“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, August 03, 2008

လက်ဆင့်ကမ်းတိုက်ပွဲ


၈-၈-၈၈ လူထုအရေးတော်ပုံကြီးရဲ့ အနှစ် ၂၀ မြောက်နေ့လည်း နီးကပ်လာနေပါပြီ။ ဘလော့ တွေပေါ်မှာလည်း ၀တ္ထုတွေ၊ ကဗျာတွေ၊ ဆောင်းပါးတွေ၊ ဓါတ်ပုံတွေ၊ သတင်းတွေ၊ ကြေငြာချက်တွေ၊ တိုက် တွန်း နှိုးဆော်မှုတွေ၊ ဗီဒီယိုတွေ အမျိုးစုံနေအောင် တွေ့နေ၊ မြင်နေ၊ ဖတ်နေ၊ ကြားနေရပါတယ်။

အဲဒီအထဲမှာလည်း စိတ်အားထက်သန်မှုတွေ၊ နာကျည်းမှုတွေ၊ ဒေါသတွေ၊ အားမလိုအားမရဖြစ်မှုတွေ၊ ကိုယ့်ကိုယ်ကို ဝေဘန်မှုတွေ၊ ပြစ်တင်ပြောဆိုမှုတွေ၊ စတဲ့ ခံစားချက်ပေါင်း အမျိုးစုံကို ရောင်စုံခဲတံဗူးတဗူးကို ဖွင့်ကြည့်လိုက်ရသလို မြင်တွေ့နေရပါတယ်။ ကျနော် ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကို မှန်ထဲမှာ ပြန် ကြည့်မိတိုင်း တာဝန်မကျေခဲ့တဲ့ လူတယောက်ကို အားမလိုအားမရ ပြန်တွေ့နေမိပါတယ်။

ဆရာမမေငြိမ်း ရဲ့ အနှစ်နှစ်ဆယ်ဒဏ်ရာ မှာတောင် ဆရာမက - သေချာတာကတော့ နှစ် ၂၀မှာ တာဝန်မကျေတဲ့ လူကြီးတွေစာရင်းထဲ ကျမ ပါနေတာ အသေအချာ။ - လို့ အားမလိုအားမရ အဆုံး သပ်ထားခဲ့ပါတယ်။ ကျနော်လည်း ဆရာမရဲ့ ခံစားချက်ကို နားလည်မိပါတယ်။ ဒါကြောင့်လည်း ဆရာမပို့စ်က ကွန်မန့်မှာ -ဆရာမရေ အဲဒီစာရင်းထဲမှာ ကျနော့်ကိုလည်း ထည့်ထားလိုက်ပါ-လို့ ရေးခဲ့ပါသေးတယ်။ ဒါကတော့ ကျနော် တို့ခေတ်မှာ ကျနော်တို့ ပုခုံးပေါ်ကို ရောက်လာခဲ့တဲ့ သမိုင်းတာဝန်တွေကို ကျနော်တို့ ၈-၈-၈၈ မျိုးဆက်ဝင် တွေက ပြီးဆုံးအောင် မထမ်းနိုင်ခဲ့သေးဘူးဆိုတာကို ကိုယ့်ကိုယ်ကို ဝေဘန်ရင်း အရိုးသားဆုံး ၀န်ခံချက်တွေပါ။

ဒီနေရာမှာ ကျနော်တို့ မျိုးဆက်က ပြီးဆုံးအောင် မထမ်းနိုင်ခဲ့တဲ့ သမိုင်းတာဝန်တွေကို ဆက်ထမ်းနေတဲ့ ဆက် ထမ်းနေမယ့် နောက်မျိုးဆက်တွေက ညီညီမငယ်တွေကို သိစေချင်တဲ့ အချက်တချို့ကို ခုလိုအချိန်မှာ ဖော်ပြချင်တာပါပဲ။

လွတ်လပ်ရေး မတိုင်ခင် ခေတ်ကတည်းက နယ်ချဲ့ ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေး လှုပ်ရှား မှုတွေနဲ့ စတင်ခဲ့တဲ့ ကျောင်းသား လှုပ်ရှားမှုတွေ အားလုံးဟာ ယနေ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ဒီမိုကရေစီ ရရှိရေး လှုပ်ရှားမှုတွေအထိ မပြီးဆုံးနိုင်သေးတဲ့ လက်ဆင့်ကမ်း တိုက်ပွဲတွေပဲ ဖြစ်ပါတယ်။ လက်ဆင့်ကမ်း တိုက်ပွဲတွေ ဆိုတာ မျိုးဆက်တခုနဲ့အောင်ပွဲ မရနိုင်တဲ့အခါ နောက်မျိုးဆက်တခုက ဒီတိုက်ပွဲကို ဆက်ပြီး ဆင်နွှဲရတာပါပဲ။ ဒါကို အသိအမှတ်ပြုရမှာ၊ နားလည်ရမှာ ဖြစ်ပါတယ်။ ခုချိန်ဟာ ၈-၈-၈၈ အရေးတော်ပုံ နှစ် ၂၀ ပြည့်ဖြစ်ပေမယ့် မျိုးဆက်တွေ အားလုံး လက်ဆင့်ကမ်းပြီး ပါဝင်တိုက်ခဲ့ရတဲ့ စစ် အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ဒီမိုကရေစီ ရရှိရေး ဆိုတဲ့ မပြီးဆုံးနိုင်သေးတဲ့ တိုက်ပွဲကြီး ၄၆ နှစ်ပြည့်ပြီးခဲ့တဲ့နှစ်လည်း ဖြစ်ပါတယ်။ ဒါကိုလည်း သိစေချင်ပါတယ်။

မျိုးဆက်တခုတည်းနဲ့ ဘာကြောင့် အောင်ပွဲမရသလဲ-ဆိုတဲ့ မေးခွန်းကတော့ အချက်အလက်တွေများစွာ စု စည်းပြီးမှ သုံးသပ် ဖြေဆိုရမယ့် မေးခွန်းပါ။ သမိုင်း အဖြစ်အပျက်တွေဆိုတာ တရက်တည်းနဲ့ ပေါ်ပေါက် လာတာ မဟုတ်သလို သမိုင်းနဲ့ ဆိုင်တဲ့ မေးခွန်းတွေကို မေးမြန်း ဖြေဆိုကြတဲ့အခါမှာလည်း အလွယ်တကူ ဖြေဆိုလို့ အလွယ်တကူ မှတ်ချက်ပေးလို့ မရပါ။ - ခင်ဗျားတို့ မျိုးဆက် အသုံးမကျလို့-ဆိုတဲ့ မှတ်ချက်နဲ့ အဆုံးအဖြတ်ပေးလို့ မရပါဘူး။ သမိုင်း အဖြစ်အပျက်တွေမှာ အချက်အလက်တွေ များစွာရှိပါတယ်။ သမိုင်း ဖြစ်ရပ်တွေ အားလုံးကို ကိုယ့် စိတ်ဆန္ဒတခုတည်းနဲ့ ဖြစ်စေချင်သလို ဖြစ်လို့ မရတာ အမှန်ပါ။

ဒီမှာ လက်တွေ့ ကျနော်ကိုယ်တိုင် တွေ့ကြုံခဲ့ရတဲ့ ကိုယ်တွေ့ အဖြစ်အပျက် ၂ ခုကို ဖော်ပြချင်ပါတယ်။ ဒီအ ဖြစ်အပျက် ၂ ခုက လက်ဆင့်ကမ်းတိုက်ပွဲတွေကို ဆင်နွှဲကြရတဲ့အခါ ကြုံတွေ့ရလေ့ရှိတဲ့ မျိုးဆက်ကွာဟမှု ပြသနာ ကို ဖော်ပြနေလို့လည်း ဖြစ်ပါတယ်။

၈-၈-၈၈ ပြည်သူ့အရေးတော်ပုံကြီးကို ဖြိုခွဲခံရပြီးတဲ့အခါ ရှေ့ဆက်လုပ်ဆောင်ရမယ့် စီမံကိန်းတွေ၊ ဖြစ်ပေါ်လာနိုင်တဲ့ အလားအလာတွေ၊ ဖြေရှင်းရမယ့် ပြသနာတွေကို ကျနော်တို့ ဆွေးနွေးကြပါတယ်။ ဆွေးနွေးပွဲမှာ ကျနော်တို့ ၈၈ မျိုးဆက်က အများစုဖြစ်ပေမယ့် ကျနော်တို့ရဲ့ နောင်တော်မျိုးဆက်ဖြစ်တဲ့ ၇၄/၇၅ ဦးသန့်/မှိုင်းရာပြည့် မျိုးဆက်တွေလည်း ပါပါတယ်။ ဆွေးနွေးနေကြရင်းက တနေရာ ရောက်တော့ အရေးတော်ပုံ ဖြိုခွဲခံရတာနဲ့ ပတ်သက်ပြီး နောက်တခါ အဖြိုခွဲ မခံရအောင် ဘယ်လို တားဆီးနိုင်မလဲ၊ ဘယ်လို ရှောင်ရှားနိုင်မလဲ ဆွေးနွေးကြပါတယ်။ အဲဒီမှာ အတော်လေး ပူညံပူညံတွေ ဖြစ်လာပါတယ်။ ဘယ်သူက ဘာမလုပ်လို့၊ ဘယ်အဖွဲ့က ဘယ်လိုလုပ်လို့ စတဲ့ ပြစ်တင် ပြောဆိုမှုတွေလည်း ပါလာပါတယ်။ တဖြည်းဖြည်းနဲ့ ဆွေးနွေးပွဲကနေ စကားရည်လုပွဲ ဖြစ်လာပြီး လမ်းကြောင်းတွေ ချော်လာပါတော့တယ်။ အဲဒီမှာ ၇၄/၇၅ မျိုးဆက်က နောင်တော်ကြီး တဦးက -မင်းတို့ကောင်တွေ ငါတို့ ပြောသလိုမှ မလုပ်တာ-လို့ ပြောရင်းနဲ့ - မင်းတို့က ဘာအတွေ့ အကြုံမှ ရှိခဲ့တာမဟုတ်ဘူး၊ ဒါကြောင့်မို့ ဒီလိုဒီလိုလုပ်ကြပါလို့ ငါတို့တွေ ပြောတာ၊ မင်းတို့တွေကမှ လိုက်မလုပ်တာ၊ မင်းတို့တွေ ဘာအသုံးကျလို့လဲ-လို့လည်း ပြောရော ၈၈ မျိုးဆက်ထဲက တယောက်က ထရပ်ပြီး -ကျုပ်တို့ကို အသုံး မကျဘူးမပြောနဲ့၊ ခင်ဗျားတို့ အသုံး မကျခဲ့လို့ ကျုပ်တို့တွေက လုပ်နေရတာ။ ခင်ဗျားတို့ အသုံးကျခဲ့ရင် ကျုပ်တို့တောင် လုပ်နေစရာမလိုဘူး။ ကျုပ်တို့ မျိုးဆက်က အစိုးရ ၃ ဆက်ဖြုတ်ချခဲ့တာ၊ ခင်ဗျားတို့ မျိုးဆက်က အစိုးရဘယ်နှစ်ဆက် ဖြုတ်ချခဲ့လို့လဲ-လို့ ပြန်ပြောပါတယ်။ ဒါနဲ့ ဆွဲကြလွဲကြရင်းနဲ့ စကားရည်လုပွဲလည်း ပြီးသွားပါတော့တယ်။ (အမှန်တကယ်ကတော့ သူတို့ ၂ ဦးစလုံး ပြောဆိုတာဟာ မှားပါတယ်၊ လိုရာဆွဲယူပြီး ကိုယ်ချချင်တဲ့ ကောက်ချက်ကို ချနေကြတာပါ။)

နောက်တခုက သိပ်မကြာသေးခင်ကပဲ ကျနော်တို့ နောက်က ညီတော်မျိုးဆက်ဖြစ်တဲ့ ၉၆ မျိုးဆက်က ညီတယောက်က - အကိုတို့ ၈၈ မျိုးဆက်ကလူတွေ တကယ်တမ်း ဘာမှ မလုပ်ကြတော့ဘူး။ ပါးစပ် သေနတ် ပစ်နေတာပဲ ရှိတော့တယ်။ ဒါကြောင့်မို့ ကျနော်တို့တွေ မလွတ်မြောက်တာ-လို့ ပြောလာပါတယ်။ (သူပြော တာလည်း မမှန်ပါဘူး။ ပါးစပ်သေနတ်ပစ်တဲ့လူတွေကတော့ ခေတ်တိုင်း မျိုးဆက်တိုင်းမှာ ရှိခဲ့တာပါ။ ၈၈ မျိုးဆက်ရဲ့ ကိုမင်းကိုနိုင်ဟာ ခုထိ တိုက်ပွဲဝင်နေတုန်းပါ။ တိုက်ပွဲဝင်နေဆဲ ၈၈ မျိုးဆက်တွေ အများကြီး ရှိနေပါသေးတယ်။)

ဒီ အဖြစ်အပျက် ၂ ခုက မျိုးဆက်ကွာဟမှု ပြသနာကို ဖော်ပြနေသလို တိုက်ပွဲရလာဒ်ကို ဆန္ဒစွဲနဲ့ ပုံဖော်ပြီး အားမလိုအားမရ ဖြစ်နေတာကိုလည်း ဖော်ပြနေပါတယ်။

စစ်အာဏာရှင်စနစ် အမိဗမာပြည်မှာ စတင် အမြစ်တွယ်ဖို့ ခြေကုပ်ယူတဲ့ ၁၉၆၂ ကစပြီး ၆၂ မျိုးဆက်၊ ၇၄/၇၅ မျိုးဆက်၊ ၈၈ မျိုးဆက်၊ ၉၆ မျိုးဆက်၊ ခု ၂၀၀၇ မျိုးဆက်တွေထိ တိုက်ခဲ့ကြရတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲတွေ အားလုံးဟာ သီးခြားစီ တည်ရှိခဲ့တာ မဟုတ်ပါဘူး။ အားလုံးဟာ တဆက်တစပ်တည်း ဖြစ်တဲ့ လက်ဆင့်ကမ်းတိုက်ပွဲစဉ်တွေသာ ဖြစ်ပါတယ်။ ဒါကို ကျနော်တို့ရဲ့ နောက်မျိုးဆက်က ညီ/ညီမတွေအားလုံးကို သိထားစေချင်ပါတယ်။

အကြမ်းဖျင်းပြောရရင် မျိုးဆက်တခုနဲ့ တခုဟာ အသက်အားဖြင့် ဆယ်နှစ်လောက် ကွာခြားနေကြတာကို တွေ့ရမှာပါ။ အဲဒီ ဆယ်နှစ်အတွင်းမှာ မျိုးဆက်ဝင်တွေ ဖြတ်သန်းနေရတဲ့ နေ့စဉ်ဘ၀တွေဟာ ဘယ်လိုမှ မတူနိုင်ကြပါဘူး။ ဒီအခါမှာ ပြသနာတခု၊ ဖြစ်ရပ်တခုကို ရှုမြင်ချဉ်းကပ်တဲ့နေရာမှာ မတူနိုင်ကြတော့ပါဘူး။ ဒါကို မျိုးဆက် ၂ ခုလုံးက နားလည်သဘောမပေါက်တော့ရင် အရှေ့မျိုးဆက်က -ဒီကောင်တွေ နောက်ပေါက်တွေ ပါကွာ၊ ဘာမှ သိတာ မဟုတ်ဘူး၊ ငါတို့က အတွေ့အကြုံတွေ ရှိပြီးသား- ဆိုပြီး ဆရာကြီးဖြစ်ချင်စိတ်တွေ ပေါ် လာနိုင်ပါတယ်။ နောက်မျိုးဆက်ကလည်း -အဖိုးကြီးတွေပါကွာ၊ ဘာမှ သိတော့တာ မဟုတ်ဘူး၊ ခေတ် နောက်ကျနေပြီ- ဆိုပြီး လေးစားမှု မဲ့တာတွေလည်း ရှိလာတတ်ပါတယ်။ ဒါဟာ မျိုးဆက် ကွာဟမှု ပြသနာ ပါပဲ။ ဒီပြသနာဟာ ကျနော်တို့ရဲ့ တိုက်ပွဲကြီးကို အရှိန်အဟုန် ကျစေနိုင်ပါတယ်။

ဖြစ်သင့်တာကတော့ -
မျိုးဆက်အားလုံး အပြန်အလှန်လေးစား၊ အပြန်အလှန် အသိအမှတ်ပြုကြ။

မျိုးဆက်တိုင်းက အတွေ့အကြုံတွေ အယူအဆတွေကို အပြန်အလှန်ဖလှယ်ကြ။

မျိုးဆက်တိုင်းရဲ့ အားသာချက်တွေ အားနည်းချက်တွေကို ပြန်လည် သုံးသပ် သင်ခန်းစာယူကြ။

မျိုးဆက်အားလုံး လက်ချင်းတွဲပြီး လက်ဆင့်ကမ်းတိုက်ပွဲကြီး ပြီးဆုံးတဲ့အထိ ဆင်နွှဲကြ။

-လို့တိုက်တွန်းပါရစေခင်ဗျား။
နှစ်သက်သောကြောင့် ကူးယူဖေါ်ပြပါသည်။ ကိုအောင်သာငယ်..ကျေးဇူးပါ။
http://aungthange.blogspot.com/2008/07/blog-post_31.html

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */