ်နှင့် ကောက်ကြီးဆန် ၄၅ ဘတ်ဖြစ်နေသည်ဟု ၄င်း ဆန် ကုန် သည်နှင့် နီးစပ်သူက ပြောသည်။
ဆန်များကိုလည်း တဘက်နိုင်ငံ(ထိုင်း)သို့ မရောင်းရန်လည်း မယကဥက္ကဌ ဦးကိုကိုနိုင်မှ ထပ်မံပြောကြား ခဲ့သည်။ "ဆန်ဈေးတက်တာက ဆန်ကုန်သည်တွေက တင်ပြီးတက်တာမဟုတ်ဘူး၊ အကောက်အခွန် တွေများလို့၊ ပြီးတော့ အခုထိုင်း ဆန်ဈေး တွေကျနေလို့ ထိုင်းကိုပို့ဖို့ အစီအစဉ်လည်း မရှိဘူးလို့ တို့ဆန်ကုန်သည်အဖွဲ့ကပြောတော့၊ ဘယ်လိုနည်းနဲ့ပဲလာလာ ဒီရောက်ရင် ဒီထက်ပိုပြီးတော့ မရောင်းနဲ့" စခန်းမှူးသန်းထွေးမှ ပြန်ပြောခဲ့သည်ဟု အစည်းအဝေးကိုတက်ရောက်ခဲ့သော အခြားဆန်ကုန်သည်၏ ပြောပြချက် ကို ကိုးကားပြီး ၄င်းနှင့်နီးစပ်သူတစ်ဦးက ပြောပြခဲ့သည်။
စခန်းမှူးသန်းထွေးမှ ပြောကြားရာတွင် ဆန်များကိုထိုင်းနိုင်ငံသို့ ကိုယ့်နည်းကိုယ့်ဟန်နှင့် ပို့နေတာ ကို သိနေကြောင်းနှင့် ယခုကဲ့သို့ ဆန်များကို လိုသည်ထက်ပို၍ ဘုရားသုံးဆူမြို့နှင့် မြဝတီနယ်စပ်သို့ ရောက် ရှိ နေသောကြောင့် နေပြည်တော်မှ ၎င်းတို့အား ခေါ်၍သတိပေးခဲ့သောကြောင့် ယခုကဲ့သို့ နယ်စပ်ဒေသသို့ ဆန်တင်သွင်းမှုကို ပိတ်ပင်ခဲ့ရခြင်းဖြစ်သည်ဟု အစည်းအဝေးတွင် ဆန်ကုန်သည်များကို ပြောကြားခဲ့သည်ဟု ၄င်း က ဆက်ပြောပြခဲ့သည်။
အစည်းအဝေးခေါ်ယူပြီး နောက်တစ်နေ့ နိုဝင်ဘာ ၁၆ ရက်နေ့တွင် ဆန်ကုန်သည်များထံတွင် မယက အဖွဲ့ဝင်များက လာရောက်စာရင်းကောက်ခံသည်။ စာရင်းကောက်ခံရာတွင် "ဆန်ဘယ် နှစ်အိတ် ဝယ်လာခဲ့သလဲ၊ ပြီးတော့ဘယ်နှစ်အိတ် ရောင်းခဲ့သလဲ၊ ဘယ်သူ့ကို ရောင်းခဲ့သလဲ၊ ဘယ်လောက်ဈေး နဲ့ ရောင်း ခဲ့ သလဲ" ဟု စသည့်မေးခွန်းများကို ၄င်းတို့က မေးမြန်းခဲ့သည်ဟု ဆန်ရောင်းသူ၏ ဆွေမျိုးတစ်ဦးက ပြောသည်။
အစည်းအဝေးလုပ်ပြီး ယခုကဲ့သို့ စာရင်းကောက်ပြီး မေးမြန်းခဲ့သည်မှာ လွန်ခဲ့သော မေလ ၂၃ ရက်နေ့ ၂၀၀၈ တွင်လည်း တစ်ကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်သည်။ ဆန်များကို သတ်မှတ်နှုန်းထက် မတင်ရန်နှင့် ထိုင်းနိုင်ငံသို့ မတင်ပို့ရန် ပြုလုပ်ခြင်း ဖြစ်သည်ဟု ၄င်းက ပြောသည်။

0 comments:
Post a Comment