သန်းထိုက်ဦး။ ကြာသပတေးနေ့၊ နိုဝင်ဘာလ 06 2008 19:37 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တွေ့ဆုံဆွေးနွေးရေးမှအပ အခြားမရှိဟု ပြောဆိုချက်အပေါ် ၈၈ မျိုးဆက်ကျောင်းသားများနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃတပ်ပေါင်းစုကြီးက ယနေ့ ထောက်ခံ ကြိုဆိုလိုက်သည်။
မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေများနှင့် ပတ်သက်ပြီး ပြီးခဲ့သည့် အောက်တိုဘာလ ၂၀ ရက်နေ့တွင် ကျင်းပသော ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် မစ္စတာ ဘန်ကီမွန်း တင်ပြခဲ့သည့် အစီရင်ခံစာကို ကြိုဆိုကြောင်း ပူးတွဲကြေညာချက်တခုကို ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်ကာ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
"(မြန်မာ)အစိုးရ၏ လုပ်ဆောင်ချက်များသည် နိုင်ငံရေး တိုးတက်မှုရရှိရန် ကုလသမဂ္ဂ၏ အထူးအကြံပေးတိုက် တွန်း ချက်များအား အရေးတယူ ဆောင်ရွက်မှုမရှိဟူ၍ မှန်ကန်စွာ ဖော်ပြထားကြောင်းနှင့် တိုင်းပြည် အနာဂတ် အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရေး နည်းလမ်းမှလွဲပြီး တခြားမရှိကြောင်း ကောက် ချက်ဆွဲခြင်းအပေါ် သဘောတူကြောင်း" ယနေ့ရက်စွဲဖြင့် ထုတ်ပြန်သည့် ပူးတွဲကြေညာချက်တွင် ဖော်ပြထား သည်။
ကြေညာချက်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃတပ်ပေါင်းစုကြီး၏ ဦးဆောင် သံဃာတော် တပါးဖြစ်သူ ဦးဇင်း သြဘာသက မဇ္ဈိမကို ယခုလို မိန့်ကြားသည်။
"စစ်တပ်ထဲမှာ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး သင်တန်းတွေ ပို့ချသင့်တယ်ဆိုတာ အင်မတန် တောင်းဆိုချင်တဲ့ အချက်တွေပဲ။ ဒီအချက်တွေကို ကုလသမဂ္ဂမှာ ထပ်တောင်းဆိုတယ်။ အတွင်းရေးမှူးချုပ်ကလည်း ဒီအ ကြောင်းအရာတွေ တောင်းဆိုတယ်။ နိုင်ငံရေးနဲ့ပတ်သက်ပြီး၊ ဒီမိုကရေစီအရေးနဲ့ ပတ်သက်ပြီး၊ နောက်တခါ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ ပတ်သက်ပြီး အကြိမ်များများ တောင်းဆိုခဲ့တယ်။ ဒါတွေကို ဦးဇင်း တို့ က မူအားဖြင့် ကြိုဆိုလိုက်တာပါ" ဟု မဇ္ဈိမကို မိန့်ကြားသည်။
မစ္စတာ ဘန်ကီမွန်း တင်ပြခဲ့သည့် အစီရင်ခံစာသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၂၃ ရက်နေ့မှ ယခုနှစ် စက်တင်ဘာလ ၅ ရက်နေ့အထိ ကြားကာလအတွင်း မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေကို ရောင်ပြန် ဟပ် ဖော်ပြထားခြင်းဖြစ်သည်။
အစီရင်ခံစာအပေါ် မူအားဖြင့် ထောက်ခံကြိုဆိုသော်လည်း အချိန်အကန့်အသတ် ရှိစေလိုကြောင်း ဦးဇင်း ဦးသြဘာသ က ယခုလို ဆက်လက် မိန့်ဆိုသည်။
"ဦးဇင်းတို့ ဒီမိုကရေစီ အင်အားစုတွေ ကျေနပ်လောက်တဲ့ စကားလုံးတလုံးပဲ သူ သုံးထားသေးတာ။ နအဖ စစ်အစိုးရ ကို အဝေးကနေပဲ ဒီအကြောင်းအရာတွေ လုပ်ပေးပါ၊ မြန်မာပြည်ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုကို တိုးတက်အောင်လုပ်ပါ၊ တိုးတက်မှသာလျှင် သူ့ခရီးစဉ်ကို သူ စဉ်းစားမယ်လို့ ပြောပေမယ့် တကယ်လို့များ သွားခဲ့သည်ရှိသော် ဘာကိုပြောမှာလဲ၊ အချိန်ကန့်သတ်မှုနဲ့ မြန်မာပြည်ရဲ့ အကျပ်အတည်းကို ဖြေရှင်းနိုင်မလား။ အဲဒီတော့ အချိန်ကန့်သတ်မှုရှိတဲ့ ဖြေရှင်းမှုမျိုးကိုပဲ ဦးဇင်းတို့က ကြိုဆိုချင်တာပါ" ဟု မိန့်ကြားသည်။ http://www.mizzimaburmese.com/news/1/1946-2008-11-06-13-20-32.html
Friday, November 07, 2008
မစ္စတာဘန်ကီမွန်း အစီရင်ခံစာကို သံဃာနှင့် ကျောင်းသားများ မူအားဖြင့် ကြိုဆို
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment