Written by မောင်ခိုင်လတ်
ဆိုပါတော့ . . .။
ကိစ္စတစ်ခု ကြုံလာတဲ့ အခါ အဲဒီလို ကိုယ်ငြင်းဆိုချင်တာ တကယ်ပဲလား ဆိုတာ ပ
ထမဆုံး သေချာအောင် လုပ်ပါ။ လုပ်ချင်၊ မလုပ်ချင်၊ လုပ်နိုင် မလုပ်နိုင် မသေချာ ဘူးဆိုရင် စဉ်းစားဖို့ အချိန်ဆွဲ လိုက်ပါ။ရှင် တကယ် ဟင့်အင်းလို့ ငြင်းပြီဆိုရင် ဘာကိုမှ သွယ်ဝိုက် ကွေ့ပတ်မပြောပါနဲ့။ ရှင်းရှင်းလင်းလင်း “ဟင့်အင်း” မဖြစ်နိုင်ပါဘူး။ မလုပ်နိုင်ပါဘူး။ မဟုတ်ပါဘူးလို့ ပြောပါ။
. . . . . . .
ရှင့်ဆီမှာ“ဟင့်အင်း” လို့ ငြင်းဆိုဖို့ ကိုယ်ပိုင် အခွင့်အရေး ရှိပါတယ်။ တောင်းပန်ခြင်းဟာ ရှင့်ရဲ့ ငြင်းဆိုမှုကို အားလျော့ စေရုံပဲ တတ်နိုင်တယ်။
. . . . . . .
စာရေးဆရာမ ဒွိုက်စ် ဝေါလ်တာ(Doyce Waller) ရဲ့“ဟင့်အင်းလို့ ငြင်းကြည့်ရအောင်” (Learn to say no) ဆိုသော စာတမ်း၏ ချိုမြိန် ရှတသော အရေးအသား တချို့ကို မကြာခဏ သတိရနေတတ်သည်။ အများအားဖြင့် ဝေခွဲမရအောင် ဒွိဟ ဖြစ်နေသော အချိန်တွေမှာ ဖြစ်သည်။ ပြီးတော့ စိတ်ကျရောဂါလို စိတ်ဖိစီး ခံနေရသည့် အခိုက်အတန့်တွေမှာ ဖြစ်သည်။ ဟင့်အင်းတဲ့။ ငြင်းကြည့်လိုက် စမ်းပါတဲ့။ မိန်းမသား တစ်ယောက်ကလေ။
ကျွန်တော်တို့ကား ဘ၀မှာ အကြိမ်ပေါင်း မရေတွက်နိုင်အောင် ငြင်းခဲ့ကြဖူးသူချည်းပဲ ဖြစ်ပါလိမ့်မည်။ ကျွန်တော်လည်း ငြင်းခဲ့ဖူးလှပေါ့။ မိဘတွေ အပေါ်မှာ၊ ဆရာ သမားတွေ အပေါ်မှာ၊ အပေါင်း အသင်း မိတ်ဆွေတွေ အပေါ်မှာ၊ အကြီးအကဲတွေ အပေါ်မှာ ငြင်းဆိုခဲ့ကြ၊ ဟင့်အင်းခဲ့ကြဖူးသူချည်း ဖြစ်ပါလိမ့်မည်။
သို့သော် ကျွန်တော်တို့ ငြင်းဆိုကြခြင်းမှာ အခါခပ်သိမ်း မှန်ကန်ရဲ့လား။ ငြင်းဆိုဖို့ အကြောင်းအချက် မှန်ကန်ပြီ ဆိုလျှင်လည်း ငြင်းဆိုပုံ၊ ငြင်းဆိုနည်းရော မှန်ကန်ကြ ပါရဲ့လား။ ကျွန်တော်တို့ ဘယ်လို ငြင်းဆို ခဲ့ကြပါသလဲ။
“၀မ်းနည်းပါတယ်ဗျာ” အဲသလို ပညာတတ်ဆန်ဆန်၊ သိမ်သိမ်မွေ့မွေ့ ငြင်းဆိုခဲ့ခြင်းမျိုးလား။ “မဖြစ်နိုင်လို့ပါဗျာ” ဈေးသည် တစ်ယောက်လို မပွင့်တပွင့်၊ အလျှော့အတင်း ရယူနိုင်သေးသည့် ပုံစံမျိုး ငြင်းဆိုခဲ့တာလား။ “မဟုတ်ဘူး” ဒါမျိုးလား။ ယတိပြတ် ငြင်းဆိုနည်းမျိုးကို နှစ်လိုနှစ်ခြိုက် သုံးစွဲခဲ့တာမျိုးလား။ “ဟင့်အင်း” အဲသလို သိမ်မွေ့ ပျော့ပြောင်းစွာလား။
ဘာပဲဖြစ်ဖြစ် . . .
ငြင်းဆိုပုံ၊ ငြင်းဆိုနည်း ပေါင်းမြောက်များစွာ ရှိနိုင်ပါ သည်။ လူတိုင်းကိုယ်စီမှာ ငြင်းဆိုဖို့ အကြိမ်အတော် များများ ကြုံဆုံ ခဲ့ရပေလိမ့်မည်။ ထိုအခါ တစ်ဖက်က မိမိသဘောထားကို သိရှိရန် ရည်ရွယ်ပြီး တုံ့ပြန် ပြောဆိုခြင်း ဟူသော မူလဦးတည် ချက်ကို ထမြောက်အောင် မြင်စေဖို့သာ အရေးကြီးပါ သည်။ ရိုင်းပျဖို့လည်း မလို အပ်လှပါ။ ငါ . . .သံတွေ တညံညံနှင့် ရိုဟေးညာသံ ချီဖို့လည်း မကြိုးစားသင့်ပါ။ ပြေပြေပြစ်ပြစ်ဖြစ်နိုင်လေ ကောင်းလေပင်ဟု သဘောထားနိုင်ရပါမည်။ တစ်ဖက်လူကို အလေးထားကြောင်း အသိအမှတ်ပြုသည့် အနေနှင့် ဦးခေါင်းကို မညွတ် လျှင်တောင်မှ ငဲ့စောင်းကာ မျက်နှာကြည်လင်စွာ “ဟင့်အင်း” လို့ ချောချောပြေပြေ ပြောထွက်နိုင်ဖို့ ကျွန်တော်တို့ လေ့ကျင့် ယူသင့်ပါသည်။
သို့သော် ထိုဟင့်အင်းနောက်မှာ ကပ်လျက် ပါလာနိုင်သည့် မမြင်ရသည့် ကံကြမ္မာဆိုးတွေကိုလည်း ကျွန်တော်တို့ ကြိုတင် မျှော်လင့်ထားသင့်သည်။ ဤတစ်ခွန်းတည်းသော စကားကြောင့် လက်လွှတ်ဆုံးရှုံး သွားနိုင်သည့် အခွင့်အလမ်းများ၊ အဆင်ပြေမှု များ၊ ခင်မင်နှစ်လိုမှုများ၊ ဥစ္စာဓနများ၊ ဘ၀င်ရွှေ ရောင်ဝင်းပသည့် နေ့ရက်များ၊ ရောင်စုံစက္ကူများ၊ နောက်ဆုံးပေါ် အသုံးအဆောင်များ စသည်စသည်များ။
ကမ္ဘာ တုန်ဟည်းခဲ့သော ဟင့်အင်း အချို့လည်း ရှိခဲ့ပါသည်။ အေသင် အာဏာပိုင်တွေ အပေါ် ဟင့်အင်းဟု ငြင်းဆိုခဲ့သော တွေးခေါ်ရှင်တစ်ဦးမှာ ဆော့ခရတ္တိဖြစ်လေသည်။ ထို တစ်ခွန်းတည်းသော စကားကြောင့် သူလဲလှယ် ရရှိလိုက်သော ဆုလာဒ်မှာ အဆိပ်ရည် ခွက်တစ်လုံးသာ ဖြစ်သည်။ သို့သော် သူ၏ သမိုင်းကား တင့်တယ်ခဲ့လေသည်။ အေသင် အာဏာပိုင်တွေကို လူတွေ မေ့လျောခဲ့သော်လည်း သူ၏ အမည်ကိုကား လူတွေ မမေ့လျော့နိုင်။ သမိုင်းကလည်း ရှက်ရွံ့ စိုးထိတ်စွာ သူ့ အမည်ကို မကြာခဏ ပြန်ပြန် ရွတ်ဆို နေရတော့သည်။ ဆော့ခရတ္တိ၏ “ဟင့်အင်း”သည် အလွန် တန်ဖိုးကြီးမြင့် လှသော “ဟင့်အင်း” ဖြစ်လေသည်။
ဟင့်အင်းဟူသော ငြင်းဆိုချက်ကို ကိုယ်အမူအရာ၊ နှုတ် အမူအရာ၊ အသံမြည်သံစွဲ အလင်္ကာတို့ဖြင့် အမြင့်ဆုံး ပေါင်းစပ် ပေါက်ကွဲလိုက်ခြင်း သင်္ကေတမှာ “ထွီ” ဟူသည့် တစ်လုံးတည်းသော အသံ ဖြစ်လာတော့သည်။ ထိုအသံ၌ ငြင်းဆန်ခြင်း၊ ကန့်ကွက်ခြင်း သဘောလည်းပါသည်။ ဘယ်လိုမှ မလိုက်လျောနိုင်သည့် အနိမ့်ဆုံးယတိပြတ် ပြဋ္ဌာန်းမှုလည်း ပါသည်။ ရွံ့ရှာ စက်ဆုပ်ခြင်း အနက်လည်း ပါသည်။ သည်းသည်းထန်ထန် ဆန့်ကျင်ခြင်း၊ အော့နှလုံး နာခြင်း၊ ဂယက်အနက်လည်းပါသည်။ ကမ္ဘာ ခြားသွားသော အတွေးအမြင်၊ အယူအဆတို့ကို ထုတ်ဖော်ကြေညာခြင်း အမူအရာလည်းပါသည်။
ဝီလျှံ ရှိတ်စပီးယား၏ ကမ္ဘာကျော် လီယာမင်းကြီး ပြဇာတ်၌လည်း လီယာမင်းကြီးသည် အကြိမ်ကြိမ် အခါခါ ငြင်းဆို ခဲ့လေသည်။ သူ၏ ငြင်းဆိုချက်မှာ ဟင့်အင်းဟူသော စကားလုံးထက် အရာ အထောင်မက ပြင်းထန် နက်ရှိုင်းလှလေသည်။
လီယာမင်းကြီးက
“အဲ ဟိုမှာ ငရဲရှိတယ်။ အမှောင်တိုက် ရှိတယ်။ ကန့်နံ့စော်၊ တညှော်ညှော်နဲ့ ငရဲမီးတွင်း ရှိတယ်။ တောက်လို့၊ လောင်လို့၊၊ နံညှော်လို့၊၊ပျက်ပြုန်းလို့။ အမယ်လေး ထွီ”
. . . . . .
လီယာမင်းကြီးသည် ဟင့်အင်းအစား ထွီဟူ၍ နေရာ အချို့မှာ သုံးစွဲခဲ့လေသည်။
မြန်မာ့ သမိုင်းမှာရော မြန်မာ လူမျိုးတိုင်း သိကြသည့် (ကြားဖူး နားဝပဲဖြစ်ဖြစ်)တစ်စီးရှင် သီဟသူနှင့် သူ၏သားတော်များ ဆက်ဆံရေးတွင် ဤသဘောကို တွေ့နိုင်ကြပါသည်။ တစ်စီးရှင် သီဟသူသည် သားတော် အငယ်ဆုံး အသင်္ခယာ စောယွမ်းကို စားကျေးစား လက်ဆင်၊ မြင်း အလုံးအရင်း ပေးပြီး လုပ်ရည်ကြံရည်ကို စုံစမ်း လိုသဖြင့် သားကြီး ဥဇနာ ကိုစောယွမ်းထံ စေလွှတ်ခဲ့သည်။ ဥဇနာ မရောက်ခင် စောယွမ်းထံ ဥဇာနာ လာတိုက်မည့် အကြောင်း ကြိုတင် သတင်းပို့လွှတ်လိုက်သည်။ စောယွမ်း ဆီးကြို တိုက်ခိုက် သဖြင့် ဥဇနာ တပ်ပျက်ပြီး ပြန်ဆုတ် လာရလေသည်။ ထိုအခါ တစ်စီးရှင်က ထွီ . . .ဟူ၍ ကဲ့ရဲ့တော်မူ၏။
ထို့နောက် သားလတ် ကျော်စွာကို စောယွမ်းထံ စေလွှတ်လိုက်ပြန်သည်။ အထောက်တော် ကြိုတင် စေလွှတ်လိုက် သဖြင့် စောယွမ်းလည်း ဆီးကြို တိုက်သဖြင့် တပ်ပျက်ရပြန်သည်။ ထိုအကြောင်းကို ခမည်းတော်ကို လျှောက်တင်သောအခါ မင်းကြီး က ထွီဟူ၍ ကဲ့ရဲ့တော်မူပြန်သည်။
သို့သော် ထိုထွီကား သိပ်ပြီး ကျယ်ကျယ်လောင်လောင်၊ ပြင်းပြင်းထန်ထန်တော့ မဟုတ်ချေ။ သားအငယ်ဆုံး စောယွမ်း အပေါ် နှလုံး ချတော်မူခြင်း တစ်ဝက်၊ သားတော် အကြီးတို့ကို သင်ခန်းစာ ပေးလိုခြင်းက တစ်ဝက်ဖြင့် ကြည်နူးရိပ် ငွေ့ငွေ့သမ်းသော လိုဏ်ခေါင်းသံ မပါသည့် ထွီသံများဟု ယူချင်ပါသည်။
ပုဂံသမိုင်း၌ ပင်လျှင် များစွာသော ဟင့်အင်းတို့ကို တွေ့နိုင်လေသည်။ မင်းယဉ်နရသိင်္ခသည် ခယ်မတော် ဝေဠုဝတီကို အရူးအမူး စွဲလမ်း၍ ညီတော်နရပတိစည်သူကို စစ်ပွဲ မရှိသော စစ်မြေပြင်သို့ စေလွှတ်ပြီး ဝေဠုဝတီကို သိမ်းပိုက်လေသည်။ ထိုအကြောင်းကို သိသော နရပတိစည်သူက ကျွန်ယုံတော် အောင်စွာငယ်ကို စေလွှတ်ပြီး လုပ်ကြံခိုင်းလေသည်။
“နင် ငါ့အမူတော်ကို အသက် စွန့်၍ထမ်း၊ အပြီးသို့ ရောက်လျှင် ငါ့မရီးတော် သုံးပါးတွင် နင်စိတ်ရှိသသူနှင့် ငါသူကောင်းပြုမည်”
စသဖြင့် အမှာစကားပါး လိုက်လေ၏။ အောင်စွာငယ်လည်း မင်းယဉ်နရသိင်္ခကို ရေအိမ်တော် အ၀င်ဝတွင် အောင်မြင်စွာ လုပ်ကြံလိုက်ပြီး နရပတိစည်သူထံ ပြန်လာသည်။ အမှုတော် ပြီးဆုံးခဲ့ကြောင်း လျှောက်တင်သည်။ မရီးတော် မိဖုရား သုံးပါးမှာ အောင်စွာငယ်ကို ပေးအပ်မည် သိသောအခါ နရပတိ စည်သူကို ခခယမ်းယမ်း တောင်းပန်ကြလေသည်။
ထိုအခါ နရပတိစည် သူက သနား စိတ်ဝင်ကာ . . .
“အောင်စွာငယ် နင့်ကို ငါဆို မိပေသည် မှန်၏။ ငါ့မရီးတော် တစ်ပါးပါးကို ပေးပချေသော် ငါဘေးတော် ဘိုးတော်တို့ကို ပြစ်မှားသကဲ့သို့ ရှိအံ့သည်။ နင့်ကို အမျိုးမြတ်သော သူကောင်း သမီး တစ်ပါးပါးနှင့် ငါသူကောင်းပြုမည် . . . ဟု မိန့်တော်မူချေသော် အောင်စွာငယ်က ထွီဟူ၍ မင်းကြီးကို တုံ့ပြန်လိုက်၏။ နရပ တိစည်သူမင်းကြီးလည်း ငါကဲ့သို့သော မင်းကို ၀ံ့ရဲပေသည်ဟု အောင်စွာငယ်ကို ကွပ်လေ၏။ ဤကား မြန်မာ့သမိုင်း အစောင်စောင်၏ ရေးထိုးချက် ကမ္ဗည်းဖြစ်သည်။
အောင်စွာငယ်၏ ထွီသံကို စိစိစစ်စစ် သရုပ်ခွဲကြည့်လျှင် မိဖုရားသုံးပါး အပေါ် တိမ်းမူး တမ်းမက်သည့် ရမ္မက်ကြောင့်တော့ မဟုတ်နိုင်ပေ။ ထို့အတူ ငါ့အရှင်သခင်က ငါ အသက်စွန့်၍ ထီးနန်းရယူပေးခဲ့ ရသော အကျိုးကျေးဇူးကို မိန်းမ တစ်ယောက်မျှ စွန့်ကြဲ ပေးကမ်းရန်တွန့် တိုရသလောဟူသည့် အမျက်ကြောင့်လည်း မဟုတ်နိုင်ပြန်။ ရမ္မက်နှင့် အမျက်ကြောင့်တော့ ထိုထွီသံက သည်မျှ ကျယ်လောင် လိမ့်မည်ဟု ထင်မှတ်ရမှာ အလွန်မှ ခဲယဉ်း လှပါသည်။ အသက်နှင့် လဲလှယ်ခဲ့ ရသော လက်တစ်ဖျစ်စာမျှတို တောင်းလှသော အချိန်ပိုင်း အတွင်း တုံ့ပြန်မှုကို အဘယ်သို့သော အရာက စေ့ဆော်တိုက်တွန်း ခဲ့ပါသနည်း။ မင်းတို့ အမျက်ကို အောင်စွာငယ် မသိရာသလော။
အောင်စွာငယ်သည် မင်းမှုထမ်းကောင်း တစ်ဦးဖြစ်သည်။ ဦးဆွေးဆံမြည့် ဟူသော ဝေါဟာရနှင့်ပင် ထိုက်တန်သည့် အမှုထမ်း တစ်ဦး။ ပြီးတော့ မင်းတို့၏ ကန့်သတ်မဲ့ အမျက်ဒေါသကို လည်းကောင်း၊ အာဏာကို လည်းကောင်း နက်နက်ရှိုင်းရှိုင်း သိပြီး သူဖြစ်သည်။ မိမိ၏ မိဖုရားကို အစ်ကိုတော်က သိမ်းပိုက်လိုက်ကြောင်း လျှောက်တင်ရန် ခရီး ပြင်းနှင်လာခဲ့သော မြင်းခံငပြည့်ကို နှောင့်နှေးရကောင်းလားဟု ဆီးကြို ကွပ်မျက်လိုက်ပုံ၊ အစ်ကိုတော် အရင်းခေါက်ခေါက် မင်းယဉ်နရသိင်္ခကို လုပ်ကြံ သတ်ဖြတ် ခိုင်းပုံတို့ကို အောင်စွာငယ် မေ့လျော့ နေမည်တော့ မဟုတ်။
သို့သော် မိမိ တစ်ကိုယ်လုံးရှိ နှလုံးသွေးများ ရုတ်တရက် ဆူဝှန်တက် လာသော အရှက်နှင့် အော့နှလုံး နာခြင်းတို့ မီးတောက်နေသော လက်ရုံးပိုင်ရှင် ဧကရာဇ်ကို အံတု ဖက်ပြိုင်ရန် ၀န်မလေးတော့ခြင်းဟု ဆင်ခြင်မိပါသည်။ ကတိသစ္စာ ပျက်ယွင်းလာသော မိမိ၏ အရှင်သခင် အပေါ် အရှင်သခင် အဖြစ် ဆက်ဆံခဲ့မိလေခြင်း၊ မိမိ အသက်ကိုပင် စွန့်လွှတ် စွန့်စားပြုခဲ့မိလေခြင်း ဟူသော နောင်တတွေလည်း ပါဝင်ကောင်း ပါဝင်နိုင်ပါသည်။
ကမ္ဘာ့ သမိုင်းနှင့် မြန်မာ့ သမိုင်းတို့တွင် ထိုသို့ ဟင့်အင်းဟူ၍ ရဲဝံ့ရဲစား ပြောကြားခဲ့ သူတွေ မည်မျှ များပြားခဲ့ပါပြီလဲ။ မိမိသဘော မတူနိုင်သည့်ကိစ္စ၊ မိမိ မလိုက်နာနိုင်သော ဖြစ်ရပ်၊ မိမိမဆောင်ရွက် နိုင်သော အနေအထားကို ဟင့်အင်းဟူ၍ ပီပီသသ ပြောကြား လိုက်ရုံနှင့် လုံလောက်ပြီ ထင်ပါသည်။ ခေဠ ၀ါစာဖြစ်မည့် အပြင်းထန်ဆုံး ရေချိန်နှင့် ပေါက်ပေါက်ကွဲကွဲ သုံးစွဲရန် လိုအပ် ပါသေးသလော။
မည်သို့ ဖြစ်စေ . . .
မြန်မာ့ သမိုင်းမှ အောင်စွာငယ်၏ ဟင့်အင်းကတော့ ပဲ့တင်သံတွေနှင့် အလွန်ကျယ်လောင် ရှည်လျားလွန်းလှသည်။ ပြီးတော့ သူ့အသက်နှင့် ထပ်တူပြုရလောက်အောင် ထိုက်တန်လှပါသည်။ ထိုကစားပွဲ၌ အမှန်တကယ် အနိုင်ရရှိသွားသူမှာ နရပတိ စည်သူ မဟုတ်ပေ။
မောင်ခိုင်လတ်
ပေဖူးလွှာမဂ္ဂဇင်းမှ
http://www.paephuhlwarmagazine.asia/index.php?option=com_content&view=article&id=258%3A2010-01-08-03-06-16&catid=59%3A2009-11-12-07-16-50&Itemid=116
Tuesday, January 12, 2010
ဟင့်အင်း
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment