"………… နီးရာဓားကို ကြောက်နေရတဲ့ အမတ်ကြီး ဦးပေါ်ဦးလို (ပြည်သူလူထုကြီး) အတွက်ကတော့ မှန်ပါ တယ်။ Vote No ဟာလည်း မှန်ပါတယ်။ ……………….. နီးရာဓားကို ကြောက်ရလို့ မဲရုံကို သွားပြီးတော့ မဲထည့် ရတာကတော့ ဦးပေါ်ဦးရဲ့ မစင်စွန့်ခွင့်ပေးလိုက်တဲ့ နည်းပါပဲ။ …………" (ညီညွတ်ခြင်း ဆောင်းပါး အပိုင်း (၁) ကျင်ကြီးစွန့်ချင်စွန့်၊ ကျင်ငယ်တော့မစွန့်နဲ့ ဆောင်းပါးမှ …..)
အခြေအနေနှင့် အချိန်အခါကို နားလည်ရန်မှာ အလွန်အရေးကြီးပါသည်။ ဘုရားရှင်ဟောကြားခဲ့သော လူကြီး ဖြစ်ကြောင်း တရားထဲမှ အပိုင်းအစကလေးတစ်ခုကို ထုတ်နှုတ်တင်ပြပါရစေ။
"ကာလ၀ါဒီ" ဖြစ်ရမည်။ လူကြီးဖြစ်ဖို့အတွက် အရေးကြီးသည့်အချက်ထဲတွင် ဒီအဆုံးအမပါသည်။ ဤနေ ရာတွင် လူကြီးဟူသော အနက်ကို အနည်းငယ် ဖွင့်လိုပါသည်။
ဘုရားရှင်ဟောကြားသော လူကြီးဆိုသည်မှာ အသက်အရွယ်ကြီးရုံ ကြီးသွားသော အသက်ကြီးသူ လူကြီး (Grow Old) ကို ဆိုလိုရင်းမဟုတ်ပါ။ အသက်ကြီးသွားပေမယ့် လူကြီးမဖြစ်သေးသူတွေ လောကမှာ လက်ညှိုးထိုးမလွဲ ရှိနေပါသည်။ အသက်သာကြီးသွားပြီး ရင့်ကျက်မှု ပညာဥာဏ်ကြီးမလာသူများကို ဘုရား ရှင်က (လူကြီး) ဟု မဟောကြားခဲ့ပါ။ မသတ်မှတ်ခဲ့ပါ။ ထိုလူကြီးမျိုးကို ဘုရားရှင်က (လူမိုက်ကြီး) ခေတ်စကား နှင့် ဆိုရပါလျှင် (ကြီးမိုက်) ဟု ဆိုရပါမည်။ ဘုရားဟောကြားသော လူကြီးဆိုသည်မှာ Grow Up ဖြစ်ရမည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။ ဘုရားရှင်ဟောကြားသော လူကြီးအစစ်အမှန်ဖြစ်ရန်မှာ …..
"ကာလ၀ါဒီ" ဖြစ်ရမည်တဲ့။ အဓိပ္ပာယ်ကတော့ (ကာလံဒေသံ) နားလည်ရမည်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။ ယခုကာလနှင့်အညီ အဓိပ္ပာယ်ဖွင့်ရမည်ဆိုလျှင်
- ပြောသင့်သည့်စကားကို ပြောသင့်သည့်အချိန်တွင် ပြောရမည်။
- မပြောသင့်သည့်စကားကို မပြောသင့်သည့်အချိန်တွင် မပြောရ။
- ပြောရန်ရှိသောစကားကိုလည်း ထိန်ချန်မထားရပါဘူးတဲ့။
ယခုအခါတွင် တိုင်းပြည်၏အရေး (အမျိုး၊ ဘာသာ၊ သာသနာ့အရေး) အတွက် စေတနာအမျိုးမျိုးဖြင့် ရပ်တည်၍ ပါဝင်ရင်ဆိုင် ပေးဆပ်နေသူများ၊ လူပုဂ္ဂိုလ်၊ ရဟန်းသံဃာများ၊ ကျောင်းသားကျောင်းသူ …. လူတန်း စားများစွာတို့ နေရာတိုင်းတွင် ထွက်ပေါ်လျက်ရှိသည်မှာ အားရစရာ ကောင်းလှပါသည်။
ကျနော်တို့၏ အသက်သွေးချွေးများကို ပေးဆပ်၍ တမျိုးသားလုံး၏အရေးကို တက်ကြွစွာပါဝင်နေသူများကို (အချည်းနှီး၊ အကျိုးမဲ့၊ အကျိုးမရှိ) ဆုံးရှုံးရခြင်း၊ ကျဆုံးရခြင်းကို မဖြစ်စေလိုပါ။
ဤနေရာတွင် ငယ်စဉ်က ပုံဝတ္ထုလေးတစ်ခုကို ဥပမာ ပြပါရစေ။ (သူရဲကောင်းရွေးပွဲတွင် လက်ညှိုးထိပ်ကို သံရိုက်သွင်း၍ ရွေးချယ်ရာ၌ အနည်းငယ်တွန့်သွားသူတစ်ဦးကို မရွေးချယ်တော့ဘဲ ဖယ်ထုတ်လိုက်ပါသည်။ ထို သို့ ဖယ်ထုတ်ခံရသူက သူ့ကို သတ္တိမရှိဟု ယူဆ၍ မရွေးချယ်ခြင်း ဖြစ်သည်ဟု အထင်ရောက်ကာ မိမိ၏ ၀မ်း ဗိုက်ကို မိမိကိုယ်တိုင် ဓားဖြင့်ခွဲ၍ အူများကို ထုတ်ပြကာ သတ္တိရှိကြောင်း သက်သေထူရန် ကြိုးစားခဲ့ပါသည်။ သို့ရာတွင် ၎င်းလုပ်ရပ်သည် သတ္တိရှိသူတို့၏ လုပ်ရပ်မဟုတ်။ အသိဥာဏ်နည်းသည့် မိုက်မဲသူ (လူမိုက်) တို့၏ လုပ်ရပ်သာဖြစ်သည်ဟူသော ဆုံးဖြတ်ချက်ဖြင့်သာ ထိုလူမိုက်သည် အသက်ဆုံးရှုံးခဲ့ရပါသည်။) ဤဥပမာလေးသည် အလွန်ကောင်းပါသည်။ သတ္တိဟူသည် အသိဥာဏ်နှင့်ယှဉ်၍ (သုံးသင့်သည့်အချိန်တွင်သုံး၊ မသုံးသင့်သည့်အချိန်တွင် မသုံးနှင့်၊ သုံးရန်လိုအပ်လာပြီဆိုလျှင် ချန်မထားနဲ့ အကုန်သုံး) ဆောင်ရွက်မှ သာလျှင် ထိရောက်သော အကျိုး ကျေးဇူး ကို ပေါ်ပေါက်စေမည့် သတ္တိ ဖြစ်ပါလိမ့်မည်။
- နေရာတိုင်းတွင် ကမူးရှူးထိုး ရင်ဆိုင်ပစ်မည် ဆိုတိုင်း သတ္တိရှိသူဟု မဆိုနိုင်သလို
-အခြေအနေအရ ရှောင်လွှဲရသော အသိဥာဏ်အသုံးပြုမှုအပိုင်းသည်လည်း သူရဲဘောကြောင်သည်ဟု မဆိုနိုင်ပါ။
ကျနော်တို့သည် ဖက်ဆစ်၊ ဘာသာမဲ့၊ စစ်အာဏာရှင် နအဖကို ယခင်ကလည်း မကြိုက်ပါ။ ယခုလည်း မကြိုက် ပါ။ နောင်လည်း ကြိုက်အုံးမည်မဟုတ်ပါ။ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ်ပေးသော ပြည် သူ့တပ်မတော်၊ ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းခဲ့သော မျိုးချစ်တပ်မတော်မျိုး မဖြစ်သရွေ့ ဘယ်တော့မှ လေး စားခြင်း၊ နှစ်သက်ခြင်း၊ အားကိုးခြင်းများ ရှိလိမ့်မည် မဟုတ်ပါ။
ကျနော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ စကားတစ်ခွန်းကို သတိရမိပါသည်။ မည်သည့်နေရာတွင် ပြောကြားခဲ့သည်ကို မမှတ်မိသော်လည်း အလွန်လှပ၍ အဓိပ္ပာယ်ရှိသော ဤစကားကို မေ့မရခဲ့ပါ။ စကား လုံးအားလုံး အတိအကျ မမှတ်မိ၍ အဓိပ္ပာယ်ကို ထင်ရှားစေသော စကားလုံးများဖြင့်သာ ဖော်ပြလိုက်ပါသည်။
"ဒီကနေ့ ရင်ဆိုင်နေရတဲ့ နိုင်ငံ့အရေးဟာ ကျားထိုးနေသလို၊ ကျားကစားသလို လုပ်လို့ မရဘူး။ အခု အနေအ ထားဟာ စစ်တုရင် ထိုးနေသလိုမျိုး စဉ်းစားပြီး အလုပ်လုပ်ရလိမ့်မယ်။"
(ကျားထိုးခြင်းသည် ကျားကြီးမှလွဲ၍ ကျန်သည့် အကောင်များသည် ရှေ့သို့သာ တက်၍ တိုက်စစ်ဆင်ရပါသည်။ စစ်တုရင်ထိုးရာတွင်မူ နောက်ဆုံးဖြစ်ပေါ်နေသည့် ကစားကွက်ပေါ်မူတည်၍၎င်း၊ ကိုယ့်ယှဉ်ပြိုင်ဘက်၏ အားနည်းချက်၊ အားသာချက်ပေါ် မူတည်၍ တိုက်စစ်ဆင်မလား၊ ခံစစ်ကစားမလား၊ လျှပ်တပြက်အတွက် သုံးမလား၊ ရှေ့နောက်ဝဲယာ လိုအပ်သလို ရွှေ့ပြောင်း၍ အကွက်ဆင် ကစားရပါသည်။ အတက်ကိုပဲ ဦးစားပေးပြီး တက်နေရန်သာ မဟုတ်ပါ။ မည်သည့်ကစားပွဲမဆို အစားခံရသည့်အကောင်များတော့ ရှိမည်မှာ အမှန်ပင်ဖြစ်ပါသည်။)
ဤဆန္ဒခံယူပွဲအတွက် နအဖစစ်အာဏာရှင် မိစ္ဆာဒိဋ္ဌိတွေ ကြေညာခဲ့ချိန်မှစ၍ No Vote (ဆန္ဒမဲမပေးရေး၊ သပိတ်မှောက်ရေး၊ နည်းလမ်းပေါင်းစုံဖြင့် တိုက်ဖျက်ရေး) မူကို ကျနော်တို့ကိုယ်တိုင် ကိုင်စွဲ၍ ရပ်တည်ခဲ့ပါသည်။ ယခုထိလည်း ရင်ထဲတွင် ရှိနေသော ရပ်တည်ချက်၊ ခံယူချက် သဘောထားကို မေးလျှင်လည်း ဤအတိုင်းပင် ဆက်လက် ကိုင်စွဲထားဆဲပင် ဖြစ်ပါသည်။
သို့ရာတွင် လက်ရှိ ပြည်သူလူထု၏ အခြေအနေ၊ ပြည်တွင်းတွင် ရင်ဆိုင်နေရသော အခြေအနေသည် အဓိကအကျဆုံး အခန်းကဏ္ဍက ထည့်သွင်းစဉ်းစားရမည်မှာ အမှန်ပင်ဖြစ်သည်။ ပြည်တွင်း၏ လက်ရှိအခြေအနေတွင် ပြည်သူများအဖို့ ဦးပေါ်ဦး၏ ပညာရှိထုံးကို နှလုံးမူ၍ မဲရုံသို့သွား၍ ကန့်ကွက်မဲကို ထည့်ကြခြင်းသည် ပြည်သူလူထုအတွက် အကောင်းဆုံး တော်လှန်ဆန့်ကျင်နည်းတစ်ခု ဖြစ်သည်ကို ငြင်းဆိုရန် မဖြစ်နိုင်ပါ။
ထို့အပြင် ဒီမိုကရေစီ (Democracy) နည်းအရ အများ၏ ဆန္ဒကို အခြေအနေနှင့် အချိန်အခါအရ သဘောတူ လိုက်လျောရမည်မှာ ဒီမိုကရေစီကို အမှန်တကယ် ချစ်မြတ်နိုးသူတိုင်းအတွက် လိုက်နာကျင့်သုံးရမည့် အခြေခံကျင့်ဝတ် ဖြစ်ပါသည်။
အခြေအနေနှင့်အချိန်အခါ (ကာလံ/ဒေသံ) အရ ယခုအခါတွင် ကျနော်တို့သည် ဘုရားအကြိုက် (လူကြီးပီသစွာဖြင့်)
၁။ ပြောသင့်သောစကားကို ပြောသင့်သည့်အချိန်တွင် ပြောပါမည်။
(ညီညွတ်မှုသည် အရေးကြီးဆုံးဖြစ်နေ၍ ကျနော်တို့တစ်ဦးချင်းစီ၏ ခံယူချက်တို့ကို ရှေ့တန်းမတင်ကြတော့ဘဲ၊ အတိုက်အခံမပြုကြတော့ဘဲ၊ အများဆန္ဒအတိုင်း လိုက်လျောသဘောတူနိုင်ရန်အတွက် အများနှင့်အတူ တသံတည်းထွက်ကာ ညီညွတ်ရေးလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းပါမည့်အကြောင်း အသိပေးပါသည်။)
၂။ မပြောသင့်သည့်စကားကို မပြောသင့်သည့်အချိန်တွင် မပြောတော့ပါ။
(အလွန်လုပ်နိုင်ရန် ခက်ခဲနေသည့် တိုတောင်းသောအချိန်အတွင်း ဖော်ဆောင်ရန် ခက်ခဲနေသည့် ဆန္ဒခံယူပွဲကို သပိတ်မှောက်၍ No Vote လုပ်၍ တိုက်ပွဲကို ဖော်ဆောင်ရန် ဟူသော လမ်းကြောင်းကို ကျနော်တို့သည် ကျနော်တို့၏ ဒီမိုကရေစီအင်အားစုများ ညီညွတ်ရေးအတွက် ရုပ်သိမ်းလိုက်ပါသည်။)
၃။ ပြောရန်ရှိသော စကားကို ထိန်ချန်၍ မထားပဲ ပြောပါမည်။
(ဆန္ဒခံယူပွဲသည် လမ်းဆုံးမဟုတ်ပါ။ ထို့နောက်တွင် အလွန်ထိတ်လန့်ဖွယ်ရာ အကြမ်းဖက်မှုများ ရင်ဆိုင်ရန် ရှိနေသည်မှာ သေချာပါသည်။ ၎င်းတို့သည် မနိုင်လျှင် လုပ်နေကျ အလုပ်ကို လုပ်မည်မှာ သေချာနေပါသည်။ ထို့အတွက် ဆန္ဒခံယူပွဲ မတိုင်မီ အချိန်မှာရော၊ ဆန္ဒခံယူပွဲ အတွင်းမှာရော၊ ဆန္ဒခံယူပွဲ၏ ရလဒ်ကိုရေတွက်နေစဉ်မှာရော၊ နောက်ဆုံးရလဒ် ကြေညာသည့်အချိန်တွင်ရော သတိမလစ်ကြပါနဲံ့။ တစ်ဦးကိုတစ်ဦး စောင့်ရှောက်ကြရပါမည်။ လူမိုက်လူရမ်းကားတို့၏ တိတ်တဆိတ် ချောင်းမြောင်းလုပ်ကြံမှုများမှ ပြည်သူအချင်းချင်း အကာအကွယ်ပေးကြရပါမည်။ မဲလိမ်မှုများကို အထူးသတိပြု ကာကွယ်ကြရပါမည်။ ကျန်သည့်အချက်များ လိုအပ်နေသေးသည့်အချက်များကို ဖြည့်စွက်စဉ်းစားထားကြ၍ သတိရှိကြရပါမည်။
ကျနော်တို့၏ အန္တိမပန်းတိုင်သည် စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းဖို့ပင်ဖြစ်သည်။ ဒီအတွက် ကျနော်တို့သည် ကျနော်တို့ တစ်ဦးချင်းစီ၏ ကိုယ်ကျင့်တရား၊ ကျနော်တို့တစ်ဦးချင်းစီ၏ တာဝန်ယူလိုမှု၊ စိတ်ဓာတ်များကို လေ့ကျင့်မြှင့်တင်ဖို့သည် ကျနော်တို့၏ အဓိကကျသော တာဝန်များဖြစ်သည်ဟု ယုံကြည်၍ တော်လှန်ရေးအတွက်၊ ကျနော်တို့အတွက်၊ ကျနော်တို့ရဲ့ အနာဂတ်မျိုးဆက်များအတွက် လူတိုင်းလူတိုင်း ကိုယ်နိုင်ရာတာဝန်များကို ယူကြဖို့ ထပ်မံတိုက်တွန်းနှိုးဆော်အပ်ပါသည်။)
ကိုင်း …. ဦးပေါ်ဦးထုံး နှလုံးမူလို့ မဲရုံကိုသွား ကန့်ကွက်မဲကိုထည့်ကြပါစို့။
Saturday, April 05, 2008
ကိုင်း …. ပညာရှိအမတ်ကြီး ဦးပေါ်ဦးလို လုပ်ကြစို့
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment