“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, June 26, 2008

ဆန်ပြဿနာ..ဗိုက်ပြဿနာဗျို့ 

ဧရာဝတီတိုင်းအရေး မကြာခင် တပြည်လုံးအရေး ဖြစ်တော့မည် http://www.khitpyaing.org/editorial/june_08/10-6-08.php

ဧရာဝတီတိုင်း လယ်ယာတွေ မုန်တိုင်းထိထားသည့်အတွက် ယခုနှစ် မိုးစပါးစိုက်ဖို့ မဖြစ်နိုင်တော့ဟု ကုလသမဂ္ဂမှ သတိပေးလိုက်သဖြင့် မကြာခင် မြန်မာတပြည်လုံး ဆန်ပြဿနာကြုံပြီး သရောကြီး ခိုင်းတော့မည်ဟု မှန်းလို့ရသည်။ လူမှုရေး အုံကြွမှုတွေ ပြည်လုံးကျွတ် ဖြစ်တော့မည်။
မိုးစပါးသည် မြန်မာနိုင်ငံ၏ ရိက္ခာဖြစ်၏။ မိုးစပါး မစိုက်နိုင်ခြင်းသည် နိုင်ငံ၏ ထမင်းအိုးကွဲသည်နှင့် တူ၏။

မြန်မာစစ်အစိုးရ၏ ၂၀၀၃-၂၀၀၄ စာရင်းအရ ဧရာဝတီတိုင်းမှာ မိုးစပါးစိုက်ဧက (၃.၅) သန်းရှိပြီး နွေစပါးစိုက်ဧက (၁.၇) သန်းရှိ၏။ တပြည်လုံး စပါးစိုက်ဧက (၁၆) သန်းရှိသည့်အတွက် ဧရာဝတီ တိုင်း စပါးစိုက်ဧကသည် တပြည်လုံး စပါးစိုက်ဧက စုစုပေါင်း၏ (၃၃) ရာနှုန်းရှိ၏။ ထို့ကြောင့် ဧရာဝတီတိုင်း စပါးအပျက်နှုန်းသည် မြန်မာပြည် ဆန်ပြဿနာ၏ သော့ချက်ဖြစ်လာနိုင်၏။

ဧရာဝတီတိုင်း စပါးအပျက်အစီးကို တန်ချိန် (၇) သိန်းကျော်ရှိပြီး ဆန်အပျက်အစီးမှာ ၂၀၀၇-၂၀၀၈ ခုနှစ်အထွက်နှုန်း၏ (၂.၃) ရာနှုန်းသာရှိသည်ဟုသာ စစ်အစိုးရဘက်က ဖော်ပြသည်။ သို့သော် မုန်တိုင်းကြောင့် နွေစပါးအပျက်နှုန်းမှာ ပြည်နယ်နှင့် တိုင်း (၅) ခုတွင် စုစုပေါင်း ထုတ်လုပ်မှု၏ (၆၆) ရာနှုန်းရှိပြီး မိုးစပါး အပျက်နှုန်းမှာ စုစုပေါင်း ထုတ်လုပ်မှု၏ (၆၂) ရာနှုန်းရှိနိုင်သည်ဟု မြန်မာ စီးပွားရေးပညာရှင်များက တွက်ချက်ခန့်မှန်း၏။

ဧရာဝတီတိုင်း လယ်ယာမြေကဏ္ဍ နာလန်ထူရေးအတွက် ဒေါ်လာ သန်း (၂၀၀) ကျော် လိုသည်ဟု စစ်အစိုးရက လောဘတကြီးဖြင့် နိုင်ငံတကာကို တွက်ပြ၏။ သို့သော် မှန်းချက်နှင့် နှမ်းထွက်မကိုက်။ မည်သည့် နိုင်ငံကမျှ စစ်အစိုးရ တောင်းသည့်ငွေကို အာမမခံ။
အတိတ်ကို ပြန်ကြည့်လျှင် ဆန်ပြဿနာစဖြစ်တိုင်း ရန်ကုန်သည် လူမှုရေးအုံကြွမှု၏ အခရာဖြစ်၏။ ထို့ကြောင့် စစ်အစိုးရသည် ရန်ကုန်ကိုသာ ဦးစားပေးပြီး တပွဲတိုးနည်းများဖြင့် ဖြေရှင်းလေ့ရှိ၏။ တနည်းဆိုရလျင် ရန်ကုန်လူထုသည် အုံကြွမှုတိုင်းအတွက် အခရာဖြစ်၏။ ထို့ကြောင့် ရန်ကုန်မှာ ဆန်လုံလောက်ပါ့မလားဆိုသည်ကို တွက်ကြည့်ရန်လို၏။

ဆန်စပါး လက်ကားရောင်းဝယ်ရေးအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦး၏ အပြောအရ ရန်ကုန်ကို နေ့စဉ် ဆန်အိတ် (၅,၀၀၀) ၀န်းကျင် ဧရာဝတီက ၀င်နေမှ ရန်ကုန်ဆန်ဈေး ငြိမ်သည်ဆို၏။ သို့သော် မြန်မာနိုင်ငံ၌ လူတဦး တလကို ဆန် (၈) ပြည်နှုန်းစားသုံးသည်ဟု ကျွမ်းကျင်သည့် ပုဂ္ဂလိက ဆန်ကုန်သည်ကြီးတွေက ပြော၏။ ထိုအချက်ကို အခြေခံ၍ ရန်ကုန်လူဦးရေ (၆) သန်းနှင့် တွက်လျှင် ရန်ကုန်မြို့ တနေ့ စားသုံးဖို့အတွက်ပင် နေ့စဉ် ဆန်အိတ် (၆၀,၀၀၀) ကျော် လို၏။

လက်ရှိအနေအထားကိုကြည့်လျှင် မြန်မာစစ်အစိုးရဘက်က စပါးပျက်ဒေသများ ပြန်လည်ထူထောင် ရေးအတွက် ထိထိရောက်ရောက် အကူအညီမပေးနိုင်ချိန်တွင် ဆန်ဈေးက တနေ့တခြား ခုန်တက် နေ၏။ ထိုအချက်သည် ရန်ကုန်ကို နေ့စဉ် ဆန်အိတ် (၅,၀၀၀) ၀န်းကျင် ဧရာဝတီက မ၀င်နိုင် ဖြစ်နေသည့် သဘောဖြစ်၏။ ဧရာဝတီတိုင်းမှာပင် သိုလှောင်ဆန် စပါးမရှိတော့သည့်အတွက် ရန်ကုန် ဆန်ကုန်သည် တွေ ဆန်လှောင်၍ ဈေးတက်သည်ဟု စစ်အစိုးရဘက်က ခါတိုင်းလို စွပ်စွဲ လာလျှင် ယုတ္တိရှိမည်မဟုတ်။

မုန်တိုင်းမဖြစ်ခင် မြန်မာနိုင်ငံ အခြေအနေကို ကြည့်လျှင် သြဂုတ် စက်တင်ဘာသည် ဈေးကွက်မှာ နွေစ ပါးပြတ်ပြီး မိုးစပါးပေါ်ဖို့ သုံးလေးလ လိုသေးသည့်ကာလဖြစ်၏။ ထို့ကြောင့် သြဂုတ်၊ စက်တင်ဘာသည် ပုံမှန် အားဖြင့်ပင် တပြည်လုံးမှာ နှစ်စဉ်လို ဆန်ပြဿနာ အနည်းနှင့်အများ ဖြစ်လေ့ရှိသည့် လတွေဖြစ်၏။ ဆန်ဈေး အဆမတန် မြောက်လေ့ရှိသည့် လတွေဖြစ်၏။ ထိုကာလ များတွင် စစ်အစိုးရ ဆန်ပြဿနာ အကျပ်အတည်းနှင့် ကြုံခဲ့သည့် သာဓကတွေ ရှိ၏။

လက်ရှိ ဧရာဝတီတိုင်း စပါးနှင့် ဆန်အပျက်အစီး၊ တိုင်းနှင့် ပြည်နယ် (၅) ခုမှ စပါးနှင့် ဆန်အပျက် အစီးနှုန်း တွေအရ မြန်မာနိုင်ငံတ၀ှမ်း ဆန်ပြဿနာသည် ၂၀၀၈ ခု သြဂုတ် စက်တင်ဘာမှာ မုချကြုံနိုင်သည်ဟု ရန်ကုန် ဆန်ကုန်သည်ကြီးတွေက မှန်း၏။ ထိုအချက်ကို မြန်မာစီးပွားရေး ပညာရှင်အချို့ကလည်း လက်ခံ၏။ မိုးစပါးပေါ်မည့် ဒီဇင်ဘာမှာလည်း စိုက်ဧက ဟုတ်တိ ပတ်တိ မရှိသည့်အတွက် ရိတ်သိမ်းစရာပင် စပါးရှိမည် မဟုတ်။

ထို့ကြောင့်လည်း ဧရာဝတီတိုင်းမှာ မုန်တိုင်းဒဏ်ကြောင့် ပျက်ကုန်သည့် လယ်တွေ ယခုနှစ် မိုးစပါး စိုက်ပျိုးရန် မဖြစ်နိုင်တော့သည့်အတွက် ဧရာဝတီတိုင်းမှာ နောက်တနှစ်ထိ စားနပ်ရိက္ခာ အကူအညီ လိုမည်ဟု ကုလသမဂ္ဂအဖွဲ့က သတိပေးခြင်းဖြစ်၏။

မြန်မာနိုင်ငံမှာ ဖြစ်လာမည့် ဆန်ပြဿနာသည် ၂၀၀၈ ကုန်အထိသာမက နောင်နှစ် နွေစပါး ပေါ်သည်ထိ ပြဿနာကြီးမားနိုင်၏။ တတိုင်းပြည်လုံး ရုန်းရင်းဆန်ခတ်မှုတွေနှင့်ကြုံရနိုင်၏။ စားစရာမရှိလျင် မြန်မာ လူထုသည် ဘာကိုမျှ မကြောက်။ နီးရာ ဓားဆွဲပြီး တော်လှန်တော့မည်။ ထိုအခြေအနေမျိုး ရောက်လျှင် စစ်အစိုးရ မည်သို့နှိမ်နင်းမည်နည်း။ တပြည်လုံးကို စစ်တပ်က ပစ်သတ်နိုင်မလားဆိုသည်မှာ မေးခွန်း ထုတ်ဖို့လို၏။

တိုင်းပြည်တွင် အမှန်တကယ် ဆန် သိုလှောင်ထားနိုင်သူမှာ မြန်မာစစ်တပ် အပြင် မြန်မာနိုင်ငံတွင် စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်းသား၊ ဗိုလ်ချုပ်ကြီးရွှေမန်းသား စသည့် ဗိုလ်ချုပ်သားတွေ ပိုင်သည့် ကုမ္ပဏီတွေဖြစ်၏။ အဆိုပါ သိုလှောင်ဆန်တွေကို ဧရာဝတီတိုင်း ဒုက္ခသည်တွေအတွက် စစ်အစိုးရက ယခုထိ ဖြန့်ဝေခြင်းမရှိ။ မသိသလိုလုပ်နေ၏။

တပြည်လုံး ဆန်ပြဿနာဖြစ်လာချိန်တွင် ထိုသိုလှောင်ဆန်ကို ပြည်သူလက် ဖြန့်ဝေ ပေး မပေး စောင့်ကြည့်ဖို့ လို၏။ ဖြန့်ဝေပေးလျှင် စစ်တပ်မှာ ရိက္ခာပြတ်ပြီး သေနတ်ပြောင်းက စစ်ခေါင်းဆောင် တွေဘက် လှည့် တော့ မည်။ မဖြန့်ဝေဘဲထားလျှင်လည်း လူထုတရပ်လုံး ဆူပူအုံကြွမည်။ နိုင်ငံခြားက ဆန်သွင်း ရအောင်လည်း ကမ္ဘာ့ ဆန်ဈေးက ခေါင်ခိုက်နေ၏။ စစ်အစိုးရသာမက နိုင်ငံတကာ အဖွဲ့တွေပါ တတ်နိုင်မည်မဟုတ်။
ကျား နှင့် ဆင် လယ်ပြင်မှာ တွေ့တော့မည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */