“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, April 09, 2008

မြန်မာအမျိုးသမီးထု၏ ကိုယ်စား မြန်မာအမျိုးသမီး ၂ ဦးကို လူ့အခွင့်အရေးဆုချီးမြှင့်ခံရခြင်း။

2008 Vital Voices Global Leadership Awards အား မြန်မာအမျိုးသမီးထု၏ ကိုယ်စား မြန်မာအမျိုးသမီး ၂ ဦးကို လူ့အခွင့်အရေးဆုချီးမြှင့်ခံရခြင်း။


07 April 2008

ခင်ဥမ္မာ

နန်းချမ်တောင်း
၁၉၉၅ ခုနှစ် ကုလသမဂ္ဂက ကြီးမှူးကျင်းပခဲ့တဲ့ ဘေဂျင်း နိုင်ငံ တကာ အမျိုးသမီး များ စတုတ္ထမြောက် ညီလာခံ ကနေ ပေါက်ဖွားလာတဲ့ Vital Voices ဆိုတဲ့ အစွမ်းထက်တဲ့အသံများ အဖွဲ့အစည်းဟာ ကမ္ဘာတ၀ှန်းက လူ့အ ခွင့်အရေး၊ နိုင်ငံရေးနဲ့ စီးပွားရေးအခွင့် အလမ်းတွေ တိုးတက်စေဖို့ အတွက် လူ့အဖွဲ့အစည်း အသီးသီးမှာ စွမ်းစွမ်းတမံ ကြိုးပမ်း နေကြတဲ့ အမျိုး သမီး များကိုရွေးချယ်ပြီးနှစ်စဉ် ဆုချီးမြှင့်ခဲ့ပါတယ်။

2008 Vital Voices Global Leadership Awards ဆုရှင်တွေ အနက် ဒီမိုကရေစီရေး လှုပ်ရှားသူ မြန်မာ အမျိုးသမီးထုများမှ ဆုရရှိခဲ့ပါတယ်။ ဆုချီးမြှင့်ခဲ့သူကတော့ မြန်မာ့ ဒီမိုကရေစီရေးမှာ စိတ်ပါဝင်စားမှု ကြီးမားလှတဲ့ အမေရိကန်သမ္မတကတော် လော်ရာ ဘုရှ် ဖြစ်ပါတယ်။

အမေရိကန်သမ္မတကတော် လော်ရာဘုရှ် (Laura Bush) နဲ့ အမေရိကန်သမ္မတ ကိုယ်စားလှယ်လောင်းအဖြစ် အရွေးခံဖို့ ကြိုးပမ်းနေတဲ့ နယူး ယောက်ခ် လွှတ်တော်အမတ် ဟီလာရီကလင်တန်(Hillary Rodham Clinton) တို့ဟာ Vital Voices လို့ခေါ်တဲ့ အဖွဲ့ကြီးကပေးတဲ့ ဆုပေးပွဲအခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။

“မြန်မာပြည်သူလူထုရဲ့ အဖိနှိပ်ခံရမှုအကြောင်း ကမ္ဘာကသိအောင် ထုတ်ဖော်ပြောကြားရာမှာ သန္နိဋ္ဌာန် ခိုင်မာမှုနဲ့ ဒီမိုကရေစီကိုကာကွယ် စောင့်ရှောက်ရာမှာ သတ္တိရှိရှိ စွမ်းဆောင်ခဲ့ကြတဲ့ အရေးကြီးလှတဲ့ အသံတွေ ကို ထုတ်ဖော်ပြောကြားခဲ့ကြလို့ Vital Voices အဖွဲ့ကြီး အနေ နဲ့ ချမ်တောင်းနဲ့ မြန်မာနိုင်ငံက အမျိုးသမီးတွေကို ဆုချီးမြှင့်တာ ဖြစ်ပါတယ်” လို့ သမ္မတကတော် လော်ရာဘုရှ်က ပြောကြားခဲ့ပါတယ်။

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် စွမ်းဆောင်ခဲ့ကြတဲ့ မြန်မာအမျိုးသမီးတွေအနက် အထင်ကရ အကျဆုံး ကတော့ ၁၂ နှစ်ကျော်ကြာ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပြီး တခြား မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေဖြစ်ကြတဲ့ အမျိုးသမီးတွေ လည်း ပါဝင်ပြီး ဂုဏ်ပြု တာဖြစ်ကြောင်း တယ်လို့ လော်ရာဘုရှ် က ပြောကြားသွားပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ မျှော်မှန်းချက်ကို ခံယူတဲ့ တခြား အမျိုးသမီးတွေ လည်း ရှိနေကြပါတယ်။ စက်တင်ဘာလ ရွှေဝါရောင် တော်လှန် ရေးမှာ ပါဝင်ခဲ့လို့ အကျဉ်းကျ ခံနေရတဲ့ အဓမ္မ လုပ်အားပေးခိုင်းစေမှုပပျောက်ရေး လှုပ်ရှားသူ မစုစုနွေး၊ မြန်မာ စစ် အာဏာပိုင်တွေရဲ့ ဖမ်းဆီးခံရမှာစိုးလို့ လသားအရွယ် သမီးငယ်နဲ့ မလွှဲမရှောင်သာ ခွဲခွာနေရတဲ့ မနီလာသိန်း၊ ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောကြား ခဲ့ကြလို့ အကျဉ်းကျခံနေရတယ်၊ ဒါမှမဟုတ် ပျောက်ဆုံး နေဆဲရှိတဲ့ သတ္တိရှိလှတဲ့ မြန်မာအမျိုးသမီးပေါင်း တစ်ရာကျော်တို့နဲ့ အတူ ကျမတို့အားလုံး ကိုယ်စားပြုရပ်တည်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဒီနှစ်ဆုရှင်တွေထဲ မြန်မာနိုင်ငံက ဒီမိုကရေစီရေးလှုပ်ရှားသူ အမျိုးသမီးတွေ ရဲ့အထဲမှာ အဓိက သူ နှစ်ဦးကတော့ ရှမ်းတိုင်းရင်းသူ နန်းချမ်တောင်းနဲ့ ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် ဒီမိုကရေစီနဲ့ ဖွံ့ဖြိုး တိုးတက်ရေးအင်အားစု (NDD) ဥက္ကဋ္ဌအပြင် မြန်မာ့ အမျိုးသမီးများသမဂ္ဂ (BWU) ရဲ့ ဒုတိယ ဥက္ကဋ္ဌဖြစ်သူ ရှစ်လေးလုံးကျောင်းသူဟောင်း မခင်ဥမ္မာပဲဖြစ်ပါတယ်။ မခင်ဥမ္မာကတော့ ဒီ ဆုပေးပွဲအခမ်းအနားကို မတက်ရောက်နိုင်ခဲ့ပါဘူး။

ရှမ်းတိုင်းရင်းသူလေး နန်းချမ်တောင်းအနေနဲ့ SWAN ခေါ် ရှမ်းအမျိုးသမီးများ အဖွဲ့ကို ပူးတွဲ မတည်ခဲ့သူဖြစ် တဲ့ အပြင် သက္ကရာဇ် ၂၀၀၁ ခု License to Rape ဆိုတဲ့ ရှမ်းအမျိုးသမီးတွေအပေါ် မြန်မာစစ်တပ်ရဲ့ အဓမ္မ ပြုကျင့်မှုအကြောင်း မှတ်တမ်းတင် အစီရင်ခံစာ ကိုလည်း ပူးတွဲပြုစုခဲ့သူဖြစ်ပါတယ်။ Reebok လူ့အ ခွင့်အရေး ဆုရှင် နဲ့ မာရီကလဲနက် တိုင်းမဂ္ဂဇင်းရဲ့ ဂုဏ်ပြုမှုကိုလည်း ရရှိခဲ့ပါတယ်။

ရှမ်းတိုင်းရင်းသူလေး နန်းချမ်တောင်းကတော့ Vital Voices ရဲ့ဆုနဲ့ပတ်သက်လို့ အခုလို ပြောသွားပါတယ်။
“ကျမတို့ မြန်မာအမျိုးသမီးတွေအတွက် ဒီဆုဟာ သိပ်ကိုအရေးပါလှပါတယ်။ ကြေညာချက်တိုင်း၊ လုပ်ရပ်တိုင်း၊ ဆုတိုင်းဟာ မြန်မာနိုင်ငံလွတ်လပ်ရေးနဲ့ ဒီမိုကရေစီရေး အနာဂတ်အတွက် ကျမတို့ရဲ့ မျှော်မှန်းချက်တွေနဲ့အတူ ကမ္ဘာကြီးက သွေးစည်းခိုင်မာမှု ရှိနေတယ်ဆိုတာကို ပြသရာရောက်နေပါတယ်။”

တခြားဆုရှင်တွေကတော့ ပါကစ္စတန်မှာ သက္ကရာဇ် ၂၀၀၁ ခုက မွတ်ဆလင်အစွန်း ရောက်တွေ ပြန်ပေး ဆွဲသွားခဲ့ပြီး သတ်ပစ်ခြင်း ခံခဲ့ရတဲ့ Wall Street ဂျာနယ် သတင်းထောက် ဒန်နီရယ်ပါးလ် (Daniel Pearl) ရဲ့ဇနီး မာရီရန်ပါးလ် (Mariane Pearl)၊ အာရပ် စော်ဘွားများနိုင်ငံ (ယူအေအီး) မှ ရှိက်ခါ လုဘ်နာ အယ်လ်- ကာဆီမီ (Sheikha Lubna al-Qasimi)၊ အာဂျင်တီးနားနိုင်ငံ မှ လော်ရာ အလွန်ဆို (Laura Alonso) နဲ့ ကင်ညာနိုင်ငံက ကာကင်ယာ အန်န်တိုင်ယာ (Kakenya Ntaiya) တို့ပဲဖြစ်ပါတယ်။
ကိုးကားချက် http://www.vitalvoices.org/desktopdefault.aspx?page_id=419
http://www.voanews.com/burmese/2008-04-08-vital-voices-award.cfm

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */