သြဂတ်(စ်)တလတည်းတွင် လ(၂) ကြိမ်ကွယ်နေမှုကြောင့် နအဖစစ်အစိုးရ ပြုတ်ကျကိန်း ရှိကြောင်း စစ်တွေ တွင် သတင်းများ ဖြစ်ပေါ်နေယခုနှစ် သြဂတ်(စ်)လ မှာ တခြားသာမန်လများနှင့်မတူဘဲ ထူးခြားသော သင်္ကေတအမှတ် အသားများ ပါဝင် နေသဖြင့် နအဖ စစ်အစိုးရ သည် အဆိုပါလအတွင်း ပြုတ်ကျကို ပြုတ်ကျ တော့မည် ဖြစ်ကြောင်း စစ်တွေတွင် သတင်းဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။
အမည်မဖေါ်လိုသူ စစ်တွေမှ လူကြီးတဦးက “အခုလာမယ့် သြဂတ်(စ်)လမှာ လကွယ် နှစ်ကြိမ် ထပ်နေတဲ့အတွက် နအဖ စစ်အစိုးရ ပြုတ်ကျတော့မယ်ဆိုပြီး လူတွေက ကျယ်ကျယ် လောင်လောင်နဲ့ ပြောဆိုနေကြတာ ဖြစ်ပါတယ်။” ဟု ပြောသည်။
ယခုကဲ့သို့ ပြောဆိုနေကြခြင်းမှာ လာမည့် သြဂတ်(စ်)လ တလတည်းတွင် လနှစ်ကြိမ်ကွယ် နေ၍ဖြစ်ကြောင်း ယခုကဲ့သို့ လတလတည်း တွင် လနှစ်ကြိမ်ကွယ်ခြင်းမှာ အလွန်ရှားပါး ကြောင်းနှင့် ယခုကဲ့သို့ လတလတည်းတွင် လနှစ်ကြိမ်ကွယ်နေပါက တိုင်းပြည်တွင် ထုးခြား သော ဖြစ်ရပ်များ ပေါ်ပေါက်တတ်ကြောင်း အဆိုပါလူကြီးက ပြောသည်။
အဆိုပါ သတင်းအရ ရခိုင်ပြည် ဓည၀တီပြက္ခဒိန်အား ဆန်းစစ်ကြည့်ရာ သြဂတ်(စ်)လ ၁ ရက်နေ့မှာ ၀ါဆိုလကွယ် ဖြစ်နေပြီး သြဂတ် (စ်)လ ၃၀ နေ့မှာ ၀ါခေါင်လကွယ် ဖြစ်နေ ကြောင်းကို တွေ့ရှိရသည်။
ရခိုင် နက္ခတ်ဗေဒနှင့် သမိုင်းသုတေသီ အရှင် အိန္ဒာစက္ကမှ“မြန်မာနိုင်ငံဟာ ၁၂၄၇ ခုနှစ် တန်ဆောင်းမုန်း လပြည့်ကျော် ( ၈) ရက်နေ့မှာ သီပေါမင်း ပါတော်မူခဲ့တယ်။ အင်္ဂလိပ်လဆို ရင် နိုဝင်္ဘာလ ဖြစ်ပါတယ်။ အေးဒီလမှာ လပြည့်နှစ်ကြိမ် ထပ်ခဲ့တဲ့အတွက် သီပေါမင်း ပါတော်မူခဲ့တယ်ဆိုပီး အယူရှိခဲ့တာတွေလည်း ရှိပါတယ်။ ဒါကြောင့် လူတွေက ခုလာမယ့် သြဂတ်(စ်)လမှာ လကွယ်နှစ်ခု ထပ်နေတဲ့ အတွက် ခုလို နအဖစစ်အစိုးရ ပြုတ်ကျတော့မယ် ဆိုပီး ပြောဆိုနေကြတာ ဖြစ်တယ်လို့ ယူဆရပါတယ်။ နက္ခတ်ဗေဒ အလိုအရဆိုရင် တော့ ခုလိုတလတည်းမှာ လနှစ်ကြိမ်ကွယ်နေတဲ့အတွက် သက်ဆိုင်ရာအစိုးရရဲ့ အုပ်ချုပ်ရေး ယန္တရားတွေဟာ ပြိုပျက်နိုင်တယ်။ အုပ်ချုပ်သူ မင်းတို့ဟာ အာဏာ လက်လွတ် ရမယ့် သဘောမျိုး ရှိနေတယ်လို့ ပြောလို့ရပါတယ်။”ဟု မိန့်ကြားသည်။
ယခုကဲ့သို့ သြဂတ်(စ်)လတွင် လကွယ်နှစ်ကွယ်ထပ်နေသဖြင့် သက်ဆိုင်စစ်အစိုးရ အာဏာပိုင်များက ရခိုင်ပြည်နယ်ရှိ တန်ခိုးကြီးဘုရား များတွင် ယတြာချေခြင်းများကို လျို့ဝှက် ပြုလုပ် ကြကြောင်း သတင်းရရှိသည်။

0 comments:
Post a Comment