“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, April 20, 2008

ဂုဏ်ပြုပါတယ် ခေတ်လူငယ်


လူငယ်ဆိုသော စကားနှစ်လုံး အနက်အဓိပ္ပာယ် ဖွင့်ဆို၍ အရကောက်မည်ဆိုပါက စာလုံးနှစ်လုံး၏ နောက် ကွယ်၌ များပြားလှစွာသော အဓိပ္ပာယ် အနှစ်သာရများနှင့် ပြည့်စုံနေပေသည်။

ငယ်ရွယ်ခြင်း၊ နုပျိုခြင်း၊ ခွန်အားရှိခြင်း၊ တက်ကြွခြင်း၊ လွတ်လပ်သော အတွေးအခေါ်ရှိခြင်း၊ ကိုယ် ကျိုးစွန့်နိုင်ခြင်း၊ မတရားမှုကို မနှစ်မြို့ခြင်း၊ စုစည်းသော အင်အားရှိခြင်း၊ နောက်မတွန့်သော သတ္တိရှိခြင်း၊ ခံစား လွယ်ခြင်းကြောင့် မတရားမှုများကို မြင်လျှင် ကိုယ်တိုင်ခံစားကြည့်ပြီး မတရားသည်ကို မတရားကြောင်း ထုတ် ဖော်ပြောဆို ရင်ဆိုင်တတ်ခြင်း၊ ခေတ်စံနစ်နှင့် ဖြစ်ပေါ်လာသော ရေစီးကြောင်းနှင့်အညီ သစ် လွင်သောအမြင်များရှိခြင်း၊ အဟောင်းဟောင်းတို့အထဲတွင် မနေလိုခြင်း၊ ပြုပြင်ပြောင်းလဲလိုခြင်း …. စသည်ဖြင့် ဖွင့်၍မကုန်နိုင်ပေ။ အနာဂတ်၏ သူရဲကောင်းများသာ ဖြစ်သည်။

အလုံးစုံသော အရကောက်များထဲမှ ခြုံငုံ၍ ကျစ်လျစ်သော အဓိပ္ပာယ်တစ်ခုကို ဆွဲထုတ်ပြဆိုရမည်ဆိုလျှင် …လူ ငယ်သည် လွတ်လပ်မှုကို နှစ်သက်သည်။ လွှမ်းမိုးအနိုင်ကျင့်မှုကို ခေတ်အဆက်ဆက် ဘယ်သို့သော လူငယ် မျိုးကမှ မကြိုက်ခဲ့။ တော်လှန်ခဲ့ကြသည်ချည်းသာ။ အမိန့်ကို မကြိုက်။ နားလည်မှုကို နှစ်သက်သည်။

ယနေ့လူကြီးများသည် အတိတ်ကာလက လူငယ်များ ဖြစ်ခဲ့ကြသည်။ ထိုလူငယ်များသည်လည်း တစ်ခေတ် တစ်ခါက လွှမ်းမိုးအနိုင်ကျင့်ကြသော ခေတ်ဆိုး၊ စံနစ်ဆိုးများကို နည်းပေါင်းစုံဖြင့် တော်လှန်ခဲ့ကြသည်။ သူတို့ အဓိက လိုချင်ခဲ့သည်မှာ ….

"တရားမျှတသောလွတ်လပ်ရေး၊ တန်းတူရည်တူသော လူ့အခွင့်အရေး၊ ဂုဏ်သိက္ခာရှိသော လူနေမှုဘ၀၊ ခေတ်မီ သစ်လွင်သော အတွေးအခေါ်"

ယနေ့လူကြီးဟု ဆိုနေသောသူများကို အဓိကထား၍ ပြောချင်သည်။ မိမိဘ၀နှင့် နှိုင်းယှဉ်၍ ကိုယ်ချင်းစာ တတ်စေချင်သည်။ မိမိတို့၏ ငယ်စဉ်ဘ၀ကို ပြန်ပြောင်း၍ အမှတ်ရ သုံးသပ်စေချင်သည်။

"အနာဂတ်၏ ခေါင်းဆောင်များဖြစ်သော လူငယ်များ၏ အညွန့်ကို မချိုးစေချင်ပါ။"

ဤဆောင်းပါးကို ရေးဖြစ်စေရန် တိုက်တွန်းခဲ့သည့် ပြယုဂ်တစ်ခုကို ပြဆိုရမည်ဆိုလျှင် မကြာသေးမီ အချိန်ကာလအတွင်း ဖမ်းဆီးခြင်းခံရသော လူငယ်မျိုးဆက်သစ်တို့အကြောင်းက အခြေခံခဲ့ခြင်း ဖြစ်သည်။

ဇေယျာသော် ….. အာကာဘို ……. စသည့် လူငယ်များ အဖမ်းဆီးခံရပြီးနောက် …… ရန်ရန်ချန်း …. စသည်ဖြင့် ဖမ်းဆီးမှုသတင်းများ ထွက်ပေါ်လာခဲ့သည်။

ဖမ်းဆီးရန် အမိန့်ပေးစေခိုင်းခဲ့သူများ၊ ကိုယ့်လူမျိုးကိုယ် အညွန့်တုံးအောင် လုပ်နေသူများ၊ အညွန့်တလူလူနှင့် ခေတ်လူငယ်များကို မျိုးတုံးအောင် ဖျက်ဆီးနေသူများကို တစ်ခုတော့ ပြောချင်သည်။ သင်တို့ရဲ့ သားသမီးတွေ ထိုလူငယ်တွေလို အမျိုးကို ချစ်ရဲ့လား? ဘာသာ၊ သာသနာကို ချစ်ရဲ့လား?

ယနေ့ခေတ်အခါသည် ကမ္ဘာကြီး အကျဉ်းဆုံးဖြစ်နေသော အချိန်အခါဖြစ်သည်။ ကမ္ဘာကြီးကို ရွာကြီး တစ်ခုစာလောက်မျှသာဟု တင်စားထားရလောက်အောင် IT နည်းပညာများဖြင့် လွှမ်းမိုးလာခဲ့သည်။ မြန်မာ လူငယ်များသည်လည်း ကမ္ဘာနှင့်အမီ မိမိတို့ တိုင်းပြည်ကို တိုးတက်စေချင်နေသည်။ ကမ္ဘာ့လူမျိုးများနှင့်အညီ မိမိတို့ မြန်မာလူမျိုးတွေကို ဂုဏ်သိက္ခာရှိစေချင်သည်။ ကမ္ဘာ့ချမ်းသာကြွယ်ဝမှုထဲတွင် မြန်မာ့ချမ်းသာကြွယ်ဝမှုများကို ရင်ဘောင်တန်းစေချင်သည်။

ထိုကဲ့သို့ စေတနာအပြည့်နှင့် မြန်မာလူငယ်များသည် ခေတ်ဆိုး၊ စံနစ်ဆိုးအောက်တွင် နိမ့်ကျစုတ်ပြတ်နေသော မြန်မာပြည်ကို ကယ်တင်ချင်နေကြသည်။ ကယ်တင်ဖို့ အမျိုးမျိုး ကြိုးစားနေကြသည်။ မိမိတို့၏ ဘ၀များကို အနစ်နာခံ စွန့်လွှတ်၍ စတေးနေကြသည်။

ဆင်းရဲနိမ့်ကျမှုကို မခံစားဖူးသူသည် လွတ်လပ်ရေးဆိုသည့် အဓိပ္ပာယ်ကို မသိနိုင်ပေ။ လွတ်လပ်ရေးကို တန်ဖိုး ထားရကောင်းမှန်း မသိနိုင်ပေ။ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ထိန်းသိမ်းရကောင်းမှန်း မသိနိုင်ပေ။ မိမိတို့ ခံစား နေသော စည်းစိမ်များနှင့် ယစ်မူး၍ ဘယ်သူသေသေ ငတေမာရင်ပြီးရော ကိုယ်ချင်းစာတရားမဲ့စွာဖြင့် တကိုယ် ကောင်းဆန် တဘို့ထဲသာ ကြည့်တတ်ကြသည်။ (ယနေ့ တိုင်းပြည်ကို ဖျက်ဆီးနေသော၊ အသက်သာ ကြီး သွားပြီး အသိဥာဏ်မရှိသော နအဖသက်ကြားအိုကြီးများ ဤလူငယ်များ၏ မစင်ကို အနည်းငယ် မြည်း ကြည့်စေချင်သည်။)

လူငယ်သည် လွတ်လပ်မှုကို ကြိုက်သည်။ အတွေ့အကြုံသစ်များကို ရှာဖွေကြသည်။ ထိုသို့ အတွေ့ အကြုံသစ်များကို ရှာဖွေကြရင်းဖြင့် မှားသည်လည်းရှိသည်။ မှန်သည်လည်းရှိသည်။ ဒါက လူငယ်ရဲ့ ဓမ္မသဘာဝ။ အမှားအမှန်တို့ဖြင့် ပေးဆပ်ခဲ့ရသော အချိန်ကာလတစ်ခု၏ နောက်တွင် အသိဥာဏ်ရင့်ကျက်မှုတွေ ပါ လာသည်။ အပျော်တွေ၏နောက်တွင် လူမျိုးတစ်မျိုးလုံးကို တိုးတက်မြင့်မားစေချင်သည့် စေတနာတွေ ပေါ်ပေါက်လာသည်။ စေတနာ၏ တိုက်တွန်းစေ့ဆော်မှုကြောင့် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင် လာခဲ့ကြသည်။

"ဂုဏ်ယူပါသည်။ လေးစားပါသည်။ ကြက်သီးမွေးညင်းများထအောင်ပင် ခံစား၍ ဦးညွတ်မိပါသည်။"

အမှားအမှန်တို့ဖြင့် ပြည့်နှက်နေခဲ့သော ယနေ့ Hip Hop ရေစီးကြောင်းထဲမှ လူငယ်များသည် ၎င်းတို့ ဖြတ်သန်း ခဲ့ရသော သက်တမ်းများအတွင်း အချိန်တိုစွာဖြင့် ကြီးရင့်ခဲ့ကြပေပြီ။ ရင့်ကျက်ခဲ့ကြပေပြီ။ လူငယ်ဘ၀၏ အမှား အမှန်တွေကို ပြန်၍ သုံးသပ်ပြီး မိမိတို့၏ ဘ၀တစ်ခုကို အမျိုးဘာသာသာသနာအတွက် ပေးဆပ်၍ လွတ် လပ်ရေးတိုက်ပွဲကို ဆင်နွှဲခဲ့ကြရင်းဖြင့် ရင့်ကျက်သော လူကြီးများ ဖြစ်ခဲ့ပြီ။ ကိုယ်ချင်းစာတရား၊ လွတ်လပ် စေချင်သော စေတနာ၊ အမျိုးဂုဏ်မြင့်စေချင်သော စေတနာတို့သည် လူငယ်တို့ကို မိစ္ဆာစစ်အုပ်စုအား တော် လှန်စေသော အင်အားအဖြစ်သို့ ပြောင်းလဲပေးခဲ့လေပြီ။ ခေတ်မီတိုးတက်သော မြန်မာလူငယ်တို့ မိစ္ဆာတို့အား တော်လှန်ခဲ့ကြပေပြီ။

ယနေ့မြန်မာတွေ ကမ္ဘာအနှံ့မှာ ရှိနေသည်။ မလွတ်လပ်သော၊ နှိပ်စက်ခံနေရသော၊ နိမ့်ကျသော ဘ၀များကို မြန်မာပြည်အတွင်း ခါးသီးစွာ ခံစားနေရသည့်အတွက် မွေးရပ်မြေကို ချစ်သော မြန်မာတို့ ကမ္ဘာ့နေရာအနှံ့တွင် ဒုက္ခသည်များအဖြစ် ရောက်ရှိနေရပေပြီ။ တိုင်းပြည်ပျောက်လျက် ရှိနေကြပေပြီ။ နိုင်ငံတကာနှင့် ထိ တွေ့ရတိုင်း အနီရောင် Myanmar Passport ၏ ဂုဏ်သိက္ခာမရှိမှုကြောင့် သူခိုး၊ ဂျပိုး၊ သူတောင်းစားသဖွယ် ဆက်ဆံခြင်း ခံနေရပေပြီ။ ဒါကို နိုင်ငံတကာနှင့် လက်လှမ်းမီဆက်ဆံလာသော မြန်မာလူငယ်များ သိလာကြသည်။ မြန်မာလူမျိုးတို့၏ သိက္ခာကို ပြန်၍ အဖတ်ဆယ်ဖို့ ကြိုးစားလာကြသည်။ တိုင်းပြည်ကို ကယ် တင်ဖို့ သတိရလာကြသည်။ အရင်းစစ်လျှင် "ခေါင်မိုးကမလုံလို့ မိုးဒဏ်ကို တစ်အိမ်လုံး ခံနေရခြင်း" သာ။

ဤနိမ့်ကျမှု ဆိုးကျိုးများကား ပညာမဲ့သော၊ မျိုးချစ်စိတ်ခေါင်းပါးသော၊ ဘာသာတရားမရှိသော၊ လူယုတ်မာ၊ လူလိမ် များ ကြီးစိုးနေသော နအဖစစ်အုပ်စုနှင့် ၎င်းတို့၏ အလိုတော်ရိ လက်ပါးစေများကြောင့်သာ ဖြစ်သည်မှာ မြေကြီးလက်ခတ်မလွဲ မှန်ကန်ပေသည်။

ခေတ်အဆက်ဆက် လွတ်လပ်ရေးအတွက် တော်လှန်ခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းတို့ လူငယ်ဘ၀က တာဝန်ကျေခဲ့ပြီ။
ဗိုလ်အောင်ကျော်တို့ လူငယ်ဘ၀က တာဝန်ကျေခဲ့ပြီ။
ကိုဖုန်းမော်တို့ လူငယ်ဘ၀က တာဝန်ကျေခဲ့ပြီ။
…………………………………………………………….
…………………………………………………………….

ယနေ့ခေတ် Hip Hop ရေစီးကြောင်းထဲက လူငယ်များ၏ တော်လှန်ရေးကလည်း လွတ်လပ်ရေးကို ဦးတည်၍ အမျိုးသားရေးကို ရှေ့ရှုကာ တာဝန်ကျေနေကြပြီ။

မလွတ်လပ်သရွေ့ ဘယ်အစိုးရတက်တက် လူငယ်တွေ တော်လှန်အုံးမည်။ တော်လှန်ရေးကား မပြီးဆုံးသေးပါ။ တိုက်ပွဲအတွင်းမှ လူငယ်အားလုံးအား ဤဆောင်းပါးဖြင့် ဦးညွှတ်အလေးပြုပါသည်။

သင်တို့သည် အာဇာနည်များသာ ဖြစ်သည်။ သမိုင်းမသေတော့မည့် အာဇာနည်များ ဖြစ်သည်။

ယနေ့ အမိမြန်မာနိုင်ငံတော်ကို အာဇာနည်လူငယ်များဖြင့် ကယ်တင်ကြပါစို့

အစဉ်ဦးညွတ်လျက်
Arzarni Blogger< /span>

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */