“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, May 06, 2008

မုန်တိုင်းကြောင့် သေဆုံး ၄၀၀၀ ၊ ပျောက်ဆုံး ၃၀၀၀ ဟု စစ်အစိုးရ ထုတ်ပြန်

ဧရာဝတီ မေ ၅ ၊ ၂၀၀၈

ရန်ကုန်မြို့အပါအဝင် ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသများကို ပြင်းထန်စွာ ဖြတ်သန်းတိုက်ခိုက်ခတ်ခဲ့သည့် နာဂစ် ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် လူ ၄၀၀၀ ကျော်သေဆုံး၍ ၃၀၀၀ ကျော် ပျောက်ဆုံး နေပြီး ထောင် ပေါင်း များစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ကြောင်း နေပြည်တော်အစိုးရ ရေဒီယိုက ကြေညာသည်။

ယင်းမတိုင်ခင် ဟိုင်းကြီး ကျွန်းတွင် လူ ၁၆၂ ဦး သေဆုံးမှု အပါအဝင် အနည်းဆုံး လူ ၃၅၁ ဦး သေဆုံးကြောင်း အစိုးရ ရုပ်မြင်သံကြားကလည်း ထုတ်ပြန်ကြေညာသည်။ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ မြေနိမ့်ပိုင်းတွင် တခြားသော သေဆုံးသူများရှိသေးသည်ဟုလည်း ဆိုသည်။

အဆိုပါ မြစ်ဝကျွန်းပေါ်ဒေသ လပွတ္တာမြို့နယ်တွင် အဆောက်အဦး ၇၅ ရာခိုင်နှုန်း ထိခိုက်ပျက်စီး ကြောင်း လည်း အစိုးရ ရုပ်မြင်သံကြားက ကြေညာခဲ့သည်။

ဧရာဝတီတိုင်း ပန်းတနော်မြို့တွင် အိမ်ခြေ ၆၀ ခန့် ပျက်စီး၍ ဘိုကလေးမြို့တွင် သေဆုံးသူများ၏ ရုပ်အ လောင်း ၅၀၀ ခန့် တွေ့ရှိရကြောင်း ဒေသခံများက ပြောဆိုသည်။

ယင်း မြစ်ဝကျွန်းပေါ်ဒေသသို့ သွားရောက်၍ သတင်းအချက်အလက်များယူရန် ပထမ ကြိုးစားမှု မှာ လမ်းများ ပိတ်ဆို့နေပြီး တယ်လီဖုန်းလိုင်းများပြတ်တောက်နေသည့်အတွက် မအောင်မြင်သောကြောင့် ယနေ့ အဖွဲ့တဖွဲ့ လွှတ်ရန် စီစဉ်ထားသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုရေးရာ ပူးပေါင်းဆောင်ရွက်ရေး အရာရှိ ခရစ္စ ကေရီက အေပီ သတင်းဌာနသို့ ပြောသည်။

လူ ဦးရေ ၆.၅ သန်းခန့်ရှိသော ရန်ကုန်မြို့တွင်လည်း ထိုလေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် တမြို့လုံးနီးပါး ကြီးမားစွာ ပျက်စီးဆုံးရှုံးမှုဖြစ်ခဲ့သည်ဟု ရန်ကုန်မြို့ခံများကပြောသည်။

မုန်တိုင်းဒဏ်သင့် ဒုက္ခသည်များ သောက်သုံးရေ ပြတ်လပ်မှုကြောင့် ပုဂ္ဂလိကပိုင် ရေတွင်းများကိုသာ အားထားနေကြရ။ (Photo: AFP)
ယနေ့တွင် ရန်ကုန် မင်္ဂလာဒုံ နိုင်ငံတကာ လေဆိပ် နှင့် လေကြောင်းလိုင်းများ ပြန်လည်ဖွင့် လှစ်လိုက်သော်လည်း အများပြည်သူသုံး ခရီးသည်တင်ကားများ မပြေးဆွဲနိုင်သေးသည့်အတွက် အခက်အခဲ များဖြစ်ကာ ကြားကား များဖြင့် သွားလာကြရပြီး ယင်းကားခများမှာ အနီးအနားသွားရာ၌ပင် ကျပ် ၅၀၀ -၁၀၀၀ အထိ ရှိနေကြောင်း လည်း သိရ သည်။

မေလ၂ ရက် နေ့ညက တနာရီ မိုင် ၁၂၀ နှုန်းဖြင့် တိုက်ခတ်ခဲ့သော ယင်း နာဂစ် ဆိုင်ကလုံး မုန်တိုင်း လေဘေး ဒဏ်ကြောင့် ရန်ကုန်မြို့တွင်လျှပ်စစ်မီးနှင့်တယ်လီဖုန်းလိုင်းများ ဆက်လက်ပြတ်တောက်နေပြီး ရေနှင့် စား သောက်ကုန်၊ လူသုံးကုန်ပစ္စည်းများရှားပါး ပြတ်လပ်၍ ဈေးနှုန်းများ အဆမတန်မြင့်တက်နေကြောင်း သိရသည်။

ရန်ကုန်မြို့၌ ယနေ့တွင် ဓာတ်ဆီ ၈၀၀၀ ကျပ်၊ ဒီဇယ်ဆီ ယခင် ၄၅၀၀ ကျပ်မှ ၈၅၀၀-၉၀၀၀ ကျပ်၊ ဆန်ချော တပြည် ၁၂၀၀ ကျပ် မှ ၂၀၀၀ ကျပ်၊ ဆန်ကြမ်း တပြည် ကျပ် ၉၀၀ မှ ၁၂၀၀ ကျပ်၊ စားသုံးဆီ ကျပ် ၄၀၀၀ မှ ၆၀၀၀ ကျပ်၊ အိုင်အိုဒင်းဆား တထုတ် ကျပ် ၁၀၀ မှ ၅၀၀ ကျပ်၊ ကြက်ဥ တလုံး ကျပ် ၁၀၀ မှ ကျပ် ၃၀၀ ၊ ဖရောင်းတိုင် တထုတ် ၅၀၀ ကျပ်မှ ၁၀၀၀ ကျပ်၊ မီးစက် ဖေဖော်ဝါရီ လကုန်ပိုင်းတွင် ကျပ် ၃ သိန်း ၂ သောင်း ရှိရာမှ ၆ သိန်း ၇ သောင်း ဈေးဖြစ်နေကြောင်း ရန်ကုန်မြို့ခံ များ က ပြောသည်။ အစိုးရက ယမန်နေ့က စတင်ပြီး ကားများကို ဓာတ်ဆီ ခွဲတန်း ၂ ဂါလန်ထုတ်ပေးသည်ဟု သိရသည်။

သောက်သုံးရေလည်း အခက်အခဲဖြစ်နေကြပြီး ဝယ်ယူသုံးစွဲနေကြရသူများပြားကြောင်းနှင့် တရက်လျင် ပျမ်းမျှ ရေဖိုး ကျပ် ၂၀၀၀ ခန့် ကုန်ကြောင်း ရန်ကုန် ကြည့်မြင်တိုင် မြို့နယ်တွင် နေထိုင်သူ တဦးက ပြောပြသည်။

“ရေကတော့ တော်တော် ခက်နေတယ်၊ သောက်ရေ သုံးရေကို သုံးစရာ မရှိဘူး၊ တချို့လူတွေက အင်ယားကန် ကရေကိုခပ်သုံးနေကြတယ်၊ ရေသန့် ဘူးကြီး ၁၂ ဘူးကို ကျပ် ၈၀၀၀ ပေးဝယ်ရတယ်၊ တော်ရုံအခြေခံ လူ တန်း စားတွေက လုံးဝတတ်နိုင်မှာ မဟုတ်ဘူး၊ အစစ အရာရာ တော်တော် ရှားနေတယ်”ဟု ၎င်းက ပြော သည်။

သောက်သုံးရေကို မူ အစိုးရက ရန်ကုန်မြို့တွင် ယနေ့ ပေးဝေ ကြောင်း သိရသည်။

“ရေ ဂါလန် ၂ သိန်းဝေတယ်လို့ သိရတယ်၊ ဘယ်လောက်မှာ လဲ၊ ပြီးတော့ ရေတွေက ဝါနေလို့သုံးလို့ မရဘူး၊ ရေဝယ်သုံးရတဲ့ တိုက်ခန်းတွေမှာဆို အပေါ်အထပ်ကိုတင်ပေးရရင် ကျပ် ၃၅၀၀၊ ကိုယ်တိုင်သယ်ရင် ၁၀၀၀ ကျပ်၊ အရင်တုန်းက ၁၀၀ လောက်ပဲပေးရတယ်၊ ချိုးဖြူပိုက်ထဲမှာလည်း ရေလုံးဝမရှိဘူး”ဟု ရန်ကုန်မြို့ခံ တဦးက ပြောသည်။

ရန်ကုန်မြို့တွင် လက်ရှိအခြေအနေကြောင့် ဈေးရောင်းချသူတချို့မှာ လုယက်မည်ကို စိုးရိမ်ပြီး ဆိုင်တခါးပိတ်၍ ရောင်းချကြသည်ဟုလည်း သိရသည်။ ယမန်နေ့ညက ရန်ကုန်သီရိမင်္ဂလာဈေး၌ လေဘေး ဒုက္ခသည် ၄၀ ခန့်က ဝင်ရောက် လုယက်မှု တခုဖြစ်ပွားခဲ့ကြောင်း ဒေသခံ တဦးကပြောသည်။

ဤကဲ့သို့ လူအများ လေဘေးဒုက္ခခံနေရချိန်တွင် စစ်အစိုးရက ယနေ့ထုတ် ၎င်းတို့၏ မြန်မာ့အလင်းသတင်းစာ ၌ လာမည့် မေလ ၁၀ ရက်တွင် ကျင်းပမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်း အတည်ပြု ဆန္ဒခံယူပွဲကို မဖြစ် မနေ ပြုလုပ်မည်ဟု ကြေညာခြင်းသည် ပြည်သူများ၏ ပျက်စီးဆုံးရှုံးဒုက္ခခံစားရမှုများကို လျစ်လျူရှုခြင်းဖြစ် ကြောင်းကို လည်း ဒေသခံများကြားတွင် ပြောဆိုနေကြောင်းသိရသည်။

ရန်ကုန် စမ်းချောင်းမြို့နယ်တွင် နေထိုင်သူ တဦးက“ဒါကိုကြည့်ခြင်းအားဖြင့် အစိုးရက လေဘေးကို စိတ်မ ဝင်စား ဘူး၊ သူတို့လုပ်ချင်တာကို ဆက်လုပ်သွားမယ်လို့ ပြောတာပဲ၊ ရန်ကုန်မှာ ရှိနေတဲ့ လူတွေက အခုလော လောဆယ် ရေ ပြဿနာ၊ မီးပြဿနာ၊ ကုန်ဈေးနှုန်းကလည်း အဆမတန် မြင့်တက်နေတော့ စားဝတ်နေရေး ပြဿနာတွေနဲ့ ဆိုတော့ အဲဒါကိုပဲ အာရုံ စိုက်နေကြတာ၊ အဲဒီ ဆန္ဒမဲ ကိစ္စဘက်ကို စိတ်မဝင်စားဘူး”ဟု ဧရာဝတီသို့ ပြောသည်။

စစ်အစိုးရက သတင်းစာတွင် သောကြာနေ့က ထုတ်ပြန်သော ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ကြေညာ ချက်ကို ပြန်လည်တုံ့ပြန်ချက် အပါအဝင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆန္ဒခံယူပွဲအတွက် ဆန္ဒမဲပေးရန် ပြည်သူ လူထုက စိတ် အားထက်သန်နေကြောင်း၊ ကမ္ဘာ့နိုင်ငံ များက ထောက်ခံကြိုဆိုလျှက်ရှိသော ၎င်းတို့၏ လမ်းပြ မြေပုံ ၇ ဆင့် အတိုင်း ဆက်လက် အကောင်အထည် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း စသည့် အချက် ၄ ချက် ပါဝင်သည့် ကြေညာချက်ကို မေလ ၄ ရက်နေ့ ရက်စွဲဖြင့် ဗိုလ်မှူးကြီးသန့်ရှင်းက ထုတ်ပြန် လိုက်ခြင်းဖြစ်သည်။
သတင်း ။။ ဧရာဝတီ မှ

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */