“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, June 09, 2008

နိုင်ငံတော်သိက္ခာကိုကျစေတဲ့ သူတောင်းစားဟာ - - -


စေတနာရှင်တွေရဲ့ လှူဒါန်းတာတွေကို မုန်တိုင်းဒုက္ခသည်တွေက လက်ဖြန့် ခံယူနေရင် အချောင်သမား စိတ် ဓါတ် တွေ ၀င်ပြီး သူတောင်းစား ဖြစ်မှာစိုးတယ်။ နိုင်ငံတော်သိက္ခာကျတယ်လို့ အာဏာပိုင် တွေကဆိုပါတယ်၊

သူတောင်းစားအဖြစ်ထက် သူတောင်းစားအတွက် ပစ္ခည်းတွေကို ဖြတ်ယူ ခိုးဝှက် သိမ်းပိုက်တဲ့ဖြစ်ရပ်က ပို အောက်တန်းကျတဲ့ လုပ်ရပ်။ နိုင်ငံတော်သိက္ခာကိုကျစေတဲ့ လုပ်ရပ်ပါ၊

ဒုက္ခရောက်လို့ စားရမဲ့ သောက်ရမဲ့ နေစရာမဲ့သူတွေဟာ ပေးမှ စားရ၊ ကမ်းမှ သုံးရတဲ့အခြေအနေမှာ စေတနာရှင် အလှူရှင်တွေရဲ့ မျှဝေပေး ကမ်းမှုကိုမြော်လင့်မှီခိုနေရတဲ့အချိန်ဖြစ်တာမို့  သူတို့ ကို သူတောင်းစားလို့ သတ်မှတ်တဲ့သူတွေဟာ အမြင်ကျဉ်း မြောင်းလွန်းပါတယ်၊ သူတောင်းစား စိတ်ဓါတ်ဝင် မှာ သူ တောင်းစားတွေဖြစ်မှာစိုးလို့  ဒုက္ခသည်စခန်းများကနေ မိမိတို့ အရပ် ပြန်ကြဘို့ အာဏာပိုင်တွေက အတင်း အ ကြပ် နှင်လွှတ်နေပါတယ်၊ ဒါကတော့အာဏာပိုင်တွေရဲ့ အကြောင်းပြဆင်ခြေပါ၊ အဓမ္မပြန် လွှတ်တဲ့အကြောင်းရင်းကတော့ ဒုက္ခသည်စခန်း များလုံးဝမရှိရေးအတွက်ပဲဖြစ်ပါတယ်၊ နအဖက ကမ္ဘာကို နာဂစ် ဆိုက်ကလုံးမုန်တိုင်းဘေးဟာ ကယ်ဆယ်ရေးအဆင့်ပြီးလို့ ပြန်လည်ထူထောင်ရေး စအဆင့်ရောက် နေပါပြီလို့  လိမ်လည်ကြေ ညာထားတာကို သက်သေထူနိုင်ဘို့ ပါသာ ဖြစ်ပါတယ်၊

အဓမ္မနှင်လွှတ်ခံရလို့ ပြီးပြန်ကြရပါပြီတဲ့၊ လေဘေး ရေဘေးဒဏ်သင့်လို့  အောက်ခြေရေစိုစို အမိုးမရှိ အကာမဲ့ တဲ့ တရွာလုံးပြုတ် အပျက်အစီး တွေမှာ ဒုက္ခှသည်တွေ ဘယ်လိုနေကြရမှာလဲ၊ နားခိုစရာ ဟာလာဟင်းလင်း ဘုရားရင်ပြင်ထက်မှာ ရာသီဥတု ဒဏ်ကိုခံရင်း အစားဆင်းရဲ အနေ ဆင်းရဲဖြင့် အပူပေါ် အပူတွေဆင့်ကာ ရောဂါဝေဒနာကပ်ဆိုးတွေကို လက်ယပ်ခေါ်နေကြရမှာ သေချာပါတယ်၊

မုန်တိုင်းဒဏ်သင့်ဒုက္ခသည်များကို အခြေခံလိုအပ်ချက်များဖြစ်တဲ့ ရေသန့် ။ စားနပ်ရိက္ခာ။ အသုံး အဆောင်။ ယာယီအိုးအိမ်များ ဆောက်လုပ်ရေး ပစ္စည်းများ ပြည့်ပြည့်စုံစုံမဟုတ်သေးပဲ လုံလောက်ရုံမျှ သာပေး လိုက်ပါ၊အကြီးအကဲဆိုသူတွေလာရောက်တုန်း ဟန်ဆောင်လက်အုပ်ချီ နှုတ် ဆက်တာထက် ၀မ်းတွင်းအူလှိုက် ကျေးဇူးတင်စွာ ထိုင်ရှိခိုးကန်တော့ပြီး ဒုက္ခှသည်များဟာ နေရပ်ကို အမြန်ဆုံးပြန်ကြမှာဖြစ်ပါတယ်၊ ထိ ရောက်တဲ့သယ်ယူပို့ ဆောင်ရေးတော့ အထူးလိုအပ်ပါလိမ့်မယ်၊

နအဖက ကမ္ဘာကို နာဂစ် ဆိုက်ကလုံးမုန်တိုင်းဘေးဟာ ကယ်ဆယ်ရေးအဆင့်ပြီးလို့ ပြန်လည်ထူထောင်ရေး အဆင့်ရောက်နေ ပါပြီလို့ ကြေညာ လိုက်ပါတယ်၊ မြန်မာနိုင်ငံမှာကျင်းပတဲ့ ကုလသမဂ္ဂ။ အာဆီယံနဲ့ အလှူ ရှင် များ အစည်းအဝေးမှာ နအဖ၀န်ကြီး ချုပ်ကထုတ်ဖော်ပြောခဲ့ပါတယ်၊ မကြာမီကကျင်းပသွားတဲ့ ဒေသ ဆိုင်ရာလုံခြုံရေးထိပ်သီးအစည်းအဝေးမှာ နအဖ -ဒုကာကွယ် ရေးဝန်ကြီးကလဲ ထုတ်ဖော်ပြောခဲ့ပါတယ်၊ ဒါပေ မင့် ရန်ကုန်မှာကျင်းပခဲ့တဲ့ အလရှင်များအစည်းအဝေးမှာ မစ္စတာ ဘန်ကီမွန်း က ကယ်ဆယ်ရေး အဆင့်မှာ မပြီးသေးပဲ အနည်းဆုံး ၆ လ ခန့် ကြာဦးမှာဖြစ်တယ်လို့  အတိအလင်း ပြောကြားခဲ့ပါတယ်၊ လတ်တလော ထုတ်ပြန်လိုက်တဲ့ ကုလသမဂ္ဂစားနပ်ရိက္ခာအဖွဲ့ ရဲ့ ပြောကြားချက်အရ ဒုက္ခသည် ၁ သန်း လောက် သာ ကယ် ဆယ်ရေးအကူအညီများရသေးကြောင်း သိရပါတယ်၊ ယာယီစာရင်းကောက်မှတ်တမ်းများအရ မုန်တိုင်း ဘေးသင့်ဒုက္ခသည် ပေါင်း ၁၃ သန်းကျော်ရှိတယ်လို့ ဆိုပါ တယ်၊ ဒါကြောင့် ကယ်ဆယ်ရေးအဆင့်ဟာ ၁၀ ရာခိုင်နှုန်း သာထိရောက်မှုရှိနေ တယ်လို့ ဆိုနိုင်ပါ တယ်၊

နအဖက ကယ်ဆယ်ရေးအဆင့်ပြီးလို့  ပြန်လည်ထူထောင်ရေးအဆင့်ရောက်နေပါပြီ ပြန်လည်ထူထောင်ရေး အ တွက် အမေရိ ကန်ဒေါ်လာ ၁့ ၁ ဘီလျံလိုအပ်ကြောင်း အလှူရှင်များထံ တင်ပြတောင်းဆိုလိုက်ပါတယ်၊ ယင်း လိုငွေများကို ဒုက္ခသည်များ အတွက် အမှန်တကယ်အပြည့် အ၀သုံး မှာမဟုတ်ကြောင်းလဲ သက်ဆိုင်ရာ များ ကသဘောပေါက်လျက်ရှိပါတယ်၊ မကြာမီ ရက်အတွင်းက ဒုဝန်ကြီး ဗိုလ်လှသိန်းဆွေဟာ ဥရောပကို သွားပြီး ကမ္ဘာ့ ဘဏ်မှာ ပြန်လည်ထူထောင်ရေးကိုအကြောင်းပြုကာ ငွေ သွားချေးရာမှာ ပြဿနာတက် အရှက် ရခဲ့ပါတယ်၊ ပြန်လည်ထူ ထောင် ရေးအတွက် ဒေသအလိုက် ပုဂ္ဂလိက ကုမ္မဏီများကို သတ်မှတ် ပေးရာမှာ နအဖခေါင်းဆောင်ပိုင်း။ ဆွေမျိုးများပိုင်ဆိုင်တဲ့ ကုမ္မဏီများနဲ့ သူတို့ နဲ့ အလွမ်းသင့်သူများ ပိုင်ဆိုင်တဲ့ ကုမ္မဏီ များသာ ဖြစ်နေတာတွေ့ ရပါတယ်၊ ပြန်လည်ထူထောင်ရေးအတွက် တင်ပြတဲ့ ငွေတွေ ဟာ နအဖမိသား စုနဲ့ အသိုက်အ၀ိုင်း ကြီးပွါးချမ်းသာရေးအတွက် တောင်းဆိုတာသာဖြစ်ကြောင်း ထင်ရှားလှပါ တယ်၊

နအဖရဲ့ မတရားတဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေအတွက် ဆန္ဒခံယူပွဲများကိုလဲ မုန်တိုင်းသင့်ဒုက္ခ ပင်လယ်ဝေနေချိန် အတွင်းမှာပဲ ထောက်ခံမဲတွေကို နည်းမျိုးစုံနဲ့ အဓမ္မတောင်းယူလိုက်တာလဲ မျက်ဝါးထင်ထင်ပါပဲ၊ ‘ မဲသူတောင်းစား’များလို့ သာ သတ်မှတ်ရ မှာဖြစ်ပါတော့တယ်၊

အစာရေစာ ရှားပါးပြတ်လပ်မှုကပ်။ ရောဂါဘယ ထူပြောမှုကပ်များနှင့် ရင်ဆိုင်ပြီး ဒုက္ခ ပင်လယ်ကျော မျောနေ တဲ့ ဒုက္ခသည်များ ကိုအကြောင်း ပြုပြီး နိုင်ငံတော်သိက္ခာညှိုးနွမ်းအောင် သူတောင်းစား စိတ်ဓါတ်ဝင်နေသူများမှာ နအဖ အာဏာပိုင်များဖြစ်တယ် လို့ ဆိုရမှာဖြစ်ပါတယ်၊

မောင်မောင်လှကြိုင် ၂၀၀၈-၀၆-၀၄ http://www.hittaing.org/labour/

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */