“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, April 21, 2008

လူငယ့်အားမာန် အသိဥာဏ်


လူငယ်တို့၏အားမာန်ဟူသည် ၎င်းတို့၏ ပြောင်းလဲနေသော ဆန်းသစ်သည့် အတွေးအခေါ် အသိဥာဏ်တို့မှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ထိုဆန်းသစ်သည့် အတွေးအခေါ်များမှ တဆင့် "တော်လှန်ရေး" အမျိုးမျိုး ပေါ်ထွက်လာခဲ့သည်။ "အဟောင်းကိုစွန့်၍ အသစ်ဆီသို့" ဆိုသော မျှော်လင့်ချက်များသည်ပင်လျှင် လူငယ် တို့၏ အားမာန်ဖြစ်သည်။ အဟောင်းကိုစွန့်ချင်သောစိတ်သည် အသစ်၏ အားသာချက်ကို သေသေချာချာ သိလာလေလေ ပို၍ ပို၍ အားကြီးလာလေပင်။ ဤတွင် အဟောင်းထဲ၌ ပိတ်မိနေသော … တစ်နည်းဆိုရလျှင် အသိဥာဏ်ဖွံ့ဖြိုးမှု ရပ်ဆိုင်းနေသော၊ အတိတ်ကာလများထဲတွင်သာ ပိတ်မိနေသော၊ ခေတ်မီဆန်းသစ်သည့် အတွေးအခေါ်များ အားနည်းလှသည့် ရှေးဟောင်း အယူဝါဒစွဲသမားများနှင့် ဆန့်ကျင်ဖက်အသွင်ကို ဆောင်လာပါသည်။ ဤသည်ကား ပြောင်းလဲမှုသီအိုရီအရ မှန်ကန်မှုဖြစ်ပါသည်။

လူဟောင်းတို့က လူသစ်တို့ကို နေရာမပေး နှိပ်ကွပ်မှုများ ဖြစ်ပေါ်လာသည်။ လက်ဆင့်မကမ်းတော့ဘဲ လက်ဝါးကြီးအုပ်လာသည်။ ပြောင်းလဲမှုကြောင့် ၎င်းတို့အုပ်စီးထားသော ဌာနများ၊ နေရာများမှ ဖယ်ရှားပေးရမည်ကို ကြောက်ရွံ့လာသည်။ ပြောင်းလဲလိုသူများကို နာမည်ဆိုးများတပ်ကာ နှိမ်နင်းမှုများ ပြုလုပ်ကြသည်။ ဤစိတ်ဓာတ်ကား ပညာမဲ့တို့၏ စိတ်ဓာတ်ပင်ဖြစ်သည်။

အသိဥာဏ်ဟူသော အရာသည် အမြဲဆိုသလို ရှင်သန်သစ်လွင်နေအောင် ပြုစုပျိုးထောင်နေရမည့်အရာသာ ဖြစ်သည်။ အသိဥာဏ်ဖွံ့ဖြိုးမှု ရပ်ဆိုင်းနေသော လူသားတို့သည် လက်ရှိဘ၀ကိုပင် အကောင်းဆုံးဟု ထင်၍ မလွတ်တမ်း ဆုပ်ကိုင်ဖက်တွယ် ထားလိုသည်။

မိမိက အသိဥာဏ်အားနည်းသည့်အတွက် ဥာဏ်ပညာအရာတွင် ထွန်းပြောင်သူများကို နေရာမပေး၊ ဖိနှိပ်သည်၊ သုတ်သင်သည်၊ ရှင်းလင်းပစ်သည်။ ဥာဏ်နည်းသော လူမိုက်များကို မွေးမြူ၍ လက်ပါးစေ၊ လက်ကိုင်တုတ်များအဖြစ်ထားကာ ပညာရှိများကို ရင်ဆိုင်စေသည်။

အသိဥာဏ်နည်းပါးရခြင်း အကြောင်းရင်းကား "အလိမ္မာစာမှာရှိ" လိမ္မာရေးခြားရှိစေသော သုတစာပေများကို လေ့လာ ဖတ်ရှုခြင်းလည်းမရှိမိမိလည်း မလေ့လာ၊ လေ့လာလိုသူများကိုလည်း လေ့လာခွင့်မရအောင် နှောင့်ယှက်ဟန့်တားမှုကို ပြုလေတော့သည်။

ယနေ့မြန်မာနိုင်ငံကို အလုံးစုံပျက်စီးခြင်းသို့ ရောက်အောင် ပို့ဆောင်နေသော မိစ္ဆာစစ်အုပ်စုသည် အရည် အချင်းပြည့်မီသူများကို ထိပ်ပိုင်းခေါင်းဆောင်နေရာသို့ ရောက်မလာအောင် နှိပ်ကွပ်ထားပြီး ဆင်ခြင်တုံတရား နည်းပါးသော ခိုင်းဖတ်များကိုသာ အဆင့်မြှင့်ပေးနေ နေရာပေးနေပေသည်။

မြန်မာပြည်အတွင်း ပညာရှိ လူလိမ္မာတို့သည် အရည်အချင်းမရှိသော လူယုတ်မာ ကလိန်ကောင်များ၏ အောက်တွင် ဆင်းရဲဒုက္ခကို ခါးစည်းခံနေကြရသည်။ မှန်ကန်သော သတင်းအချက်အလက်များကို မရရှိအောင် သတင်းများကို အမှောင်ချသည်။ ဘာသာခြားတို့တွင် အဖွဲ့အစည်းအမျိုးမျိုး ပြုလုပ်၍ စုစည်းခွင့်၊ အသိဥာဏ်စီးဆင်း ခွင့်ပြုထားသော်လည်း တိုင်းရင်းသားတို့တွင် မည်သည့်အဖွဲ့အစည်းမှ လွတ်လပ်စွာ ဖွဲ့ခွင့်မရှိ။ အသိဥာဏ်ကို အလွယ်တကူစီးဆင်းခွင့် မပေးဘဲ ထားသည်။ အသိဥာဏ်နည်းလေ အုပ်ချုပ်ရလွယ်ကူလေဖြစ်အောင် လုပ်ထားသည်။ ပညာမဲ့လေ လိမ်ချင်တိုင်း လိမ်လို့ရလေ ဖြစ်အောင် လုပ် ထားသည်။ ဆက်သွယ်ရေးခက်ခဲလေ၊ လူမှုအဆင့်အတန်းမညီမျှလေ၊ အသိဥာဏ်ရည် အဆင့်အတန်း မတူ ညီလေ အုပ်ချုပ်ရလွယ်ကူလေ ဖြစ်သည်။

စစ်မိစ္ဆာတို့သည် အမြဲသုံးလေ့ရှိသော လက်သုံးစကားကို ယနေ့အထိသုံးသည်။ ဤကား နယ်ချဲ့/မျက်နှာဖြူ/နှာခေါင်းရှည်/အင်္ဂလိပ် အမျိုးမျိုးခေါ်သည်။ မျက်နှာဖြူအင်္ဂလိပ်ကို အဆိုးမြင်အောင် များများပြောပြီး သူတို့ကိုယ်သူတို့ ကယ်တင်ရှင်ပုံစံ ပြောနေကြသော်လည်း ၎င်းစစ်ဘီလူးတို့သည် အင်္ဂလိပ်တို့၏ မွေးစားသားစစ်စစ်များ ဖြစ်သည်။ အင်္ဂလိပ်ကို မကောင်းပြောသော်လည်း ယနေ့အထိ အင်္ဂလိပ်တို့၏ မွေးစားသားစစ်စစ်များပီပီ အိမ်ကြက်ချင်းအိုးမည်းသုတ်၍ ခွပ်ခိုင်းသောအလုပ်ကို မြတ်မြတ်နိုးနိုး အမွေ ယူထားကြသည်။

လက်ပါးစေ အလိုတော်ရိ ကြံ့ဖွတ်၊ စွမ်းအားရှင်၊ မီးသတ်၊ ကြက်ခြေနီ၊ အမျိုးသမီးစွမ်းဆောင်ရှင် များကို မွေး၍ နယ်ချဲ့အင်္ဂလိပ်တို့၏ စံနစ်အတိုင်း လူမျိုးတစ်မျိုးတည်းအတွင်းတွင်ပင် သွေးခွဲ၍ အုပ်ချုပ်သည်။ လာဘ်ပေး၍ စေခိုင်းသည်။ အင်္ဂလိပ်တို့ထံမှ ကောင်းသော အမွေများဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ မြို့ပြ ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ၊ စီမံခန့်ခွဲရေး၊ ရှေးဟောင်းအမွေအနှစ်များ စံနစ်တကျ ထိန်းသိမ်းရေး စသော ကောင်း ကွက်များကို မယူဘဲ လက်ကိုင်တုတ် လက်ပါးစေ သတင်းပေးများမွေး၍ သွေးခွဲအုပ်ချုပ်သည့် စံနစ် ကိုတော့ အင်္ဂလိပ်တို့၏ မွေးစားသားအစစ်များဖြစ်သည့် လူယုတ်မာ စစ်အုပ်စုသည် ကောင်းစွာ အမွေဆက်ခံကြသည်။

အမှန်စင်စစ် မျိုးမစစ်သော နယ်ချဲ့လက်ပါးစေအမွေခံသားများကား ယနေ့ မြန်မာနိုင်ငံကို ဖျက်ဆီးနေသော ပုဆိန်ရိုးစစ်တပ် ဖြစ်သည်။ မိမိ၏ စရိုက်မှန်ပေါ်မည်စိုး၍ "သူခိုးက လူဟစ်သေးသည်။ ပြည်ပအားကို ပုဆိန်ရိုး" ဆိုပဲ။ တရုတ်အားကိုးလိုက်၊ ရုရှားအားကိုးလိုက်၊ အိန္ဒိယအားကိုးလိုက်နှင့် ၎င်းတို့စစ်တပ်တွင် များစွာသော အားကိုးစရာ ပထွေးများရှိနေခြင်းကိုက မျိုးမစစ်သော စစ်တပ်ဘ၀ကို ပြဆိုနေသည်။

ဘာကြောင့် အဖေတွေများတဲ့ စစ်တပ်၊ မျိုးမစစ် စစ်တပ် ဖြစ်သွားရတာလဲ။

အဓိကအကြောင်းရင်းကတော့ ပညာမဲ့ အသိဥာဏ် ဖွံ့ဖြိုးမှု ရပ်ဆိုင်းနေသော စစ်တပ်ဖြစ်ခြင်းကြောင့် ဖြစ် သည်။ DSA အောင်လျှင်ပင် လောက၌ သင်စရာပညာ မကျန်အောင် အကုန်လုံးတတ်သူများဟု သွေးနား ထင်ရောက်နေသည့် အသိဥာဏ်အသစ် ဖြစ်ထွန်းမှု မရှိသော စစ်ဗိုလ်တွေကြောင့် ဖြစ်သည်။ ကိုယ်ချင်း စာတရား နည်းပါးသော စစ်သားများ ဖြစ်နေခြင်းကြောင့်ဖြစ်သည်။

ယနေ့ တော်လှန်ရေးလူငယ်များကား ကမ္ဘာနှင့်အ၀ှမ်း ပြောင်းလဲတိုးတက်မှုများကို အမြဲမပြတ် လေ့လာနေကြသည်။ Right Information ကို ရှာဖွေစုဆောင်းကြသည်။ မိမိတို့ တိုင်းပြည်နှင့် ကမ္ဘာ့နိုင်ငံ များနှင့် နှိုင်းယှဉ်ချိန်ထိုးကြသည်။ အသိပညာ အတတ်ပညာမျိုးစုံကို နည်းပေါင်းစုံဖြင့် ရှာဖွေဆည်းပူးကြသည်။ အမိမြန်မာပြည်ကို တိုးတက်စေချင်ကြသည်။

(ကွာဟမှုကား ဤတွင် ပေါ်ပေါက်လာတော့သည်။)

ပညာမဲ့တို့၏ အုပ်ချုပ်မှုကို ပညာရှိတို့က မလိုလားတော့။ အသစ်ကို တောင့်တလာသည်။ အဟောင်းထဲတွင် ဆက်၍ မနေလို၊ ဗိုလ်ချုပ်အိုကြီးများ အသွင်ပြောင်းမည့် အရပ်သားအစိုးရကို လက်မခံ။ အမှန်တကယ် "သစ်လွင်သော အတွေးအခေါ်နှင့် ပညာရှိသော အစိုးရတစ်ရပ်ကို အလိုရှိနေသည်။" လူငယ်တို့၏ တော်လှန် ရေး ကား တိုင်းပြည်အုပ်ချုပ်ရေး ယန္တရားတွင် ပါဝင်လိုသော ဆန္ဒမရှိ။ လွတ်လပ်၍ တရားမျှတသော ပညာရှိ များ ဦးဆောင်သည့် အစိုးရသစ်တစ်ခုကို ဖော်ဆောင်ရန်အတွက် တိုက်ပွဲဝင်နေခြင်းသာ ဖြစ်သည်။

ထို့အတွက် ပညာရှိသော လူငယ်တို့သည် ဆန်းသစ်သော ပညာတို့ကို ရှာမှီးရင်း ပညာမှ ပေါက်ဖွားလာသော လူငယ့်အားမာန် မဆုံးသေးသော တော်လှန်ရေးကို ဆက်လက် တိုက်ပွဲဝင်ကြအုံးမည်ဖြစ်သည်။

အမိမြန်မာပြည်ကြီးကို လူငယ့်အားမာန်ဖြင့် ကယ်တင်ကြစို့

အာဇာနည်မျိုးဆက်သစ်တို့၏ ခံ့ငြားသော သမိုင်းကို တရားသောတော်လှန်ရေးဖြင့် မော်ကွန်းထိုးကြပါစို့

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */