“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, June 25, 2008

မနာလို မိုက်ရိုင်းထွားကျိုင်း နေကြသူများ။

လွတ်လပ်ရေး ခေါင်းဆောင်ကြီးများ၏ စာပေလက်ရာများ အထက်တန်း သင်ရိုးညွှန်းတမ်းမှဖြုတ်
ကိုစိုး ဇွန် ၂၄၊ ၂၀၀၈

စစ်အစိုးရက ၂၀၀၈-၂၀၀၉ ခု ပညာသင်နှစ်အတွက် အခြေခံပညာ အထက်တန်းအဆင့် သင်ရိုးညွှန်းတမ်းကို အသစ် ပြင်ဆင်၍ ပြောင်းလဲ ပြဌာန်းရာတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း တို့နှင့် သက်ဆိုင်သော စာပေများကို ဖြူတ်ပယ် ပြဌာန်းထားသည်ကို တွေ့ရှိရသည်။

ဗိုလ်ချုပ်အောင်ဆန်း သခင်ကိုယ်တော်မှိုင်း
မြန်မာအမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ၊ သခင်ကိုယ်တော်မှိုင်းတို့နှင့် သက်ဆိုင်သည့် သမိုင်း ကြောင်း နှင့် စာပေများသည် နောက်မျိုးဆက်သစ် လူငယ်များ သိသင့်သိထိုက်ပြီး အတုယူရမည်ဖြစ်သော ကြောင့် သင်ရိုးညွှန်းတန်းမှ မဖြုတ်ပယ်သင့်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားများအတွက် ပညာရေးဝန်ဆောင်မှု ပြုလုပ်ပေးနေသော ဒေါက်တာ သိန်းလွင်က ပြောသည်။

“ပညာရေးက သမိုင်းကြောင်းနဲ့ဆက်စပ်နေတာဆိုတော့၊ လူငယ်တွေသိသင့်သိထိုက်တာ၊ အနာဂတ်မှာ သင်ခန်း စာယူရမှာ တွေကို ကျောင်းသင်ခန်းစာမှာ ထည့်ရမှာပဲ၊ အခုအချိန်အထိ သခင်ကိုယ်တော်မှိုင်းတို့ ဗိုလ်ချုပ် အောင်ဆန်း တို့ဆိုတာ မြန်မာအမျိုးသားရေးခေါင်းဆောင်တွေပဲ၊ သူတို့ရဲ့ သမိုင်းတွေ၊ သူတို့ရဲ့အမြင်တွေ ကို ကျောင်းသားတွေ သိထိုက်တယ်၊ ဒါတွေကို ကျောင်းသင်ခန်းစာမှာ သင်ထိုက်တယ်”ဟု ဒေါက်တာ သိန်းလွင်က ပြောသည်။

ယခု သင်ကြားရမည့် ၁၀ တန်း သင်ရိုးသစ် တွင် ယခင် သင်ရိုးဟောင်း ပင်ရင်းစကားပြေမှ ဗိုလ်ချုပ်အောင်ဆန်း၏ “ပြည်သူ့ ညီလာခံ”အမည်ရှိ မိန့်ခွန်းကောက်နုတ်ချက် စကားပြေအပါအဝင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ “လူကြီးနှင့် လူငယ်” စကားပြေနှင့် မြန်မာကဗျာလက်ရွေးစဉ်မှ “သပြေနုချိန်”ကဗျာတို့ကို ဖြုတ်ပယ်ခဲ့ခြင်းသည်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဗိုလ်ချုပ်အောင်ဆန်းတို့၏စာပေနှင့် အတွေးအခေါ်တို့သည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် ခြိမ်းခြောက်နေသောကြောင့် စစ်အစိုးရက ကျောင်းသင်ခန်းစာမှ ဖြုတ်ပယ်ခဲ့ခြင်းဖြစ်သည်ဟု ထိုင်းနိုင်ငံ အခြေစိုက် စာရေး ဆရာ ဇင်လင်းကလည်း ပြောကြားသည်။

“သူတို့ရေးခဲ့တဲ့စာတွေ၊ ပြောခဲ့ဟောခဲ့တဲ့ စကားတွေ၊ အဆိုတွေ၊ အစဉ်အလာတွေ၊ အတွေးအခေါ်တွေ အားလုံးက အမြဲတမ်း ပြည်သူနဲ့တသားတည်း ရှိတယ်၊ နိုင်ငံနဲ့ အမျိုးသား အကျိုးစီးပွားနဲ့ တသားတည်း ရှိတယ်၊ အဲဒီလို အမျိုးသားရေး အစဉ် အလာနဲ့ တကယ့် မျိုးချစ်စိတ် အစစ်အမှန်ကို ဖော်ကျူးတဲ့ စာတွေက စစ်အာဏာရှင်စနစ်နဲ့ အမြဲတမ်း ဖီလာဆန့်ကျင်နေတာ ဖြစ်တဲ့အတွက် ဒီစာတွေကိုကျောင်းသုံးပြဌာန်းနေတာဟာ ပျံ့ပွားကျယ်ပြန့်အောင် လုပ်သလိုဖြစ်နေတယ်၊ ဒါကိုမလိုလားတဲ့ အတွက် အခုလိုဖြုတ်ပစ်တာပဲဖြစ်ပါတယ်”ဟု ဆရာဇင်လင်းက ပြောသည်။

စစ်အစိုးရ အနေနှင့် ယင်းသို့ သင်ရိုးညွှန်းတမ်းကို ပြောင်းလဲပြဌာန်းရခြင်းမှာ နိုင်ငံတကာ အဆင့်မီရန် အတွက်ဟု ကြေညာ ပြောဆိုနေသော်လည်း ယခုကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်ကိုယ်တော်မှိုင်းတို့နှင့် သက်ဆိုင်သည်များကို ဖြုတ်ပစ်ခြင်း သည် သမိုင်းကြောင်းကို ဖြောက်ပစ်ချင်၍ဖြစ်ကြောင်း ရန်ကုန်မြို့မှ အခြေခံပညာ အထက် တန်း အဆင့် သင်ကြားနေသော ဆရာတဦးက ပြောဆိုသည်။

“သင်ရိုးပြောင်းတာက အစိုးရ ကြေညာချက်အရ ဆိုရင် နိုင်ငံတကာ အဆင့်မီအောင်၊ ဂျီစီအီး လယ်ဘယ်နဲ့ ညီအောင်လို့ ဆိုတယ်၊ တကယ် တန်းကျ နိုင်ငံတကာ အဆင့် မီသလားဆိုတော့ သင်ရိုးကို အစအဆုံး ပြောင်း တာ မဟုတ်ဘဲနဲ့ နဂို သင်ရိုး ပေါ်မှာ မွမ်းမံ တာပဲ ရှိတယ်၊ နည်းနည်းစီ ထပ်တိုးတယ်၊ နည်းနည်းစီ ဖြုတ်ပစ် တယ်၊ မနှစ်ကလည်း ၉ တန်းကို ပြောင်းထား တယ်၊ နိုင်ငံတကာ အဆင့် က လုံးဝ မမီပါဘူး၊ သူငယ်တန်း ကစပြီး၊ အခြေခံကစပြီး အကုန်လုံးပြင်မှ ရမှာ၊ စာမေးပွဲ စနစ် တွေပြောင်းရမယ်၊ စာအုပ်စာတမ်းတွေ နိုင်ငံတ ကာ မီအောင် လုပ်ပေးရမယ်၊ ၉ တန်း ၁၀ တန်းကျမှ စပြောင်းလို့ မဖြစ် နိုင်ဘူး”ဟု လည်း ၎င်းက ပြောသည်။

ယခု သင်ရိုးသစ်သည် အင်္ဂလိပ်စာတွင်လည်း အနည်းငယ်သာပြောင်းလဲမှုရှိပြီး ရူပဗေဒ ဘာသာရပ်တွင်မူ သင်ခန်းစာ ထပ်တိုးလာကြောင်းနှင့် ကျောင်းသားနှင့် ဆရာများအတွက် ခက်ခဲထူးခြားမှု များစွာမရှိနိုင်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

မြန်မာစစ်အစိုးရ စာမေးပွဲ စနစ်မှာ အရည်အသွေးထက် အတန်းအောင်ရေးအတွက် နှစ်စဉ် အောင်ချက် ရာခိုင်နှုန်း ညီမျှမှု ရှိရန် ထိန်းညှိပြုလုပ်ထားသော စနစ်ဖြစ်၍ ယခု နှစ် ၁၀ တန်းအောင်နှုန်းမှာလည်း ယခင်နှစ်များကနှင့် ကွာခြားမှု မရှိဟု အထက်ပါ ရန်ကုန်အခြေစိုက် အထက်တန်းပြ ဆရာ၏ ပြောကြားချက်အရ သိရသည်။

ဒေါက်တာ သိန်းလွင် က မူ ပညာရေးသည် ကျောင်းသား၊ မိဘ ၊ နိုင်ငံနှင့် သက်ဆိုင်သည့် လွတ်လပ်စွာလေ့လာ သင်ယူနိုင် သော ပညာရေးမျိုးဖြစ်သင့်ကြောင်း၊ အုပ်ချုပ်သူ အလိုကျ ပြောင်းလဲကျင့်သုံးသည့် ပညာရေးမျိုး မဖြစ်သင့်ကြောင်း ပြောသည်။

“နိုင်ငံတကာ အဆင့်မီတာ မမီတာထက် အုပ်ချုပ်တဲ့လူတစုရဲ့အမြင်နဲ့ ပြောင်းလဲတာမျိုး မဖြစ်သင့်ဘူး၊ လွတ်လွတ်လပ်လပ် လေ့လာ သင်ယူနိုင်ရမယ်၊ လွတ်လွတ်လပ်လပ် တွေးခေါ်စဉ်းစားနိုင်ရမယ် ဆိုတဲ့ ပညာရေးမျိုး Critical Thinking မျိုးကို သွားရမယ်၊ အဲဒီလို ဆိုရင် လူငယ်တွေက အားလုံးကို လေ့လာမယ်၊ လေ့လာနိုင်ဖို့ လည်း လမ်းဖွင့်ပေးရမှာပဲ”ဟု ၎င်းက ပြောကြားသည်။

ယခုသင်ရိုးသစ်၌ ပြည်ပတွင်ရောက်ရှိနေထိုင်လျှက်ရှိသော ကဗျာ ဆရာ မောင်စွမ်းရည်၏ “ဘဝနှင့်အလှ”ကဗျာနှင့် လယ်တီ ဆရာတော်ကြီး၏“ခွင့်သာခိုက်မှ မလိုက်ချင်လျှင်”တေးထပ်တို့ကိုလည်း ဖြုတ်ပယ်ထားသည်။ ဆရာ မောင်စွမ်းရည်သည် ပြည်ပသို့ရောက်ရှိချိန်မှ စ၍ စစ်အစိုးရ ဝေဖန်စာများကို အစဉ်တစိုက်ရေးသား နေသူတဦး ဖြစ်သည်။

ယင်းသို့ ပြောင်းလဲပြဌာန်းလိုက်သည့် သင်ရိုးသစ်ကို ယခုလ ၂ ရက်နေ့ ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်မှ စတင်ကာ ကျောင်းသားများ သင်ကြား နေကြရပြီဖြစ်ကြောင်း သိရသည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */