“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, April 11, 2008

အမိန့် (၂)


အမိန့်ဆိုသော အသံသည် အနိဋ္ဌာရုံဖြစ်သည်။ မည်သူမျှ မနှစ်သက် မလိုလား။ အနိုင်ကျင့်ခံရသည့် ခံစားမှု အလိုလို ပေါ်နေသည်။ (အမိန့်) ဟု ကြားတိုင်း မသက်သာပါတကား။

အမိန့်ဖြင့် လုပ်ရသော အလုပ်တိုင်းတွင် မေတ္တာဓာတ်မပါ၊ ကောက်ကျစ်စဉ်းလဲသော အလုပ်တစ်ခုခုကို လုပ် တော့မည်ဆိုလျှင် အမိန့်ဆိုသော အဓမ္မစကားလုံးကို သုံးကြသည်။

ထိုအမိန့်ဖြင့်ပင် ဒုစရိုက် (၁၀) ပါး အပြား (၄၀) ကို ကျူးလွန်ကြသည်။
၁။ သူ့အသက်သတ်မှု
၂။ ကိုယ်နှုတ်တို့ဖြင့် မပေးသော သူ့ဥစ္စာကို ခိုးယူမှု
၃။ ကာမဂုဏ်တို့၌ ယုတ်ယုတ်မာမာကျင့်မှု
၎။ မုသားပြောဆိုမှု
၅။ ချောပစ်ကုန်းတိုက်မှု
၆။ ကြမ်းကြမ်းတမ်းတမ်း အယုတ်တမာ ဆဲဆိုမှု
၇။ သိမ်ဖျင်းသော စကားကို ပြောဆိုမှု
၈။ သူတပါးစည်းစိမ်ဥစ္စာကို "ငါ့ဟာဖြစ်လျှင် ကောင်းလေစွ" ဟု မတရားကြံစည်မှု
၉။ "သေကြေပျက်စီးသွားလျှင် ကောင်းလေစွ" ဟု သူတစ်ပါးကို ပြစ်မှားမှု
၁၀။ အယူမှားမှု (ကံ၊ ကံ၏ အကျိုးကို မယုံကြည်မှု)

ဆိုသော ဒုစရိုက် (၁၀) မျိုးကို ကိုယ်တိုင်ပြုခြင်း၊ သူတပါးကို ပြုခိုင်းခြင်း၊ ဒုစရိုက်ပြုလျှင် ရနိုင်မည့် လောကီအ ကျိုးကို ပြောပြ၍ တိုက်တွန်းခြင်း၊ သူတပါးတို့ အလိုအလျောက်ပြုနေသည်ကို ၀မ်းမြောက်သဘောတူခြင်း၊ ချုပ်၍ ဆိုရလျှင် (ကိုယ်တိုင်/ တိုက်တွန်း/ ချီးမွမ်း/ စိတ်တူ) ဤလေးမျိုးဖြင့် မြှောက်သော ဒုစရိုက် (၄၀) ဖြစ် လာသည်။ ဒုစရိုက်အားလုံးကို ကျူးလွန်ဝံ့သော ခွန်အားကား (အမိန့်) ဖြစ်သည်။ နေရာတိုင်းတွင် အမိန့်ကြောင့် လုပ်ရတာပါ။ မတတ်သာလို့ပါ။ အမိန့်ပေးထားလို့ပါ …………………… အမိန့်အတိုင်း ဆောင်ရွက်ရတာ ဖြစ်တဲ့ အတွက် ………………………… ဆိုတာတွေ များလွန်းသည်။

ဒီထဲတွင် အဆိုးဆုံးကတော့ "ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်"

လူတစ်ဦး၊ အဖွဲ့အစည်းတစ်ခု ကို ဒုက္ခပေးလိုသော မနာလိုစိတ်ဖြင့် မွေးဖွားလိုက်သော အမိန့်ကား ထို "ဥပဒေ ကဲ့သို့ အာဏာတည်သော အမိန့်" ဖြစ်သည်။

တိုင်းပြည်တစ်ပြည်၏ အမြင့်ဆုံးအာဏာများဖြစ်သော
- အုပ်ချုပ်ရေးအာဏာ
- တရားစီရင်ရေးအာဏာ
- ဥပဒေပြုအာဏာ

၎င်းတို့အနက် ဥပဒေပြုမှုအာဏာသည် ပြည်သူက ရွေးချယ် တင်မြှောက်ထားသော ပြည်သူ့လွှတ်တော် ကိုယ် စား လှယ်များဖြင့် ဖွဲ့စည်းထားသော ပြည်သူ့လွှတ်တော်တွင် သာ တည်သည်။ မတရား အာဏာသိမ်းထားသူ တို့ထံတွင် ထိုအာဏာသည် မတည်။ လွှတ်တော်မရှိသည့် အာဏာသိမ်းအစိုးရသည် ဥပဒေ ပြု ခွင့် မရှိ။ ဒါကို (ငါ့ စကားနွားရ၊ ငါခိုင်းသမျှ လုပ်၊ ငါလုပ်သမျှ မှန်၊ ငါကြံသမျှ အတည့်) လို့ တထစ်ချ စွဲယူမှတ်ထင်ထားသော မိစ္ဆာဒိဋ္ဌိအစိုးရသည် မတရားသဖြင့် နှိပ်ကွပ်ရမည့်ကိစ္စမျိုးအတွက် ၎င်းတို့နှင့် မသက်ဆိုင်သော ဥပ ဒေပြုအာဏာကို အမိန့်ဖြင့် အလွဲသုံးစားပြုကြသည်။ ဤကား "ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်" အမိန့် အာဏာကို ဥပဒေကဲ့သို့ တည်ရမည်ဟု ဥပဒေကို နားလှည့်ပါးရိုက် အသုံးပြုကြသည်။

တိုင်းပြည်တစ်ပြည်တွင် စစ်တပ်ကဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုခုဖြစ်စေ၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ဖြစ်စေ မတရား အာဏာသိမ်းပါက နဂိုရှိနေသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၁၉၄၇ အခြေခံဥပဒေ၊ ၁၉၇၄ မဆလ အခြေခံဥပဒေ) သည် အလိုအလျောက် ပျက်ပြယ်ပြီးဖြစ်သည်။ သို့ရာတွင် ၎င်းဥပဒေများကို အသုံးချ၍ အရေးယူလိုပါ ကလည်း "တည်ဆဲဥပဒေအရ အရေးယူမည်" ဟု ဆိုပြန်သည်။
နောက်ထပ်ရှိပါသေးသည်။ ၎င်းတို့ကိုယ်တိုင် (သို့) ၎င်းတို့ လိုလားသောသူများ ဥပဒေကို ချိုးဖောက်ရာတွင် လွတ်လွတ်လပ်လပ် ချိုးဖောက်နိုင်ရန်အတွက် အကာအကွယ်ပေးသော စကားရပ်တစ်ခုကတော့ "ဥပဒေက မည်သို့ပင် ဆိုစေကာမူ" ဟူသော စကားရပ်ပင် ဖြစ်သည်။

ဤသုံးမျိုးကို ရေလဲသုံး၍ အုပ်ချုပ်နေသော (အမိန့်) သာ ပေးတတ်သည့်သူများကား စစ်တပ်ကြီးစိုးသော စစ် အုပ်စု အာဏာရှင် နအဖ) ပင်ဖြစ်သည်။

(၁၉) နှစ်၊ အနှစ် (၂၀) တိုင်တိုင် သားရေကွင်း ဥပဒေဖြင့် ဖြစ်ချင်တိုင်းဖြစ် အုပ်ချုပ်လိုက်သည်မှာ တိုင်း ပြည်တစ်ခုလုံး အလုံးစုံပျက်စီးခြင်းသို့ ရောက်နေပေပြီ။ ကုန်းကောက်စရာမရှိအောင် ပြည်သူက မွဲနေသ လောက် သူတို့က ပြည်သူ့ဘဏ္ဍာများကို မတရားသိမ်းယူ စည်းစိမ်ယစ်နေကြသည်။

ယနေ့ နအဖသည် အနှစ်သာရမဲ့သော ပြည်သူကို ကိုယ်စား မပြုသော အခြေခံ ဥပဒေမူကြမ်းဆိုပြီး သူတိုသ ဘောကျ လက်ညှိုးထောင် ခေါင်းငြိမ့်အဖွဲ့များဖြင့် ရေးဆွဲကြပြန်ပြီ။

တိုင်းပြည် မတည်ငြိမ်မှုကို ၎င်းတို့၏ စီမံခန့်ခွဲရာတွင် ညံ့ဖျင်းမှု၊ လူမပီသမှုများကြောင့်ဟု ၀န်မခံဘဲ ဖွဲ့စည်းပုံ အခြေခံဥပဒေ မရှိ၍ဟု တလွဲပြောဆိုနေပြန်သည်။

ဘယ်လောက်ကောင်းသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပဲ ရှိရှိ၊ အသုံးလည်းမပြု၊ ဖုန်အလိမ်းလိမ်းနဲ့ ဖွင့်ပင် မကြည့်သော ဖွဲ့စည်းပုံအခြေခံ ဥပဒေကြီး ဖြစ်နေသမျှ၊ ဥပဒေကို စာအုပ်ထဲမှာထား၊ ပြီးတော့ အမိန့်အာဏာကို လိုတမျိုး၊ မလိုတမျိုး၊ ( ဥပဒေကဲ့သို့ အာဏာ တည်သောအမိန့်၊ တည်ဆဲ ဥပဒေအရ အရေးယူမည်၊ ဥပဒေက မည်သို့ပင်ဆိုစေကာမူ) အပြောတစ်မျိုး၊ အလုပ်တစ်မျိုး လုပ်နေသမျှ အမိန့်အာဏာတို့ ၏ အလွဲသုံးစား ပြုမှု ကြောင့် တိုင်းပြည်ဘယ်တော့မှ ဖွံ့ဖြိုးတိုးတက်လာလိမ့်မည် မဟုတ်ပါ။

ယခုလည်း အမိန့်အာဏာဖြင့် ရေးဆွဲထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေက ဘာများပိုကောင်းလာမှာမို့လို့ ထောက်ခံခိုင်းနေပြန်တာပါလဲ။ စစ်ဆိုသာ စစ်တပ်ရှိနေသမျှ တိုင်းပြည် အုပ်ချုပ်ရေးတွင် စစ်သားတွေ ပါနေ သမျှ၊ ကိုယ့်နေရာဖြစ်သော ဘားတိုက် (စစ်တန်းလျား) တွင် မနေသမျှ သိကြားမင်း ရေးဆွဲပေးသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ရှိလျှင်ပင် ပြည်သူတို့ ချမ်းသာလိမ့်မည်မဟုတ်။ ဆင်းရဲတွင်း နက်နေရအုံးမည်။

လူမကောင်းလို့ဖြစ်နေတာ မူကို ပုံမချနဲ့ ……
မူကောင်းရင်တောင် ဒီလူတွေက မကောင်းဘူး ……

ဒါကြောင့် ဒီ နအဖ မိစ္ဆာဒိဋ္ဌိတွေပါမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေကို

NO ဆိုပြီး ကန့်ကွက်ကြစို့။
မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */