“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, May 27, 2008

တနိုင်ငံလုံး၏ ဆန္ဒခံယူပွဲရလဒ် စစ်အစိုးရကြေညာ
ထောက်ခံသူ (၉၂) ရာခိုင်နှုန်းကျော်ရှိ
NEJ/ ၂၇ မေ ၂၀၀၈


မေလ (၁၀) ရက်နှင့် (၂၄) ရက်တို့တွင် ကျင်းပခဲ့သည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲများ၌ မြန်မာ နိုင်ငံတ၀န်းလုံးရှိ မဲဆန္ဒပေးသူများ၏ (၉၂) ရာခိုင်နှုန်းကျော်က ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို အတည်ပြုရန် ထောက်ခံခဲ့ကြသည်ဟု စစ်အစိုးရက ထုတ်ပြန်ကြေညာသည်။

မြန်မာနိုင်ငံရှိ ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း (၂၇,၂၈၈,၈၂၇) ဦးအနက် (၂၆,၇၇၆,၆၇၅) ဦးက မဲပေးကြပြီး (၂၄,၇၆၄,၁၂၄) ဦးက ထောက်ခံမဲပေးသဖြင့် ဖွဲ့စည်းပုံမူကြမ်းကို အတည်ပြုပေးရန် ထောက်ခံသည့် ရာခိုင်နှုန်းသည် (၉၂.၄၈) ရာခိုင်နှုန်းရှိသည်ဟု ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင်၏ ယမန်နေ့ ကြေညာချက်၌ ဖော်ပြသည်။

ကန့်ကွက်မဲပေးသူဦးရေ (၁,၆၃၁,၇၁၂) ဦး၊ ရာခိုင်နှုန်းအားဖြင့် (၆.၁) ရာခိုင်နှုန်းရှိပြီး ပယ်မဲ ဖြစ်သွားသူ (၃၈၀,၈၃၉) ဦး သို့မဟုတ် (၁. ၄၂) ရာခိုင်နှုန်းရှိကြောင်း၊ (၈၂.၇၄) ရာခိုင်နှုန်းက မဲရုံသို့ ကိုယ်တိုင်လာရောက် ဆန္ဒမဲပေးခဲ့ကြပြီး (၁၇.၂၆) ရာခိုင်နှုန်းက ကြိုတင်ဆန္ဒမဲပေးခဲ့ကြ သည်ဟု ဖော်ပြသည်။

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို မေ (၁၀) ရက်နေ့က မုန်တိုင်းဘေးသင့်သည့် နေရာများမှလွဲ၍ မြန်မာတနိုင်ငံလုံးရှိ မြို့နယ် (၂၇၈) မြို့နယ်၌ ကျင်းပခဲ့ပြီး မေ (၂၄) ရက်တွင် မုန်တိုင်းဒဏ် ခံရသည့် ရန်ကုန်နှင့် ဧရာဝတီတိုင်းရှိ ကျန်မြို့နယ် (၄၇) မြို့နယ်၌ ကျင်းပခဲ့သည်။

မေ (၁၀) ရက် ဆန္ဒခံယူပွဲတွင် မဲဆန္ဒရှင် (၂၂,၄၉၆,၆၆၀) ဦးအနက် (၉၂.၄) ရာခိုင်နှုန်းက ထောက်ခံကြောင်း မေ (၁၅) ရက်၌ စစ်အစိုးရက ကြေညာခဲ့ပြီး မေ (၂၄) ရက် ဆန္ဒခံယူပွဲတွင် မဲဆန္ဒရှင် (၄,၂၈၀,၀၁၅) ဦးအနက် (၉၂.၉၃) ရာခိုင်နှုန်းက ထောက်ခံကြောင်း ယမန်နေ့က ကြေညာခဲ့သည်။

မြန်မာနိုင်ငံ၌ အသက် (၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးခွင့်ရှိသူပေါင်း (၂၇,၃၆၉,၉၅၇)အပါအ၀င် လူဦးရေ (၅၇,၅၀၄,၃၆၈) ဦးရှိသည့်အနက် မုန်တိုင်းကြောင့် ဆန္ဒမဲပေးခွင့်ရှိသူ (၈၁,၁၃၀) ဦး သေဆုံးပျောက်ဆုံး သွားသဖြင့် လူဦးရေ (၅၇,၃၇၀,၇၁၃) ဦးအနက် ဆန္ဒမဲပေးခွင့်ရှိသူပေါင်း (၂၇,၂၈၈,၈၂၇) ရှိသည်ဟု စစ်အစိုးရ ဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင်က ထုတ်ပြန်သည်။

နအဖစစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေသည် စစ်တပ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရန် ပံ့ပိုးထားသည့် ဥပဒေဖြစ်သဖြင့် ဆန့်ကျင်ကန့်ကွက်ကြောင်း၊ ဆန္ဒခံယူပွဲသည်လည်း တရား မျှတမှုမရှိသဖြင့် ဆန္ဒခံယူပွဲရလဒ်ကို အသိအမှတ်မပြုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အတိုက်အခံ ဒီမိုကရေ စီအင်အားစုများက ထုတ်ဖော်ပြောကြားထားပြီးဖြစ်သည်။
http://www.khitpyaing.org/news/May_2008/27-5-08a.php

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */