“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, June 30, 2008

သူတို့ ဘဲ...အမျိုးမျိုး..

ပြည်ပအသံလွှင့် ရေဒီယိုများ ရဲအဖွဲ့နားထောင်
မိုးအောင်တင် | ဇွန် ၃၀၊ ၂၀၀၈

စစ်အစိုးရက ဘီဘီစီ၊ ဗီအိုအေ အစရှိသည့် ပြည်ပအသံလွှင့်ဌာနများအား သတင်းအမှားများ လိမ်ညာထုတ်လွှင့်နေပြီး တိုင်းပြည်ပျက်ရန်ပြုလုပ်နေသည်ဟု စွပ်စွဲမှုများ ပြုလုပ်နေသော်လည်း ရဲတပ်ဖွဲ့ဝင်များကိုမူ ယင်း အသံလွှင့် ဌာနများကို နားထောင်ရန် ညွှန်ကြားထားကြောင်း ရဲတပ်ဖွဲ့ဝင်များက ပြောသည်။

၂၀၀၇ ခုနှစ် စက်တင်ဘာလ သံဃာတော်များ ဦးဆောင်သည့် ရွှေဝါရောင်တော်လှန်ရေးမဖြစ်ခင် ၎င်းတို့၏ အထက်အရာရှိ များက ဘီဘီစီ၊ ဗီအိုအေ အစရှိသည့် ပြည်ပအသံလွှင့်ဌာနများကို နားမထောင်ရဟု အမိန့်ထုတ်ပြန်ခဲ့သော်လည်း စက်တင်ဘာနောက်ပိုင်းတွင် နားထောင်ရန် အမိန့်ပြောင်းထုတ်ထားသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တဦး က ပြောသည်။

ရန်ကုန်မြို့မှ ထင်ရှားသော ဘုရားတဆူ ဖြစ်သည့် ကျောက်တော်ကြီး ဘုရားတွင် လုံခြုံရေးတာဝန်ကျနေသည့် ရဲတပ်ကြပ် ကြီးတဦးကလည်း အလုပ်တာဝန်တခုအနေနှင့် ပြည်ပအသံလွှင့်ဌာနများကို နားထောင်နေရကြောင်း ပြောပြသည်ဟု ရန်ကုန်မြို့ခံ အရပ်သားတဦးက ပြောသည်။

အဆိုပါအရပ်သားက “ဘာလို့ နားထောင်သလဲလို့ သူ့ကိုမေးကြည့်တော့ နအဖ အစိုးရကလည်း သတင်းမှန် အားလုံးကို မပြောဘူး၊ အဲဒါကြောင့် ဘီဘီစီ၊ ဗီအိုအေ၊ အာရ်အက်ဖ်အေ စတာတွေ နားထောင်ရတာတဲ့၊ အဲဒီလိုနားထောင်မှ ဘာတွေ ဖြစ်နေလဲ ဆိုတာသိရပြီး နောက်ဘာဖြစ်နိုင်တယ်၊ ဘာပြင်ဆင်ထားရမယ်ဆိုတာ သိနိုင်မယ်လို့ ကျနော့်ကို ပြောပြတယ်” ဟုဆိုသည်။

ရဲသတင်းတပ်ဖွဲ့နှင့် နီးစပ်သူတဦးကမူ ပြည်ပရေဒီယိုများတွင်ပါရှိသော သတင်းများအရ နောက်ကလိုက်၍ အရေးယူရန် ရဲတပ်ဖွဲ့က ယခုကဲ့သို့ ရေဒီယို သတင်းများကို နားထောင်ခြင်းဖြစ်သည်ဟု ပြောဆိုသည်။

“သူတို့ရဲတွေလည်း ဘာမှ အကြံဥာဏ် ရှိလို့မဟုတ်ဘူး၊ မြန်မာဘာသာနဲ့လွှင့်တဲ့ ပြည်ပရေဒီယိုသတင်း နားထောင်ပြီးတော့ အဲဒီနောက်ကိုလိုက်ပြီး အရေးယူဖို့ လုပ်စရာရှိတာ လုပ်နေကြတာလို့ ထုတ်ပြောတယ်”ဟု သတင်းတပ်ဖွဲ့နှင့် နီးစပ်သူက ဆိုသည်။

နအဖ စစ်အစိုးရသည် ပြည်ပမီဒီယာများဖြစ်သည့် ရေဒီယို၊ အင်တာနက် ၀က်ဘ်ဆိုက်နှင့် ဂြိုဟ်တု ရုပ်သံများမှ ကြေညာ ဖေါ်ပြလျက်ရှိသည့် မြန်မာနိုင်ငံနှင့် ပတ်သက်သော သတင်းများပေါ်တွင် အခြေခံကာ တုံ့ပြန်ခြင်း၊ အရေးယူ ဆောင်ရွက် ခြင်းတို့ကို ပြုလုပ်လျက်ရှိကြောင်းလည်း ရဲအရာရှိတချို့က ပြောဆိုသည်။

လွန်ခဲ့သည့် နှစ်နှစ်ကျော်ကတည်းက ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက မီဒီယာကိုမီဒီယာနှင့် တိုက်ရမည် ဆိုသည့် ဆောင်ပုဒ်ကို လူသိရှင်ကြားကြေညာခဲ့ပြီး ပြည်ပမီဒီယာများမှဖေါ်ပြသည့် မြန်မာနိုင်ငံနှင့် ပတ်သက်သော ရေးသား ပြောဆိုချက်များကို ပြန်လည် ချေဖျက်သည့် သတင်းများအား အစိုးရမီဒီယာနှင့် ပြည်တွင်း ပုဂ္ဂလိကမီဒီယာများတွင် ရေးသားဖေါ်ပြရန် ညွှန်ကြားခဲ့သည်။ ပုဂ္ဂလိကပိုင် အပတ်စဉ် ဂျာနယ်များတွင်လည်း အစိုးရအာဘော် သတင်း ဆောင်းပါး များကို စာပေစိစစ်ရေးမှ ခွဲတမ်းချပေးပြီး မထည့်မနေရ ထည့်သွင်းဖေါ်ပြစေသည်။

ဧရာဝတီတိုင်း လပွတ္တာမြို့မှ ဒုက္ခသည်များကို နေရပ်ရွာများသို့ အတင်းပြန်စေသည်ဆိုသည့် သတင်းများ ပြည်ပသတင်း ဌာနများတွင် ဖေါ်ပြပြီး ရက်ပိုင်းအတွင်းမှာပင် စစ်အစိုးရ သတင်းစာက လပွတ္တာမြို့ရှိဒုက္ခသည်စခန်းမှ ဒုက္ခသည်များနှင့် တွေ့ဆုံမေးမြန်းထားသည့် သတင်းဆောင်းပါးကို ဖေါ်ပြခဲ့သည်။

ထို့အတူ မုန်တိုင်းဒဏ်ခံရသည့် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းကွမ်းခြံကုန်း ကော့မှူးမြို့နယ်များမှ လယ်သမားများ ကျွဲနွား၊ လယ်ထွန်စက်နှင့် မျိုးစပါးမရှိ၍ အခက်ကြုံနေရသည်ဆိုသော သတင်းများ ပြည်ပမီဒီယာများ တွင်ဖေါ်ပြခဲ့ပြီးသည့်နောက် အစိုးရ တီဗီနှင့် သတင်းစာများတွင် လယ်ထွန်စက်၊ မျိုးစပါး၊ ကျွဲ နွားများကို နိုင်ငံတော်က ထောက်ပံ့ပေးနေသည့် ပုံများ ဖော်ပြသည်။

လေဘေးသင့် ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်ထဲမှ ကျေးရွာများသို့ သွားရောက် ကူညီလျက်ရှိသူ စေတနာ့ဝန်ထမ်းတဦး ကမူ နအဖ အစိုးရသတင်းစာနှင့် မီဒီယာများတွင် ဖေါ်ပြသည့် ပံ့ပိုးကူညီမှုများမှာ အပြသဘောမျှသာဖြစ်ပြီး ဒုက္ခသည် အများစုမှာ အခက်အခဲများနှင့် ကြုံတွေ့နေရဆဲဖြစ်သည်ဟု ပြောသည်။

“ရန်ကုန်ကနေ ဒေးဒရဲ ဖျာပုံဘက်သွားရင် ကော့မှူးမြို့အ၀င်၊ ကွမ်းခြံကုန်းမြို့ အ၀င်နဲ့ မြို့အထွက် ကားလမ်းဘေးက လယ်တွေလောက်ပဲ ထွန်စက်နဲ့ထွန်တာ တွေ့ရတယ်။ အဲဒီနောက် အတွင်းပိုင်းကျတဲ့ လယ်တွေကျတော့ ကိုယ့်ဘာသာ ကိုယ် ထွန်နိုင်ရင်ထွန် မထွန်နိုင်ရင်တော့ ဒီအတိုင်း မြက်ပင်တွေနဲ့ စိမ်းနေသေးတာပဲ တွေ့ရတယ်”ဟု အဆိုပါ စေတနာ့ ၀န်ထမ်း ဆောင်ရွက်သူက ပြောသည်။

ပြည်ပ အသံလွှင့်ဌာနများ၏ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် သတင်းများကို နေ့စဉ်နားထောင်နေသူ ရန်ကုန်မြို့ခံတဦးက လည်း “အစိုးရ သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားအားလုံးဟာ ပြည်ပ မီဒီယာတွေက ဖေါ်ပြ၊ လွှင့်ထုတ်သွားတာတွေကို နေ့တိုင်း ပြန်ပြီးရှင်းနေသလိုပဲ ခံစားရတယ်။ ဥပမာ ဧရာဝတီတိုင်း ဒုက္ခသည်စခန်းတွေနဲ့ ရွာတွေမှာ ၀မ်းရောဂါတွေ ဖြစ်ဖို့ အန္တရာယ်ရှိတဲ့ သတင်းဖေါ်ပြပြီး မကြာခင် ကျန်းမာရေးဝန်ကြီးဌာနက ဆရာဝန်တွေ သင်္ဘောနဲ့ ဆေးကုသပေးနေကြောင်း အစိုးရ သတင်းတွေမှာ ဖေါ်ပြတော့တာပဲ ”ဟု ပြောဆိုသည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */