“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, June 26, 2008

အုပ်ချုပ်တာတော့ ဟုတ်ပါပြီ ဘယ်သူ ရှင်းမလဲဒီကိစ္စ

လေဘေးဒုက္ခသည်များ ရေနှင့် အစားအစာ ပြတ်လပ်နေဟု ကုလ ပြောကြား
မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ ဇွန်လ 26 2008 15:39 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ဧရာဝတီနှင့် ရန်ကုန်တိုင်းရှိ မုန်တိုင်းသင့် ဒုက္ခသည် ထက်ဝက်ကျော်သည် ယခုထက်တိုင် အစား အစာ အထောက်အပံ့များ မရသေးဘဲ ငတ်မွတ်လျက်ပင် ရှိသေးကြောင်း ကမ္ဘာ့ကုလသမဂ္ဂက ယနေ့ ပြောကြား လိုက်သည်။
လူသားချင်း စာနာသည့် အစီအစဉ်အရ ပေးအပ်သော အကူအညီများကို ဒုက္ခသည် ၄၅ ရာခိုင်နှုန်းသာ ရရှိပြီး၊ ကျန်ဒုက္ခသည်များမှာ မိမိဖာသာ ရပ်တည်နေကြရကြောင်း ကုလ၊ အာဆီယံ အဖွဲ့ဝင်များ၊ အစိုးရ ကိုယ်စားလှယ်များ ပါဝင်သည့် အဖွဲ့မှ ပြုလုပ်ခဲ့သည့် ကပ်ဘေးအလွန် အကဲဖြတ် လေ့လာမှု ကနဦး အစီရင်ခံစာက ဖော်ပြထားခြင်း ဖြစ်သည်။

“ရှိသမျှ သိုလှောင်ထားတဲ့ ရိက္ခာရဲ့ ၄၂ ရာခိုင်နှုန်း ဖျက်ဆီး ခံလိုက်ရသဖြင့်၊ စားနပ်ရိက္ခာ အကူအညီကို ဆက်ပေးဘို့ လိုပါတယ်” ဟု ယနေ့ ကုလ ကြေညာချက်တွင် ဖော်ပြထားသည်။

ရေကန်များ ဆားငံရေဝင် ညစ်ညမ်းကုန်ခြင်းကြောင့် မုန်တိုင်းဒုက္ခသည်များ၏ ထက်ဝက်ကျော်(သို့မဟုတ်) ၆၀% သည် သန့်ရှင်းသော သောက်သုံးရေ ချို့တဲ့လျက်ပင် ရှိသေးကြောင်းလည်း ကျေးရွာအုပ်စုအလိုက် အကဲ ဖြတ် လေ့လာမှု (VTA) ကို ကိုးကား၍ ကုလက ပြောဆိုသည်။

“လိုအပ်ချက်တွေကို ပြည့်မီဘို့ လူသားချင်းစာနာတဲ့ ကယ်ဆယ်ရေး ကြိုးပန်းမှုတွေကို ဆက်လုပ်သင့်ပါတယ်” ဟု ကုလအဖွဲ့ကြီးက ဆိုသည်။

မေလ ၂ ရက်နှင့် ၃ ရက်နေ့များက မြန်မာနိုင်ငံ အနောက်တောင်ပိုင်း ကမ်းရိုးတန်းဒေသကို တိုက်ခတ်ခဲ့သည့် နာဂစ် ဆိုင်ကလုံးမုန်တိုင်းကြောင့် လူပေါင်း ၁၃၈ဝဝဝ ကျော် သေဆုံးခဲ့ပြီး ထောင်ပေါင်းများစွာ ပျောက်ဆုံးနေဆဲ ဖြစ်သည်။

မြန်မာနိုင်ငံ၏ အဓိက ဆန်စပါး စိုက်ပျိုးထုတ်လုပ်ရာ ဒေသကြီးဖြစ်သော ဧရာဝတီတိုင်းကို ဆိုင်ကလုံး မုန်တိုင်း ဝင်ရောက်ဖျက်ဆီးခဲ့သည့် အတွက် လူပေါင်း ၂ ဒဿမ ၄ သန်း၏ ဘဝများ ထိခိုက် ပျက်စီးခဲ့ရကြောင်းလည်း ကုလက ဆိုသည်။

ဤအကဲဖြတ် လေ့လာမှုအရ ကျေးရွာခေါင်းဆောင် ၆ဝ ရာခိုင်နှုန်းက မျိုးစပါး မလုံလောက်သဖြင့် လာမည့် စိုက်ပျိုးရာသီအတွက် စိုးရိမ်ပူပန် ကြောင်း ထုတ်ဖော် ပြောကြားခဲ့ကြပြီး၊ အိမ်ထောင်စု ၇၈ ရာခိုင်နှုန်းက ယင်းတို့အနေဖြင့် ချေးငွေ မရရှိသဖြင့် လယ်ထဲ ပြန်မဝင်နိုင်တော့ဘဲ အလုပ်လက်မဲ့များ ဖြစ်ကုန်ပြီဟု ထုတ်ဖော် ပြောဆိုခဲ့ကြသည်။

မုန်တိုင်းအပြီး အဓိက ကပ်ရောဂါဆိုးကြီးများ ကျရောက်ဖြစ်ပွားခဲ့ခြင်း မရှိသော်လည်း မုန်တိုင်းဒုက္ခသည် ၂၂ ရာခိုင်နှုန်းသည် စိတ်ပိုင်းဆိုင်ရာ စိတ်ဖိစီးမှုရောဂါများ ခံစားနေရကြောင်းလည်း ဤလေ့လာမှု အစီရင်ခံစာက ဖော်ထုတ် တွေ့ရှိခဲ့သည်။

နာဂစ်အလွန် ပူးတွဲ အကဲဖြတ် လေ့လာမှု (PONJA) သည် အပျက်အစီး အတိုင်းအတာ ပမာဏနှင့် လူသားချင်းစာနာသည့် ကယ်ဆယ်ရေး လုပ်ငန်း ကြိုးပန်း ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ လွတ်လပ်ပြီး ယုံကြည် ကိုးစားရသည့် အစီရင်ခံ လေ့လာ တင်ပြချက် တရပ်ကို နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီများနှင့် အလှူရှင်အစိုးရများကို ပေးအပ်ရန် ရည်ရွယ် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

သဘာဝကပ်ဘေးကြီးကို ပထမအကြိမ် စနစ်တကျ သုံးသပ်လေ့လာရာ၌ လူ ၃ဝဝ ကျော်ပါဝင် ဆောင်ရွက်ခဲ့ သည်။

ကျေးရွာအုပ်စုအလိုက် အကဲဖြတ် လေ့လာမှု (VTA) အပြင် ကပ်ဘေးကြောင့် ပေါ်ပေါက်ခဲ့သည့် စီးပွားရေးနှင့် ရုပ်ပိုင်းဆိုင်ရာ ဆုံးရှုံးမှုများကိုပါ ထည့်သွင်းလေ့လာ တင်ပြမည့် အစီရင်ခံစာ အပြည့်အစုံကို ဇူလိုင်လဆန်းတွင် ထုတ်ပြန်သွားမည်ဟု ကုလက ပြောကြားသွားသည်။
http://www.mizzimaburmese.com/news/inside-burma/1/1344-2008-06-26-09-26-01

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */